သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

နှစ် ၇၀ ပြည့် မြန်မာ လွတ်လပ်ရေးရည်မှန်းချက် မပြည့်ဝသေး


မှတ်တမ်းဓာတ်ပုံ - ၆၈ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား (၂၀၁၆)

မနက်ဖြန် ဇန်နဝါရီလ ၄ ရက်ဆိုရင် မြန်မာနိုင်ငံမှာ လွတ်လပ်ရေးရခဲ့တာ နှစ် ၇၀ ပြည့်မြောက်ပြီဖြစ်ပါတယ်။ဒါပေမဲ့လည်း အဲဒီအချိန်က အနာဂတ်နိုင်ငံ တည်ဆောက်ရေး အတွက် လွတ်လပ်ရေး ဗိသုကာတွေ ချမှတ်ခဲ့တဲ့ ရည်မှန်းချက်တွေ အကောင်အထည်မပေါ်သေးဘူးလို့ သူတို့ရဲ့ ဒုတိယ မျိုးဆက်တွေက ပြောကြားလိုက်ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးတင်ပြမှာပါ။

၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄) ရက်နေ့မှာ ဗြိတိသျှ ကိုလိုနီလက်အောက်ကနေ မြန်မာနိုင်ငံ လွတ်လပ်ရေးရခဲ့တာပါ။ အဲဒီအချိန်ကထုတ်ပြန်ခဲ့တဲ့ လွတ်လပ်ရေး ကြေညာစာတမ်းမှာ ‘တိုင်းရင်းသားအားလုံး သွေးစည်းညီညွတ်စွာနဲ့ တန်းတူအခွင့်အရေးတူညီတဲ့ သမ္မတနိုင်ငံတော်ကို ထူထောင်လိုက်သည်’ဆိုတဲ့ အချက်ပါဝင်သလို လွတ်လပ်ရေးနေ့ သစ္စာဓိဋ္ဌာန် (၉) ချက်ထဲမှာလည်း လွတ်လပ်ရေးခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း ချမှတ်တဲ့လမ်းစဉ်အတိုင်း တသွေးမတိမ်း ချီတက်မည်ဆိုတဲ့ အချက်ကို ဖေါ်ပြထားတာပါ။

ဗိုလ်ချုပ်အောင်ဆန်းနဲ့ တိုင်းရင်းသားခေါင်းဆောင်တွေ ဟာ အနာဂတ် နိုင်ငံတည်ဆောက်ဖို့ လွတ်လပ်ရေးမရခင် ဆွေးနွေးညှိုနှိုင်းခဲ့ကြပြီး တိုင်းပြည်အတွက် သူတို့ မျှော်မှန်းချက်ဖြစ်တဲ့ တန်းတူရေးနဲ့ ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စု အချက်တွေပါဝင်တဲ့ ပင်လုံစာချုပ်ကို သဘောတူ ချုပ်ဆိုခဲ့ပါတယ်။ဒါပေမယ့်လည်း အခု နှစ်ပေါင်း ၇၀ တိုင်သည်အထိ ဒီရည်မှန်းချက်တွေ အကောင်အထည်ပေါ်မလာသေးဘူးလို့ ရှမ်းခေါင်းဆောင်တဦးအနေနဲ့ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့သူလည်းဖြစ်၊ လွပ်လပ်ရေးရပြီး ပထမဆုံး မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်လာသူ စစ်ရွှေသိုက်ရဲ့ သား ဟန်ညောင်ရွှေက ဗွီအိုအေကို ပြောပါတယ်။

"အခုအနေနဲ့ ကြည့်မယ်ဆိုရင်တော့ နှစ်ပေါင်း ၇၀ ပြည့်ပြီ ဆိုပေမယ့် အဲဒီ ဖက်ဒရယ် နိုင်ငံက မဖြစ်လာသေးဘူးလို့ ပြောလို့ ရပါတယ်။ အခု အချိန်မှာဆိုရင် အဲဒီ နှစ်ပေါင်း ၇၀ ကျော် ပြောထားတဲ့ စကားကို ပြန်ကောက်ပြောနေတဲ့ အချိန် ဖြစ်တယ်လို့ ပြောလို့ ရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က ဒီ ၂၁ ရာစု ပင်လုံမှာ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ဖို့ သူက ပြောလာပြန်ပါတယ်။ ဒါပေမယ့် ပြီးသွားတဲ့ ၂၁ ရာစု ပင်လုံ ထဲမှာ ဖက်ဒရယ် အကြောင်း လုံးဝ မဆွေးနွေးခဲ့ပါဘူး။ ဆိုတော့ ဒီနေရာမှာ ဘယ်လိုကြည့်ကြည့် ရည်မှန်းထားတဲ့ အတိုင်း မဖြစ်လာသေးဘူးလို့ ပြောလို့ ရပါတယ်။ "

ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့တဲ့ အာဇာနည် ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရသလို လွတ်လပ်ရေးရပြီး မကြာခင်မှာပဲ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်တဲ့ မြန်မာနိုင်ငံမှာ တန်းတူအခွင့်အရေးအတွက် ပြည်တွင်းစစ်ကြီး စတင်ဖြစ်ပွားခဲ့တာဟာ အခု လွတ်လပ်ရေး သက်တမ်းနီးပါးရှိခဲ့ပါပြီ။ ဒါကြောင့် လွတ်လပ်ရေးခေါင်းဆောင်တွေရဲ့ မျှော်မှန်းချက်တွေ ပြည့်ဖို့ဆိုရင် ပြည်တွင်းစစ် ငြိမ်းဖို့လိုနေသလို ဒီမိုကရေစီပန်းတိုင်ကို လည်း တပြိုင်နက်တည်း လျှောက်လှမ်းဖို့ လိုအပ်နေကြောင်း အာဇာနည်ခေါင်းဆောင် ဦးဘ၀င်းရဲ့ သား၊ ဗိုလ်ချုပ်အောင်ဆန်း တူ ဖြစ်သူ ဒေါက်တာစိန်ဝင်းက သုံးသပ်ပါတယ်။

" ဒီပြည်တွင်းစစ်က ဒီကနေ့ ရပ်မလားဆိုတဲ့ မေးခွန်းက အင်မတန်မှကို အရေးကြီးပါတယ်။ ပြည်တွင်းစစ် မရပ်ရင်တော့ သိပ်မလွယ်ဘူးဗျ။ ဒါပေမယ့် တချိန်တည်းမှာဘဲ ရှေ့ကို ဆက်လှမ်းရလိမ့်မယ်။ ဒီမိုကရေစီလမ်းကိုဘဲ လှမ်းရမှာဘဲ။ ဒီပြင် လမ်းတွေ မရှိဘူး။ ဗိုလ်ချုပ်အောင်ဆန်းက ဒီမိုကရေစီ စနစ်ကို လိုလားတာ။ ဒါက ရှင်းတယ်။ အဲဒါလည်း ပြောင်းပလား ဆိုလည်း ဒီမိုကရေစီ ပန်းတိုင် မရောက်သေးပါဘူး။ ဒါ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကြည့်ရင် ကျနော်တို့ သိတယ်။ ဒီတိုင်းဘဲ တိုင်းပြည် အခြေအနေ ကြည့်ရင်လည်း သိတယ်။ အဲတော့ အဲဒီကို သွားမယ် ဆိုတဲ့ဟာနဲ့ တဆင့် တဆင့် သွားဖို့ဘဲ လိုပါတယ်။ "

အခု ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာပဲ လက်ရှိ စစ်ဖက်နဲ့ အရပ်ဖက်ခေါင်းဆောင်တွေက ၂၁ ရာစု ပင်လုံတည်ဆောက်ဖို့ ကြိုးပမ်းနေကြတာပါ။ ဒါပေမယ့် ဗိုလ်ချုပ်အောင်ဆန်းအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်တွေသဘောတူခဲ့တဲ့ ပင်လုံစာချုပ်ပါဖယ်ဒရယ်ပြည်ထောင်စုဆိုတဲ့ အချက်ကို အခု ၂၁ ရာစုပင်လုံမှာ ထည့်သွင်းဆွေးနွေးခြင်းမပြုတာဟာ အဓိက အခက်အခဲ စိန်ခေါ်မှုဖြစ်နေကြောင်း ဟန်ညောင်ရွှေက ပြောပါတယ်။

" တပ်မတော်ဘက်က ဒီ ခွဲထွက်ရေး ကိစ္စနဲ့ အကန့်အသတ် လုပ်လို့ မဆွေးနွေးခဲ့ပါဘူး။ ဆိုတော့ ဒီအချိန်ဟာ အကောင်းဆုံး အချိန် ဖြစ်တယ်။ ဆွေးနွေးသင့်တယ်။ အမြင်မတူတဲ့ ဟာတွေကိုလည်း တင်ပြသင့်တယ်။ ဆွေးနွေးသင့်တယ်။ အဲဒါမှဘဲ အဖြေထွက်လာမယ်လို့ ကျနော် ထင်တယ်။ "

လွတ်လပ်ရေးမတိုင်ခင် ချုပ်ဆိုခဲ့တဲ့ ပင်လုံစာချုပ်အတွက် ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ တန်းတူ လုပ်ဖေါ်ကိုင်ဖက်အနေနဲ့ ဆွေးနွေးခဲ့သလို အခု ၂၁ ရာစုပင်လုံမှာလည်း တိုင်းရင်းသားတွေကို တန်းတူထားဆွေးနွေးညှိုနှိုင်းဖို့ လိုအပ်ကြောင်း ဦးဟန်ညောင်ရွှေက ထောက်ပြပါတယ်။

" တန်းတူရေး မရှိဘဲနဲ့ ဆွေးနွေးရင်တော့ ဘယ်လိုမှ အဖြေထွက်မှာ မဟုတ်ဘူး။ ဒီဟာက အဓိက အချက်တခု ဖြစ်တယ်။ ဒုတိယ အချက်ကတော့ အဲဒီ ပင်လုံတုန်းကလည်း ကိုယ့်ကံကြမ္မာကိုယ် လိုချင်တဲ့ အတိုင်း ဆုံးဖြတ်သွားကြပါတယ်နော်။ တိုင်းရင်းသား ခေါင်းဆောင်တွေရော ဗိုလ်ချုပ်အောင်ဆန်းရော။ အခုအချိန်မှာလည်း ဒီဟာကို လူတယောက်ရဲ့ ဆုံးဖြတ်ချက်ကို ရိုသေမှု ရှိရမယ်။ သူ့အမြင်ကို နားထောင်ရမယ်။ အမြင်မတူတဲ့ဟာကို ဘယ်လို ညှိနှိုင်းမလဲ ဆိုတာကို ဆွေးနွေးပြီး အဖြေရှာရမယ့် အချိန် ဖြစ်ပါတယ်။ ဒါပေမယ့် အခု ဖြစ်နေတဲ့ အခြေအနေက လက်နက် အင်အားကိုဘဲ ပြန်အားကိုးနေတယ်လို့ ကျနော် မြင်ပါတယ်။ "

လက်ရှိမှာလည်း ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း ဒေသတွေမှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ တပ်မတော်ကြား တိုက်ပွဲတွေ ပိုပြီး ပြင်းထန်လာတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ တက်လာပြီးနောက် ငြိမ်းချမ်းရေးရဖို့ မျှော်လင့်ချက်တွေ ပျက်ပြားခဲ့ရတယ်လို့ တိုင်းရင်းသားတွေဘက်က ပြောပါတယ်။ ဒါပေမယ့်လည်း (၇၀)ကြိမ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားတွေကိုတော့ နေပြည်တော်နဲ့ မြန်မာနိုင်ငံတ၀ှမ်း ကျင်းပဖို့ တာဝန်ရှိသူတွေက ပြင်ဆင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG