သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်း ရုပ်အလောင်းတွေ အစုလိုက် မြုပ်နှံထားနိုင်ခြေ နေရာများရှိနေ


မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မောင်တောမြို့နယ်တွင်းက ရိုဟင်ဂျာ မူဆလင် ကျေးရွာများ ( စက်တင်ဘာ ၂၇-၂၀၁၇)
မီးရှို့ဖျက်ဆီးခံလိုက်ရတဲ့ မောင်တောမြို့နယ်တွင်းက ရိုဟင်ဂျာ မူဆလင် ကျေးရွာများ ( စက်တင်ဘာ ၂၇-၂၀၁၇)

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ နောက်ထပ်နေရာ ၅ ခုကို အတည်ပြုနိုင်ကြောင်း AP သတင်းဌာနက ဖော်ပြလိုက်တဲ့ အတွက် ထိထိရောက်ရောက် စုံစမ်းစစ်ဆေးဖို့ ကုလသမဂ္ဂနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက တိုက်တွန်းလိုက်ကြပါတယ်။ ရခိုင်ပြည်နယ်က တကျော့ပြန် ပဋိပက္ခတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည် ၂ ဒါဇင်ကျော်ကို မေးမြန်းမှုတွေ၊ လက်ကိုင်ဖုန်းနဲ့ ရိုက်ကူးထားတဲ့ မှတ်တမ်းတွေကို အခြေခံပြီး အတည်ပြုနိုင်ခဲ့ကြောင်း AP သတင်းဌာနရဲ့ ဖော်ပြချက်နဲ့ ပတ်သက်လို့ အသေးစိတ် မသိရပေမဲ့၊ ဆိုးရွားတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ ဒုက္ခသည်တချို့က ပြောပြတာတွေရှိကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee က ပြောဆိုလိုက်တာပါ။

ဒုက္ခသည်တချို့နဲ့ တွေ့ဆုံရာမှာ အမျိုးသားတယောက်က သူထွက်မပြေးခင်မှာပဲ အလောင်းပေါင်း ၄၃၀ ကျော်ကို ကူညီမြှုပ်နှံပေးခဲ့ရကြောင်း ပြောပြခဲ့သလို၊ သေဆုံး၊ ပျောက်ဆုံးသူတွေလို့ဆိုတဲ့ လူနာမည်စာရင်းတွေလည်း လက်ခံရရှိထားကြောင်း မကြာသေးခင်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ခရီးစဉ်အတွင်း တွေ့ရှိချက်တွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က သတင်းစာ ရှင်းလင်းပွဲမှာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်က ပြောဆိုလိုက်တာပါ။

အစုလိုက်အပြုံလိုက် မြှုပ်နှံထားတဲ့ အလောင်းတွေရဲ့ မျက်နှာတွေကိုတော့ မမှတ်မိနိုင်အောင် အက်ဆစ်ရည်နဲ့ဖျန်းထားတာ၊ ဒါမှမဟုတ် သေနတ်နဲ့ပစ်ထားတာ တွေ့ရပြီး၊ သတ်ဖြတ်မှုတွေဟာ ဘူးသီးတောင်မြို့နယ် ဂူတာပြင်မှာ ဖြစ်ပွားခဲ့တဲ့ လက္ခဏာတွေ့ရကြောင်းလည်း AP သတင်းက ဖော်ပြပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Yanghee Lee ကတော့ သတင်းအတိုင်းသာ မှန်မယ်ဆိုရင်တော့ တာဝန်ယူမှု တာဝန်ခံမှုရှိအောင် စုံစမ်းစစ်ဆေးမှုတွေကို ရေဆုံးရေဖျား လုပ်ဖို့လိုအပ်ကြောင်း ပြောဆိုခဲ့တာပါ။

နိုင်ငံတကာ လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုဖြစ်တဲ့ Human Rights Watch ကတော့ အခုနောက်ဆုံး ထွက်ပေါ်လာတဲ့ သတင်းတွေကြောင့် နိုင်ငံတကာ အသိုင်းအဝန်းအနေနဲ့ တာဝန်ရှိသူတွေကို ဖော်ထုတ် အရေးယူနိုင်အောင် ဖိအားပေးဖို့ တိုက်တွန်းခဲ့ပါတယ်။ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုနဲ့ ဥရောပသမဂ္ဂ (EU) တို့ အနေနဲ့ မြန်မာစစ်တပ်က တာဝန်ရှိသူတွေအပေါ် ပစ်မှတ်ထား ဒဏ်ခတ်မှုတွေ ချမှတ်ဖို့ အလေးအနက်ထား ဆောင်ရွက်ရမယ့်အချိန်တန်နေပြီလို့လည်း Human Rights Watch ရဲ့ အာရှရေးရာ ဒုတိယညွှန်ကြားရေးမှူး Phil Robertson က ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG