သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း အလောင်း ပုဏ္ဏကျွန်းမြို့နယ် ရွာအနီး ကားလမ်းဘေးမှာတွေ့


မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း သေဆုံး (ဓါတ်ပုံ -DMG)
မြောက်ဦး အုပ်ချုပ်ရေးမှူးဟောင်း သေဆုံး (ဓါတ်ပုံ -DMG)

မကြာသေးခင်က ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ပြသနာတွေ ဖြစ်ပွားခဲ့ပြီး စစ်တွေမြို့နယ်ကို ရွှေ့ပြောင်းခံရတဲ့ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း ဦးဘိုဘိုမင်းသိုက်ဟာ ဇန်နဝါရီလ ၃၀ ရက်နေ့က မြောက်ဦးကနေ စစ်တွေကို အလာ ပုဏ္ဏကျွန်း မြို့နယ်ထဲက သရက်ချိုရွာအနီး သူစီးလာတဲ့ ကားက လမ်းဘေးကို ထိုးကျနေပြီးဒဏ်ရာများဖြင့် သေဆုံး နေတာကို တွေ့ရတယ်လို့ ရခိုင်အမျိုးသားပါတီက ပြောပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေ သတင်းထောက် မအေးအေးမာက သတင်းပေးပို့ ထားပါတယ်။

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဇန်နဝါရီလ ၁၆ရက်နေ့ကရခိုင် ဘုရင့်နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးတဲ့ ၂၃၃ နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားကို အာဏာပိုင်တွေက ပိတ်ပင်ခဲ့ရာက စလို့ ပဋိပက္ခတွေဖြစ်ခဲ့ပြီး ပစ်ခတ်မူတွေ ဖြစ်ခဲ့တာပါ။ ဒီဖြစ်စဉ်နောက်ပိုင်းမှာတော့ ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဘိုဘိုမင်းသိုက်ဟာ စစ်တွေမြို့က ရခိုင်ပြည်နယ်ရုံးသို့ လက်ထောက် ညွှန်ကြားရေးမှူး အဖြစ် တာဝန်ထမ်းဆောင်ရန် ပြောင်းရွှေ့ခံထားရပါတယ်။ဇန်နဝါရီလ ၃၀ ရက်နေ့မှာတော့ သူဟာမြောက်ဦးမြို့ ကနေ ကားနဲ့အလာ ပုဏ္ဏကျွန်းမြို့နယ်ထဲက သရက်ချိုရွာ အနီး မှာ သူစီးလာတဲ့ကားက လမ်းဘေးထိုးကျနေပြီး ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တာဖြစ်တယ်လို့ စစ်တွေမြို့မှာရှိနေတဲ့ ရခိုင်အမျိုသားပါတီက ဦးခိုင်မိုးက ပြောပြပါတယ်။

“ ဆုံးတယ်လို့ပြောတယ်။ ဓါးထိုးမှု ဖြစ်တယ်လို့ ပြောတယ်။ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူး အဟောင်းပေါ့။ ဦးဘိုဘိုမင်းသိုက် ဆုံးတာတော့ သေချာတယ်။ ဓါးဒဏ်ရာနဲ့ ဆုံးတယ်။ ဘယ်သူလက်ချက်လဲ။ ဘယ်ပုံစံလဲတော့ မသိဘူး။ ကားပေါ်မှာ ဓါးထိုးမှု ဖြစ်တယ်ကြားတယ်။ ကားက လမ်းဘေးကို ထိုးရပ်သွားတယ်။ ဓါးဒဏ်ရာ ၃ချက်တွေ့တယ် ကြားတယ်။မြောက်ဦးကနေ စစ်တွေကိုပြန်အလာပေါ့။ ကြားထဲမှာ ကျောက်တော်တို့ပုဏ္ဏကျွန်းတို့ ရှိတယ်။ အခုဖြစ်တဲ့ သရက်ချိုရွာရှိတယ်။ ”

မြောက်ဦးအုပ်ချုပ်ရေးမှူးဟောင်း သေဆုံးမှုနဲ့ ပတ်သက်လို့တော့ ရခိုင်ပြည်နယ် အစိုးရ တာဝန်ရှိသူတွေကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့ မရခဲ့ပါဘူး။ ပုဏ္ဏကျွန်း ရဲစခန်းကတော့ သေဆုံးမှုကို အတည်ပြုပါတယ်။ မြောက်ဦးဖြစ်စဉ်နဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ရခိုင်ပြည်နယ် လွှတ်တော်က ဇန်နဝါရီလ ၂၉ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး တလအတွင်း စုံစမ်းစစ်ဆေးမူတွေ လုပ်သွားမယ်လို့ သတင်းတွေထွက်ပေါ်အပြီးမှာ မြောက်ဦးမြို့နယ် အုပ်ချုပ်ရေးမှူးဟောင်း အခုလို သေဆုံးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG