သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရခိုင်အမတ်ဦးအေးမောင် တရားရုံးထုတ်


ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်
ရခိုင်အမျိုးသား ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်

ရခိုင်အမျိုးသားပါတီ ANP ဥက္ကဌ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို ရသေ့တောင် မြို့နယ်တရားရုံးမှာ ဒီကနေ့ ရုံးထုတ်ခဲ့ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၊ မတရားအသင်း ဆက်သွယ်မှု ပုဒ်မတွေနဲ့ တရားစွဲတင် လိုက်ပါတယ်။ သူတို့နှစ်ဦးကို စစ်တွေ အကျဉ်းထောင်ကနေ ရသေ့တောင်တရားရုံးကို ခေါ်ဆောင်လာတဲ့ ရေလမ်းခရီးဟာ အန္တရာယ်များလွန်းတယ်လို့ အမှုလိုက်ရှေ့နေ တွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

မြောက်ဦး အဓိကရုဏ်းနဲ့ဆက်စပ်ပြီး စစ်တွေအကျဉ်းထောင်မှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် တရားရုံးမှာ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ)(ဂ)အပြင် မတရားအသင်းပုဒ်မ ၁၇/၁ တို့နဲ့ ဇန်နဝါရီ ၂၉ ဒီကနေ့မှာ အစိုးရဘက်က အမှုဖွင့် တရားစွဲဆိုလိုက်ကြောင်း စာရေးဆရာ ကိုဝေဟင်အောင်အတွက် ရှေ့နေအဖြစ်လိုက်ပါဆောင်ရွက်မယ့် ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

"အမှု စတင်စွဲဆိုလိုက်တာပေါ့။ ရာဇသတ် ကြီးပုဒ်မ ၅၀၅ (ခ)(ဂ) နဲ့ တမှုစွဲတယ်။ နောက်မတရားအသင်း အက်ဥပဒေ ပုဒ်မ ၁၇/၁နဲ့ ၁ မှုဆွဲတယ်။ အခု စွဲတင်တဲ့အဆင့်ပဲ။ ဒီကနေ့ ကျမကတော့ ဦး ဝေဟင်အောင်အတွက် အမှု လိုက်ပေးမယ်ဆိုပြီးတော ့ရှေ့နေ ကိုယ်စားလှယ်လွှဲစာတင်သွင်းတယ်ပေါ့။"

စာရေးဆရာ ကိုဝေဟင်အောင်အတွက် အမှုလိုက်ရှေ့နေတွေအဖြစ် ဒေါ်အေးနုစိန်နဲ့ ဒေါ်ဦးသန်းခိုင်တို့က ဒီကနေ့ ကိုယ်စားလှယ်လွှဲစာ တင်သွင်းခဲ့ပေမယ့် ဒေါက်တာအေးမောင်အတွက် တရားရုံးမှာ ရှေ့နေကိုယ်စားလှယ်လွှဲစာ လာတင်သူ မတွေ့ခဲ့ရဘူးလို့ ဒေါ်အေးနုစိန်က ပြောပါတယ်။ ဒေါက်တာအေးမောင်အမှုအတွက် ရှေ့နေလိုက်ပေးမယ့်သူ နှစ်ဦးရှိတယ်လို့ သူသိထားကြောင်း ANP ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"ကျနော်တို့ သိတာကတော့ ဒေါက်တာအေးမောင်အတွက် အရင်တုန်းက ခရိုင် ဥပဒေအရာရှိ လုပ်ခဲ့တဲ့ ဦးစံရွှေမောင်နဲ့ ဦးကျော်ညွှန့်မောင်ဆိုတာ လိုက်မယ်လို့ ကျနော်တို့သိတယ်။ နောက်တခုက ထောင်ထဲမှာလည်း ဒေါက်တာအေးမောင်နဲ့ ဦးစံရွှေမောင်နဲ့ ဦးကျော်ညွှန့်မောင် တို့လည်း တွေ့ပြီးပြီလို့ ကျနော်တို့ သတင်းရပါတယ်။"

ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့ကို ရသေ့တောင်မှာ တရားရုံးထုတ်ဖို့အတွက် မနက် ၆ နာရီလောက်မှာ စစ်တွေအကျဉ်းထောင် ကနေ ရဲလုံခြုံရေးခြံရံပြီး ပင်လယ်ဘက်ကနေ စက်လှေငယ်နဲ့ ခေါ်ဆောင်လာတဲ့အတွက် အသက်အန္တရာယ်များတဲ့ အခြေအနေမှာရှိခဲ့ကြောင်း ရှေ့နေ ဒေါ်အေးနုစိန်က ပြောပါတယ်။

"စစ်တွေထောင်ကနေ အမြင့်ကျွန်း အဲဒီမီးဇောင်းတံတား အောက်ကနေ စက်လှေနဲ့ ပင်လယ်ဘက် ပတ်ပြီးတော့ ခေါ်လာတယ် ။ အအေးဒဏ် မခံနိုင်ဘူးပေါ့လေ တုန်နေကြတာပဲ၊ အေးအားကြီးလွန်းလို့။ ဆိုတော့ ဒေါက်တာအေးမောင် ကလည်းပြောတယ်၊ ဝေဟင်အောင်လည်းပြောတယ်၊ လုံခြုံရေးကြီးသပ်သပ် ၁၈ ယောက်လောက် ပါတယ်ဆိုတော့ စက်လှေကလည်း အရမ်းသေးတယ်။ ရာသီဥတုကြောင့် လှိုင်းကလည်း အရမ်းထန်တယ်။ အဲဒီတော့ စိုးရိမ်ရတဲ့ အနေအထားပေါ့နော်။ ဒါနဲ့အပြန်မှာ ဒီလမ်းကြောင်းအတိုင်း ပို့မယ်ဆိုရင် စက်လှေ အကြီးကြီးတစီး စီစဉ်ပေးဖို့ ပြောခွင့်ရခဲ့စေချင်တယ်"

ဒေါက်တာအေးမောင်တို့ကို ဒီကနေ့ ပထမဦးဆုံး ရုံးထုတ်ချိန်မှာ ရသေ့တောင်မြို့နယ်အတွင်း လုံခြုံရေး တင်းကြပ်ထားတဲ့ အခြေနေနဲ့ ပတ်သက်လို့ သူ့အတွေ့အကြုံကို ဒေါ်အေးနုစိန်က ပြောပြပါတယ်။

"လုံခြုံရေးကတော့ တော်တော်လေး တင်းကြပ်ထားပုံရတယ်။ ကျမကလည်း စစ်တွေ- ရသေ့တောင် ကားလမ်းဆိုတာ တံတားလုပ်နေတဲ့နေရာက လှေနဲ့ပဲ ကူးရတာကိုး ။ အဲဒီနားရောက်သွားတော့ ကျမတို့က ကူးခွင့် မရှိဘူးဆိုတာ ဖြစ်သွားတယ်။ အဲဒီတော့ ကျမတို့က ကိုယ့်အဆက်သွယ်နဲ့ပေါ့လေ Speed ဘုတ်လေးတစီး လှမ်းမှာပြီးတော့ ပြင်ခေါင်ဆိုတဲ့ ရွာဟောင်းပေါ့။ အဲဒီကနေ ကူးပြီးတော့ ကျမတို့ ရသေ့တောင် သွားလိုက်တယ်။ သွားပြီးတော့ ကျမတို့ ရှေ့နေ ကိုယ်စားလှယ်လွှဲ စာတင်တာပေါ့။"

ရသေ့တောင်တရားရုံးမှာ ဒေါက်တာအေးမောင်တို့ နှစ်ဦးအပေါ်စွဲဆိုတဲ့ ပုဒ်မ ၅၀၅ ၊ ၁၇ (၁) တို့နဲ့ပတ်သက်လို့ ဦးထွန်းအောင်ကျော်က ခုလို မှတ်ချက်ပေးပါတယ်။

" ဒီ ဒီဇင်ဘာ(၃၁)ရက် ရခိုင့်အချုပ်အခြာအာဏာ ကျဆုံးတဲ့နေ့ လုပ်လာတာ ၂၀၁၃ ကတည်းက လုပ်လာတာ ။ ဒါပေမယ့် ဒီပြဿနာတွေ တခုမှ မဖြစ်ခဲ့ဘူး။ ဒေါက်တာအေးမောင်နဲ့ ကိုဝေဟင်အောင်တို့က ကိုယ့်ရင်ထဲမှာ ရှိတဲ့စကားကို လွတ်လပ်စွာ ပြောဆိုခွင့်အနေနဲ့ ကျင့်သုံးတယ်လို့ ကျနော်တို့ အဲလိုပဲမြင်တယ်။ ကိုယ့်ရဲ့သမိုင်း အထောက်အထားနဲ့ ကိုယ့်ရဲ့ ဖြစ်စေချင်တဲ့ ဆန္ဒကို ပါးစပ်နဲ့ ပြောရုံနဲ့ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်တယ် ဆိုတာကတော့ အင်မတန်ကြီးလေးလွန်းတယ်။ နောက်ပြီးတော့ မသင့်တော်ဘူးလို့ ကျနော့်အနေနဲ့ ဒီလိုပြောချင်ပါတယ်ခင်ဗျ။"

ဒေါက်တာအေးမောင်တို့ နှစ်ဦးကို လာမယ့် ဖေဖော်ဝါရီလ ၉ ရက်နေ့မှာ ဒုတိယအကြိမ် ရုံးထုတ်မှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG