သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးအရေးအခင်း ထိခိုက်ဒဏ်ရာရသူများရဲ့ကိုယ်တွေ့


မြောက်ဦးအဓိကရုဏ်းမှာ ဒဏ်ရာရသူတဦး (ဓာတ်ပုံ- ဒေသခံလူငယ်တဦး)
မြောက်ဦးအဓိကရုဏ်းမှာ ဒဏ်ရာရသူတဦး (ဓာတ်ပုံ- ဒေသခံလူငယ်တဦး)

မြောက်ဦးမြို့ အဓိကရုဏ်းမှာ ၇ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့ဝင်တွေက ရဲလုပ်ငန်းနဲ့ အညီ အဆင့်ဆင့် တားမြစ်ခဲ့ပေမယ့် ပိုဆိုးလာလို့ သေနတ်နဲ့ ပစ်ခဲ့ရတာလို့ မြန်မာ အစိုးရက သတင်းထုတ်ပါတယ်။ ကျည်အစစ်နဲ့ ပစ်ခတ် ဖြိုခွဲခဲ့တဲ့ ဆန္ဒပြပွဲမှာ ဘာတွေ ကြုံတွေ့ခဲ့ရသလဲ ဆိုတာကို သေနတ်ကျည် ဒဏ်ရာ ရခဲ့သူတွေ၊ မိသားစုဝင်တွေနဲ့ ဒေသခံတွေရဲ့ ပြောပြချက်တွေကို မသိဂီ ၤထိုက် စုစည်းထားပါတယ်။

"ဟောပြောပွဲသွားတယ်လေ နန်းရာကုန်းကို ရခိုင်ဒေါက်တာအေးမောင် တို့ပြောမယ်ဆိုပြီး သွားတယ်။ သွားတဲ့အခါမှာ ဟောပြောပွဲက မဖြစ်တော့ဘူး။ ဟိုမှာ ဆန္ဒသွားပြကြတယ်။ ကျနော်တို့လည်း ပါတယ်အဲဒီမှာ ခရိုင်ရုံးကတော့ သူတို့ကနေပြီးတော့ ကျနော်တို့ကို လှမ်း ပစ်တယ်။ အစတုန်းကတော့ မိုးပေါ်ထောင်ပြီးလှမ်းပစ်တယ်။ မိုးပေါ်ထောင်ပစ် အပြီးမှာ ကျနော်တို့ကို ပစ်တယ်။ အဲဒီမှာ ကျနော် ဒဏ်ရာရတယ်။ ကျနော် ဒဏ်ရာရပြီး ကျနော်တို့ ဆေးရုံရောက်တယ်။ ဒဏ်ရာက ဘယ်ဘက် ခြေသလုံးမှာ ရတယ်။"

မြောက်ဦးမှာ မနေ့ညက ဆန္ဒပြပွဲအတွင်း ခြေထောက်မှာ သေနတ်ထိလို့ မြောက်ဦး ဆေးရုံမှာ ဆေးကုနေရတဲ့ ဦးသန်း ပြောပြခဲ့တာပါ။ ဆေးရုံပေါ်မှာတော့ အားလုံး အဆင်ပြေနေပါကြောင်း၊ အာဏာပိုင်တွေဘက်က လာမတွေ့သေးတဲ့ အကြောင်းလည်း သူက ပြောဆိုခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရဲ့ ရှေးဟောင်းမြို့ မြောက်ဦးမှာ ရခိုင်ဘုရင့် နိုင်ငံတော် အချုပ်အခြာအာဏာ ကျဆုံးတဲ့ ၂၃၃ နှစ်မြောက် အထိမ်းအမှတ် စာပေဟောပြောပွဲကို အာဏာပိုင်တို့က ပိတ်ပင်ခဲ့တာကြောင့် မကျေနပ်မှု စခဲ့တာပါ။ သေနတ်ကျည် ဒဏ်ရာကြောင့် စစ်တွေ မြို့ကို ပြောင်းရွှေ့ ကုသပေးနေရတဲ့ ဒဏ်ရာရခဲ့သူ တဦးရဲ့ မိသားစုဝင် ကိုကျော်နိုင်ဦးကတော့ ဆယ်ကျော်သက် အရွယ် တူဖြစ်သူရဲ့ ဒဏ်ရာကို အခုလို ပြောပါတယ်။

"နံရိုးကြား ကနေပြီးတော့ ကျည်ကဖောက်ထွက်သွားတယ်။ ဖောက်ထွက်သွားတယ် ဆိုတော့ ဒဏ်ရာကတော့ နည်းနည်းပြင်းတယ်။ အသက်အန္တရာယ်ကတော့ မရှိဘူးလို့ ပြောတာပဲ။ အဲဒီလို လာမေးတာကတော့ ဒီနေ့တော့ အခုအချိန်အထိတော့မရှိသေးဘူး။ ဘယ်သူ့ကို ပစ်ပြီးတော့ ဘယ်သူတွေ ပါသွားသလဲဆိုတာကတော့ အခုဆိုရင် သိလောက်ပြီပေါ့နော်။"

အစိုးရဘက်ကတော့ ရဲလုပ်ငန်းစဉ် အဆင့်ဆင့်နဲ့ တားမြစ်ခဲ့ပေမယ့် အခြေအနေက ဆိုးရွားလာလို့ သေနတ်နဲ့ သတိပေး ခြောက်လှန့် ပစ်ခတ်၊ လူစုခွဲတဲ့ အနေနဲ့ ပစ်ခတ်ခဲ့ရတာလို့ သတင်းထုတ်ပါတယ်။ ဆန္ဒပြသူတွေက ခဲတွေနဲ့ ပစ်ခတ်တာကြောင့် ရဲတပ်ဖွဲ့ဝင် ၂၀ ဒဏ်ရာရသလို ခရိုင်အထွေထွေ အုပ်ချုပ်ရေးမှူး ရုံးအတွင်းမှာလည်း အပျက်အစီးတွေ ရှိခဲ့တယ်လို့ ဖော်ပြခဲ့တာပါ။ ဒဏ်ရာရခဲ့သူ တဦးရဲ့ မိသားစုဝင် ကိုကျော်နိုင်ဦးကတော့ သေဆုံး ဒဏ်ရာရတဲ့ အထိ ပစ်ခတ်ခဲ့မှုကတော့ မလုပ်သင့်တဲ့ လုပ်ရပ် ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။

"သိတဲ့လူတွေကလည်း သူတို့ ဂဃနဏမသိဘူးပေါ့နော်။ နောက်ဆုံးသိရတဲ့ဟာက သူတို့ ခရိုင်ရုံးထဲကို ဝင်ပြီးတော့ အလံကို ရခိုင်အမျိုးသားအလံနဲ့ လဲဖို့လုပ်ကြတယ်တဲ့ ဆိုလားမသိဘူး။ အဲဒီလို လဲဖို့လုပ်ကြတော့ ခြံစည်းရိုးတွေကို ကျော်ဝင်လို့ဖြစ်မှာပေါ့နော်။ ဘယ်သူမှတော့ အတိအကျတော့ မသိဘူး မပြောနိုင်ဘူး။ ကျနော်တို့ ကြားတာတော့ ခရိုင်ရုံးလည်း အဖျက်ခံထားရတယ်လို့ ပြောတာပဲ။ အဖျက်ခံထားရတယ်ဆိုတာကတော့ ခဲတွေဘာတွေနဲ့ ပေါက်တော့ ပြဲတာပေါက်တာတွေတော့ရှိမှာပေါ့ ရုံးကတော့ ပဲ့တာ ရွဲ့တာတွေတော့ ။ ဒါက ဘယ်လိုမှ မလုပ်သင့်တာတွေလေ သူတို့ဟာသူတို့ နောက်ဆုံးကာကွယ်တယ်ဆိုတာမှ ဒီလောက်အထိ အစုလိုက် အပြုံလိုက် ဒဏ်ရာရပြီး သေလောက်အောင် သူတို့လုပ်ဖို့မှ မလိုတာနော်။ အဲဒါကြီးကတော့ တော်တော်ကြီးကို ဘယ်လိုမှ မလုပ်သင့်ကြီးပေါ့ ဒါကလူမဆန် တဲ့လုပ်ရပ်ပဲ လို့ ကျနော်မြင်ပါတယ်။"

လက်ရှိမှာတော့ မြောက်ဦး ဆေးရုံမှာ သေနတ်ဒဏ်ရာ ရသူ ၄ ဦးကို ကုသပေးနေပြီး တချို့ကို စစ်တွေ ဆေးရုံကို လွှဲပြောင်းကုသပေးနေပါတယ်။ မြောက်ဦးမြို့ပေါ်မှာတော့ လုံခြုံရေးကို တင်းကျပ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG