သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦးအဓိကရုဏ်း ဆန္ဒပြသူ ၇ ဦး သေဆုံး


မြောက်ဦးအဓိကရုဏ်း အတွင်း ဒဏ်ရာရသူများ
မြောက်ဦးအဓိကရုဏ်း အတွင်း ဒဏ်ရာရသူများ

ရခိုင်ပြည်နယ် မြောက်ဦးမှာ ရဲတပ်ဖွဲ့နဲ့ လူထုကြားဖြစ်ခဲ့တဲ့ အဓိကရုဏ်းဖြစ်စဉ်အတွင်း အခုအချိန်ထိ လူ(၇)ဦး သေဆုံးခဲ့ပြီး တဒါဇင်လောက် အရေးပေါ် အခြေအနေမှာ ဆေးကုသမှု ခံယူနေရပါတယ်။ ရခိုင် ဘုရင့်နိုင်ငံတော် ကျဆုံးခြင်း အခမ်းအနား ကျင်းပခွင့်မရတာကို မကြေနပ်လို့ အင်္ဂါနေ့ညမှာ လူထုကဆန္ဒပြရာက လုံခြုံရေးတပ်ဖွဲ့ရဲ့ပစ်ခတ်နှိမ်နင်းမှုအတွင်း သေဆုံးခဲ့တာပါ။ မြောက်ဦး အဓိကရုဏ်းနဲ့ ပတ်သက်လို့ စိုးရိမ် မကင်းဖြစ်မိကြောင်း ကုလသမဂ္ဂနဲ့ အမေရိကန်ပြည်ထောင်စုတို့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး အခြေအနေတွေ ဆိုးမသွားအောင် ထိန်းထိန်း သိမ်းသိမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က ဆက်ပြီး တင်ပြပါမယ်။

ရခိုင်ရှေးဟောင်းမြို့တော် မြောက်ဦးမြို့မှာ ၂၃၃ နှစ်မြောက် ရခိုင်ဘုရင့်နိုင်ငံတော် ကျဆုံးခြင်းအခမ်းအနား ကျင်းပခွင့် မရတဲ့အတွက် ဒေသခံ ရခိုင်လူငယ်တွေ ဇန်နဝါရီလ ၁၆ ရက် အင်္ဂါညက လမ်းလျှောက် ဆန္ဒပြရာကနေ လူစုလူဝေး ဖြစ်လာပြီး၊ မြောက်ဦးမြို့နယ် ရဲစခန်းရှေ့ ဆန္ဒပြ တောင်းဆိုတဲ့ လူထုကို ရဲက ပစ်ခတ်လူစုခွဲခဲ့တယ်လို့ မြောက်ဦးမြို့ခံ ကိုကျော်ထွီးက ပြောပါတယ်။

"ပွဲကျင်းပမယ့်အချိန်စဲစဲမှာ အထက်ကနေပြီးတော့ ထွေအုပ်ကနေပြီးတော့ မလုပ်ရတော့ဘူး ဆိုပြီးတော့ ပုံစံမျိုးတွေဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ အနယ်နယ်အရပ်ရပ်ကနေပြီးတော့ လူတွေက တက်လာတော့ ပွဲမကျင်းပရတော့ဘူးဆိုတာ သူတို့ကသိတော့ စိတ်ဒေါသတွေဖြစ်ကြတယ်။ ဒီလူအုပ်ကြီးရဲ့ ဒေါသကို မထိန်းနိုင်တော့ပဲနဲ့ အဲဒီကနေပြီးတော့ ထွေအုပ်ရုံးကို ထွက်သွားကြတယ်ပေါ့နော်။ ခရိုင်ထွေအုပ်ရုံးမှာ ရဲတပ်ဖွဲ့တွေချထားတော့ ဘာမှမဖြစ်ဘူး တပတ်ပတ်ကြတယ်၊ တပတ်ပတ်ပြီးတော့ ရဲစခန်းမှာဝင်ပြီးတော့ ခွင့်ပြုမိန့်ကို ပေးဖို့အတွက် လူငယ်တွေကနေပြီးတော့ တောင်းဆိုတယ်။ အဲလိုတောင်းဆိုတဲ့အခါမှာ ဖြစ်သွားတဲ့ ပုံစံဖြစ်တာပါ။"

မြောက်ဦးမြို့နယ် ရဲတပ်ဖွဲ့က အခုလို ကိုင်တွယ်ဖြေရှင်းမှုနဲ့ ပတ်သက်လို့ မေးမြန်းဖို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေကို ဆက်သွယ် ပေမဲ့ အဆက်သွယ်လုပ်လို့ မရခဲ့ပါဘူး။ အင်္ဂါညက ဖြစ်ပွားတဲ့ အဓိကရုဏ်အတွင်း လူ(၇)ဦး သေဆုံးပြီး ၊ စိုးရိမ်ရတဲ့ ဒဏ်ရာရသူတချို့ကို စစ်တွေမြို့ ဆေးရုံကို ပို့ထားရတယ်လို့ ကိုကျော်ထွီးက ပြောပါတယ်။

"အခုဆုံးသွားတာကတော့ ၇ ယောက်ပါ။ အဲဒီ၇ ယောက်ကိုလည်း မြောက်ဦးမြို့နယ်ရဲ့ သုသာန် ကိုရောက်နေပါပြီ။ နောက်တဦးကတော့ ဆေးရုံမှာကျန်တာက ခြေသလုံးတို့၊ ပေါင်တို့ ပြီးလို့ရှိရင် ဒီ မေးစေ့မှာ ဒဏ်ရာရတဲ့လူ ၄ ယောက်ရှိပါတယ်။ စစ်တွေကို အရေးပေါ်တင်သွားတာက ၈ ယောက်ပါ။ အဓိက ကြားနေရတာတော့ သွေးထွက်လွန်တာ တို့ဖြစ်လို့ ပြောပါတယ်။"

မြောက်ဦးမြို့ အဓိကရုဏ်းဖြစ်စဉ်နဲ့ ပတ်သက်လို့ အစိုးရဘက်က ဘယ်လို ကိုင်တွင်ဖြေရှင်း သွားမလဲဆိုတာကို ထုတ်ပြန်တာမျိုး မရှိသေး ပေမယ့် ဒီအရေးအခင်းကို စုံစမ်းသွားမယ်လို့ ပြောဆိုတာရှိကြောင်း ကိုကျော်ထွီးက ပြောပါတယ်။

"ဟုတ်ကဲ့ လူထုစိတ်နေစိတ်ထားကတော့ ကျနော်တို့အပါအဝင် ဝမ်းနည်းတယ်၊ ကြေကွဲတယ် ပြီးရင် ဒေါသဖြစ်နေကြတယ်ပေါ့နော်။ ဒါပေမယ့် အေးအေးဆေးဆေးပါပဲ။ ပထမကတော့ ဆေးရုံ မှာ လူတွေတော်တော်များများ မြို့နယ် ၄ မြို့နယ်လောက်ကလူတွေက တော်တော်များများလာကြည့်တော့ အဲဒီမှာ လုံခြုံရေးကား ၃ စီးပေါ့နော် အထူးရဲတပ်ဖွဲ့ ကနေပြီးတော့ ချထားတာရှိပါတယ်။ ပြီးရင် ရင်ခွဲရုံထဲမှာပေါ့နော် ရဲတွေ ၁၀ ကျော်ကျော်လောက်ကနေပြီးတော့ စောင့်ကြည့်နေတာတွေရှိတယ်။ ဘယ်လို ကိုင်တွယ်ဖြေရှင်းမယ်ဆိုတာထက် အဓိကရုဏ်းနဲ့ ပတ်သက်ပြီးတော့ သူတို့ နိမ်နင်းတဲ့ ကိစ္စတွေကို တာဝန်ယူမှု တာဝန်ခံမှု ပုံစံမျိုးတွေ ပြောတာတွေ မရှိသေးပါဘူး။ နောက်တခုက သူတို့ကနေပြီးတော့ ဒါကို စိစစ်ပြီးတော့ အရေးယူသွားမယ်ဆိုတဲ့ ပုံစံမျိုးတွေပဲ ကြားနေရတာတွေပဲ ရှိပါတယ်ခင်ဗျ။"

ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာဖြစ်ခဲ့တဲ့ ရဲနဲ့ ဆန္ဒပြသူတွေကြား အကြမ်းဖက်ထိပ်တိုက်ဖြစ်မှုအပေါ်မှာ စိုးရိမ်မကင်းဖြစ်တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ လွတ်လပ်စွာ ငြိမ်းငြိမ်းချမ်းချမ်း စုရုံးခွင့်ဆိုတာတွေကို လေးစားလိုက်နာဖို့နဲ့ နောက်ထပ် အကြမ်းဖက်မှုတွေ မဖြစ်အောင် ထိမ်းထိမ်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ ၊ လုံခြုံရေး တပ်ဖွဲ့တွေကိုရော ဆန္ဒပြသူတွေကိုပါ ကုလသမဂ္ဂအနေနဲ့ တိုက်တွန်းကြောင်း ထုတ်ပြန်ပါတယ်။ အခုဖြစ်ခဲ့တဲ့ အဖြစ်အပျက်ကိုလည်း စုံစမ်း စစ်ဆေးမှုတွေလုပ်ဖို့ တိုက်တွန်း ထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးကလည်း အခုလို အသက်ဆုံးရှုံးခဲ့ရတဲ့ အဖြစ်အပျက်ကြောင့် စိုးရိမ်မကင်းဖြစ်မိကြောင်း ကြေညာချက် ထုတ်ပြန် ပါတယ်။ အခြေအနေတွေ ဆိုးမလာအောင် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ တိုက်တွန်းသလို၊ ဒီမိုကရေစီစနစ်မှာ တရား ဥပဒေ စိုးမိုးရေးနဲ့ ငြိမ်းချမ်းစွာ စုဝေးခွင့်တို့ကို လေးစားလိုက်နာဖို့ အရေးပါကြောင်းကိုလည်း ထောက်ပြ ထားပါတယ်။

အခုလို မြောက်ဦးမှာဖြစ်သွားတဲ့အရေးအခင်းနဲ့ပတ်သက်လို့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး နေပြည်တော်မှာ အစည်းအဝေးတရပ်ပြုလုပ်ခဲ့ရာမှာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်နဲ့ ရဲချုပ်အောင်ဝင်းဦးတို့က ဖြစ်စဉ်နဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုမှုတွေ လုပ်ခဲ့တယ်လို့သိရပါတယ်။ ရခိုင်ပြည်အချုပ်အချာအာဏာကျဆုံးခဲ့တယ်ဆိုတဲ့ နေ့ကို အကြောင်းပြုပြီး စည်းရုံးဟောပြောမှုတွေရှိခဲ့တယ်ဆိုတာနဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ည ဖြစ်ရပ်မှာ ဆန္ဒပြသူတွေဖက်က ဆူပူအကြမ်းဖက်မှုတွေ စတင်ခဲ့လို့ လုံခြုံရေးအာဏာပိုင်တွေဖက်က ရဲလုပ်ထုံးလုပ်နည်းအရ အဆင့်ဆင့်အရ နောက်ဆုံးမှာ ပစ်ခတ်နှိမ်နင်းခဲ့ရတာလို့ ဆိုထားပါတယ်။
ဆန္ဒပြလူစုလူဝေးဟာ ခရိုင်အထွေထွေအုပ်ချုပ်ရေးမှုးရုံးအတွင်းအထိ ဝင်ရောက်ဖျက်ဆီးသလို၊ အချို့က လုံခြုံရေးအာဏာပိုင်တွေရဲ့ လက်နက်ကိုပါ လုယူဖို့ကြိုးစားတယ်လို့ ဆိုပါတယ်။ ဦးဆောင်လှုံဆော်သူတွေနဲ့ ပါဝင်ပတ်သက်သူတွေကို ဖော်ထုတ်အရေးယူသွားမှာဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ရသေ့တောင်ဟောပြောပွဲမှာ ရခိုင်ပြည် သီးခြားအချုပ်အချာအာဏာနဲ့ပတ်သက်လို့ ဟောပြောခဲ့တဲ့ စာရေးဆရာဝေဟင်အောင်ကိုအရေးယူထားပြီး၊ အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကိုလည်း ဥပဒေနဲ့အညီဆက်လက်ဆောင်ရွက်မယ်လို့ တာဝန်ရှိသူတွေရဲ့ဖြစ်စဉ်ရှင်းလင်းတင်ပြချက်ကို အစိုးရသတင်းမှာ ဖော်ပြထားပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဒီအပေါ်မှာ ပြန်လည်သုံးသပ်ဆွေးနွေးတယ်လို့ ဆိုပေမယ့်၊ ဘယ်လိုသဘောထားပေး ဆွေးနွေးလဲဆိုတာ ဖော်ပြခြင်းမရှိပါဘူး။ ဒါပေမယ့် ဒီဖြစ်ရပ်မှာ ရခိုင်တိုင်းရင်းသားတွေ သေဆုံးမှု ဒဏ်ရာရမှုနဲ့အတူ ရဲတပ်ဖွဲ့ဝင်ဒဏ်ရာရမှုတွေအတွက် သူ့အနေနဲ့ ဝမ်းနည်းမိတယ်ဆိုတဲ့အကြောင်း ဖော်ပြထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG