သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ဦး အဓိကရုဏ်း ဒေါက်တာအေးမောင် ရှင်းလင်းချက်


မြောက်ဦးပစ်ခတ်မှု ( ဇော်ထွန်း)
မြောက်ဦးပစ်ခတ်မှု ( ဇော်ထွန်း)

ရခိုင်ပြည်နယ် ရှေးဟောင်းမြို့ မြောက်ဦးမှာ ဖြစ်ခဲ့တဲ့အဓိကရုဏ်းနဲ့ပတ်သက်ပြီး လွှတ်တော် အမတ် ဒေါက်တာ အေးမောင်ကို ဗွီအိုအေ မြန်မာပိုင်းက ကိုသားညွန့်ဦး ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာ အေးမောင်။ ။ ဒီနေ့က ပြာသိုလကွယ်လေ။ လလည်းကွယ် ပြည်လည်းဆုံး ဆိုတာကို အခမ်းအနား ဒုတိယ အကြိမ် ပြန်ကျင်းပဖို့ကြို စီစဉ်ကြတာပါ။ ကျနော့်ကိုလည်း ဖိတ်ထားပါတယ်။ လွန်ခဲ့တဲ့ တလလောက်က စပြီးတော့ ဗန်နိုင်းတွေ ထောင်ကြတာတွေ ရှိတယ်လေ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။

ဒေါက်တာ အေးမောင်။ ။ အဲတော့ ဒီလို အခမ်းအနား ကျင်းပတဲ့ ပုဂ္ဂိုလ်တွေက ကြိုတင်ပြီးတော့ ပွဲမိန့်တောင်းပြီးသား ဖြစ်တယ်ဗျ။ ထွေအုပ်မှာ တောင်းပြီးသား ဖြစ်လိမ့်မယ်။ ဒါပေသိ ကျနော် ဟောပြောမယ် ဆိုတဲ့ အခါမှာ ငြိမ်းစုစီနဲ့တင်ဖို့ နော် ပြည်နယ် အစိုးရအဖွဲ့ရဲ့ လုံခြုံရေးဘက်က တာဝန်ရှိတဲ့ ပုဂ္ဂိုလ်က ညွှန်ကြားတယ် ဆိုတဲ့ သတင်းတော့ ကျနော် ကြားတယ်။ ဟုတ် မဟုတ်တော့ ကျနော် မပြောနိုင်ဘူးလေ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။

ဒေါက်တာ အေးမောင်။ ။ အဲဒီမှာ ငြိမ်းစုစီနဲ့ တင်ပါဆိုတော့ ကျနော့်ဆီကို ဖုန်းဆက်တယ်။ ကျနော့် နာမည်ရယ်၊ အဖေ အမည်ရယ်၊ မှတ်ပုံတင် နံပတ်ရယ်၊ ကျနော့် ဇနီးအမည်ကို တောင်းတယ်။ သူက မြို့နယ် ရဲစခန်းမှူးစီ ရောက်နေပါတယ်။ ငြိမ်းစုစီနဲ့ တင်ခိုင်းလို့တင်နေပါတယ် ပေါ့ဗျာ။ ဒါပေသိ ညနေပိုင်း ကျနော် မဟာမြတ်မုနိ ကုန်းကို ရောက်တဲ့အခါမှာလေ ခုန ဖုန်းပြန်ဆက်တာပေါ့ဗျာ။

ငြိမ်းစုစီက ၄၈ နာရီ ကြိုတင်ရတာမို့လို့ ကျင်းပခွင့် မပေးနိုင်ဘူး ဆိုတာမျိုးနဲ့ ပြန်ကြားတယ်။ အဲဒီနောက်မှာ ကျင်းပရေးနဲ့ ပတ်သက်တဲ့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက ဂိုဏ်းပေါင်းစုံ သံဃာ အဖွဲ့တွေနဲ့လည်း တွေ့နေတယ်။ ဆရာတော် တပါးရဲ့ ကျနော့်ကို သြဝါဒကထာလည်း ကျနော့်ကို ပေးတာ ကျနော် နာခံပါတယ်။ အဲဒီကာလမှာလေ။ လက်ရှိ အခြေအနေတွေ ဒီလို ဖြစ်နေပြီ။ ဒါ ကျင်းပခွင့်မပေးဘူး။ အဲဒါကြောင့် ဟောပြောမယ့် ကျနော့်ကိုလည်းဘဲ သည်းခံပေးပါ။

ကျနော်ကလည်း ဆရာတော် ဘုရားရဲ့ သြဝါဒ အတိုင်းဘဲ တပည့်တော် လိုက်နာပါမယ်။ အဲဒါ အာမဘန္တေလေးနဲ့ ကျနော်က မြောက်ဦးကို မသွားဖြစ်ဖူးပေါ့ဗျာ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။

ဒေါက်တာ အေးမောင်။ ။ ကျနော်က အဲဒီ ကျောက်တော်ကနေ မဟာမြတ်မုနိကုန်းကနေ မြောက်ဦးနဲ့ ၁၀ မိုင်လောက်ဘဲ ဝေးတဲ့ တိမ်ညိုမှာ ပထမ ပွဲကို ဟောပြောဖို့ ရှိတာကိုး။ အဲဒီကို ရောက်တဲ့ အခါလည်းဘဲ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးရဲ့ ပွဲပါမစ်က ရပြီးသားဗျ။ ဒါပေသိ သူတို့ကိုလည်း ခုနကလို ငြိမ်းစုစီနဲ့ ပြန်တင်ခိုင်းလို့ မပေးဘူးလို့ ပြောပါတယ်။ အဲဒါကြောင့်လည်း ၆ နာရီ ပတ်ဝန်းကျင် လောက်မှာ ပွဲကျင်းပတဲ့ နေရာလောက်တော့ ကျနော် သွားလိုက်ပါတယ်။ ဒါ တိမ်ညိုဆိုတဲ့ တိုက်နယ်ပါ။ တိမ်ညိုဆိုတာ မြို့နယ် ကုတင် ၅၀ ဆန့် ဆေးရုံတွေ ရှိပါတယ်။အဲဒီမှာ ရောက်ပြီးမှ အဲလိုဘဲ ကျနော့်မှာ ပြောခွင့် မရှိပါဘူး ဆိုတာမျိုး ပရိသတ်ကိုလည်း ကျနော် သွားပြီးတော့ တောင်းပန်တယ်။ အဲဒီလောက်ဘဲ ကျနော် …..

ကိုသားညွန့်ဦး။ ။ အဲဒါက ကျောက်တော်မှာလား၊ မြောက်ဦးမှာလား ခင်ဗျ။

ဒေါက်တာ အေးမောင်။ ။ ဒီနေ့က မြောက်ဦးမှာ တိမ်ညိုဆိုတဲ့ တိုက်နယ်လေ။ နောက် မြောက်ဦးရဲ့ မြို့ပေါ် နန်းရာကုန်းမှာ ၂ နေရာပေါ့ဗျာ။ ကျနော်က ညနေပိုင်း ၆ နာရီ လောက်မှာ တိမ်ညိုမှာ ပြောပြီးရင် မြောက်ဦးမှာ ဒုတိယ ဟောပြောတဲ့ ပုဂ္ဂိုလ် အဖြစ် ကျနော်က ဟောပြောရမှာကိုး။

ဆရာတော် တပါးက ဦးဆောင်ပြီး ပထမ ပြောမယ်လေ။ မြောက်ဦး နန်းရာကုန်းမှာ ။ အဲတော့ မြောက်ဦး နန်းရာကုန်းက ပွဲကို ပိတ်တာပေါ့ဗျာ။ မြောက်ဦး နန်းရာကုန်း ဆိုတာ ရှေးဟောင်း သုတေသနရဲ့ လက်အောက်မှာ ရှိတော့ ရှေးဟောင်း သုတေသန ဦးစီးဌာန ကလည်း သူ့နေရာမှာ ကျင်းပခွင့် မပေးဘူးလို့လည်း ကျနော် ကြားပါတယ်။ နော် ရဲကလည်းဘဲ ပါမစ် မပေးဘူးပေါ့ဗျာ။ ငြိမ်းစုစီနဲ့။ အဲဒီမှာဘဲ ရဲတွေကလည်းဘဲ အဲဒီ နန်းရာကုန်းကို ဝိုင်းထားတယ် ဆိုတာလည်းဘဲ ကျနော် သတင်းကြားတာပေါ့ဗျာ။ တယ်လီဖုန်းနဲ့။ အဲတော့ ကျနော့်ကိုလည်းဘဲ မြောက်ဦးကိုတော့ဖြင့် ပွဲစီစဉ်တဲ့သူတွေလည်း မရှိတော့ဘူး။ နော် ဒါ ဆွေးနွေးနေကြတယ်။ အဲဒါကြောင့် မြောက်ဦးကို မလာပါနဲ့။ နော် ဒါ တိမ်ညိုမှာဘဲ ခုနလို နေပေးပါဆိုတာမျိုးနဲ့ ကျနော့်ကို မိတ်ဆွေတွေက ဖုန်းဆက် ကြတယ် ခင်ဗျ။

အဲတော့ မြောက်ဦးရဲ့ အသေးစိတ် မြင်ကွင်းကတော့ ကျနော် ခင်ဗျားတို့ကို ပြောလို့ မရဘူး။ ဒါပေသိ ကျနော် အခုကြားရတဲ့ သတင်းကတော့ လူုငယ်လေး တဦး ဆုံး သွားပြီ။ ကျည်ဆန် အစစ်နဲ့ ပစ်လို့။ နောက် ၁၀ ဦးလောက် ဒဏ်ရာရနေတယ်ဆိုတာ ကျနော် ရပါတယ်။ လက်ရှိလည်းဘဲ လူငယ်တွေက ခုန ပြောသလိုပေါ့ ပွဲပိတ်တဲ့ ပုဂ္ဂိုလ်တွေကို ဆက်ပြီးတော့ ဆန္ဒဖော်ထုတ်နေကြတာပေါ့။

ကိုသားညွန့်ဦး။ ။ အခုထက်ထိ ရုတ်တ်ရုတ် ရုတ်ရုတ် ဖြစ်နေတုန်းဘဲပေါ့။ မြောက်ဦးမှာ။

ဒေါက်တာ အေးမောင်။ ။ အဲသည်လိုမျိုး ကြားပါတယ် ခင်ဗျ။ အဲသည်လိုမျိုး ကြားပါတယ်။ နှစ်တိုင်းကျင်းပခွင့် ပေးတဲ့ပွဲပေါ့ဗျာ။ အခုကျမှ ဘာလို့ ပိတ်တာလဲ။ ပြည်နယ အစိုးရရဲ့ အငြိုအငြင် ရှိမှု၊ မရှိမှုနဲ့လည်း ဆိုင်မယ် ထင်တယ်ဗျ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ အဲတော့ ခုနက ဒေါက်တာ အေးမောင်ကို မဟောဖို့ ဆိုပြီး လာမိန့်တယ် ဆိုတာက မြို့နယ် မဟန ကိုယ်တိုင်က လာတားတာလား။

ဒေါက်တာ အေးမောင်။ ။ မဟုတ်ဘူး။ မဟုတ်ဘူး။ မဟောဖို့ လာမိန့်တာ မဟုတ်ဘူး။ လက်ရှိ အခင်းအကျင်းမှာနော် ငြိမ်းစုစီနဲ့ တားတယ်။ ဥပဒေ အရ တားတဲ့ အခါမှာ ကျနော့်ကို ရှေ့ကို မတိုးဘဲနဲ့ သည်းခံပေးဖို့ ကျနော်တို့နဲ့ အင်မတန် ဟို ရင်းနှီးတဲ့ ဒါ ဆရာတော်တွေက ဒကာကြီး နောက်ဆုတ်ပေးပါ။ လက်ရှိ အခြေအနေမှာ ဆိုတာမျိုးနဲ့ ကျနော့်ကိုလည်း ခုနလို မိန့်တာပေါ့ဗျာ။ တယ်လီဖုန်းနဲ့ပါဘဲ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။ အဲတော့ ဒေါက်တာ အေးမောင်က မြောက်ဦးကို မရောက်လိုက်ဘူးပေါ့။ တိမ်ညိုမှာဘဲ အခု ရှိနေတာပေါ့။

ဒေါက်တာ အေးမောင်။ ။ ဟုတ်တယ်ဗျ။ မရောက်လိုက်ဘူး။ တိမ်ညိုကလည်း အေးဆေးပါဘဲ။

ကိုသားညွန့်ဦး။ ။ တိမ်ညိုက ဟောပြောပွဲကရော ပြီးမြောက်သွားလားဗျ။

ဒေါက်တာ အေးမောင်။ ။ မဟုတ်ဘူး။ ကျနော်တို့က အကုန်လုံးကို ကျနော်တို့က နောက်ဆုတ်တာပေါ့။ ငြိမ်းစုစီ တင်မှဘဲ ဖြစ်မယ်ဆိုရင် ဒါ စာပေဟောပြောပွဲ မဟုတ်တော့ဘူးလေ။ ပွဲလမ်းသဘင် ကျင်းပတာနဲ့ပတ်သက်လို့ အထွေထွေ အုပ်ချုပ်ရေးမှူး ဦးစီးဌာနမှာ ပွဲမိန့် ပေးပိုင်ခွင့် ရှိတယ်ဗျ။ အစဉ်အလာလည်း ပွဲမိန့်ရဖို့ အတွက် ထွေအုပ်ကို တင်ပြီးသား။ ခွင့်ပြုချက် ကျပြီးသားဗျ။ ကျနော့်ကို လက်မှတ်တွေလည်း ပြပါတယ်။ ဒါပေသိ ကျနော် လာဟောမယ် ဆိုတဲ့ အခါမှာ ငြိမ်းစုစီ နဲ့မှ ဆိုတာမျိုးနဲ့ ကန့်သတ်တာပေါ့ဗျာ။ အဲဒီမှာတင် လူထုက ပုံမှန်မဟုတ်ပေမယ့် ကန့်သတ်တယ် ဆိုတာမျိုး ဖြစ်မှာပေါ့ဗျာ။ ပြီးရင် ဒီလိုမျိုး နေ့မျိုးကို ကျင်းပခွင့် ပေးရမယ်ဗျ။ မြောက်ဦးမြို့က အထင်ကရ မြု့ိဗျ။ ဟုတ်ပလား။ ဒီလို အစဉ်အလာ ဒီလိုနန်းမြို့ဟောင်းကြီးမှာ ဒီလို အခမ်းအနားလေး လုပ်ပေးတာဟာ ကျနော်တို့ အမျိုးသား ပြန်လည် ရင်ကြားစေ့ဖို့အတွက်လည်း ဟုတ်ပါတယ်ဗျ။ သမိုင်း ရဲ့ ဒဏ်ရာဒဏ်ချက်တွေလေ။ သင်ခန်းစာတွေကို ကျနော်တို့က တိုင်းရင်းသား အားလုံး နားလည်အောင် ကြိုးစားရမယ့် ကာလလေ။

ကိုသားညွန့်ဦး။ ။ ဟုတ်ကဲ့။

ဒေါက်တာ အေးမောင်။ ။ ဟုတ်ဘူးလားဗျာ။ ရှမ်းကလည်း ရှမ်းလို ပြောမှာပေါ့ဗျာ။ မြန်မာကလည်း ၁၈၈၆ ဇန်နဝါရီလ ၁ ရက်နေ့ကို ပါတော်မူနေ့ အဖြစ် သတ်မှတ်မှာပေါ့ဗျာ။ ဒါ သမိုင်းဘဲလေ။ ကျနော်တို့ သင်ခန်းစာတွေကို မ ျှယူရမှာပေါ့။ ဗမာတွေခံစားရတာကို ရခိုင်တွေ မျှဝေရမယ်ဗျ။ ရခိုင်တွေ ခံစားရတာကို ဗမာတွေက အသိအမှတ်ပြုရမယ်။ ရှမ်းတွေခံစားရတာကို ကျနော်တို့ ရခိုင်တို့ ဗမာတို့က အသိအမှတ်ပြုပေးရမယ် မျှဝေပေးရမယ်။ အဲလိုဆို တိုင်းရင်းသား ချစ်ကြည်ရေးက ပိုခိုင်မြဲမှာပေါ့ဗျာ။

ကိုသားညွန့်ဦး ။ ။ အခုဖြစ်သွားတဲ့ ကိစ္စနဲ့ပတ်သက်ပြီးတော့ ဒေါက်တာအေးမောင်ကလည်း ဒီပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တဦးအနေနဲ့ ဘာတွေ အရေးပေါ် ဆောင်ရွက်ပေးနေတာ ရှိပါသလဲ ခင်ဗျ။

ဒေါက်တာ အေးမောင်။ ။ ဒါ ကျနော်တို့က ဘာမှ လုပ်လို့မရဘူးဗျ။ ဒါ အမတ် ဆိုတာက တပိုင်းပေါ့ဗျာ။ ဒါကြီးမှာ ကျနော်တို့ ဘာမှ ဝင်လို့မရဘူး။ ဒီကြားထဲမှာ ရသေ့တောင်မြို့နယ်မှာ ၁၅ ရက်နေ့က ကျနော်တို့ကို မေယုရင်သွေး ပရဟိတအသင်း သွေးလှုုရှင် အသင်းမှာ ဖိတ်ပြီးတော့ အခုကျင်းပတဲ့ ပွဲလိုပဲ ကျင်းပခဲ့တယ်ဗျနော်။ ကျနော်တို့ အချုပ်အခြာအဏာ ကျဆုံးတဲ့ ၂၃၃ နှစ်မြောက်နေ့ဆိုတာပေါ့ဗျာ။ ပြီးခဲ့တဲ့ နှစ်ကလည်း ကျင်းပပါတယ်။ ကျနော်တို့လည်း သွားတက်ပြီး ဟောပြောပါတယ်။ အဲဒီမှာ ဟောပြောလို့ဆိုပြီး ကျနော့်အရင် ဟောပြောတဲ့ ဦးဝေဟင်အောင် ဆိုတာ စာရေးဆရာဗျ။ ပရဟိတ သမားပါ။ ဝေလုကျော်နဲ့ အတူတွဲပြီးတော့လေ ဘင်္ဂလီ ပဋိပက္ခမှာ ရှေ့တန်းက ပါခဲ့တာပေါ့ဗျာ။ သူ့ကို ၅၀၅ (ခ) ပေါ့ဗျာ နိုင်ငံတော် အကြည်ညိုပျက်မှုနဲ့ စွဲတယ် ဆိုတာမျိုးနဲ့ ဖမ်းသွားတယ်ဗျ။ ကျနော့ကိုတောင်မှ ၁၇ (၁) တို့ဘာတို့နဲ့ ဖမ်းမယ်ဆိုတဲ့ ကောလဟာလကလည်း ရှိနေတာပေါ့ဗျာ။ ဟုတ်သည် မဟုတ်သည်ကတော့ ခင်ဗျားတို့ မနက်ဖန်ကျမှ စောင့်ကြည့်ပေါ့ဗျာ။ ဘယ်လိုပြောမလည်းဗျာ၊ ဟောပြောပွဲတခုမှာ ပြောလိုက်ရုံနဲ့ ဟုတ်လား၊ တင်ပြလိုက်ရုံနဲ့ ၁၇ (၁) တို့ ဘာတို့နဲ့ ငြိမငြိကတော့ ခင်ဗျားတို့ဟာ ခင်ဗျားတို့ စဉ်းစားပေါ့ဗျ။

ကိုသားညွန့်ဦး ။ ။ ဒါပေမယ့် လွှတ်တော်ကိုယ်စားလှယ် တဦးကို တရားစွဲမယ် ဆိုလို့ရှိရင်တော့ လွှတ်တော်ကို အကြောင်းကြားရမယ်ထင်တယ်။

ဒေါက်တာ အေးမောင်။ ။ ဒါပေါ့ဒါပေါ့။ အဲဒီဟာလည်း ရှိတာပေါ့။ ဦးဝင်းမြင့်ဆီက ဆက်ရှင်တောင်းရမှာပေါ့။ ၁၇ (၁) နဲ့ ငြိမငြိကို သူ့ဘက်က အလီဘိုင် ပေါ့ဗျာ၊ သူ့ဘက်က သက်သေပြရမှာပေါ့နော်။ ခိုင်မာတဲ့ အထောက်အထားတွေ ပြရမှာပေါ့။ မပြပဲနဲ့ ဒီလို၊ ပြီးခဲ့တဲ့ ခေတ်လို ဘယ်တရားစွဲလို့ ရတော့မှာလည်း။

ကိုသားညွန့်ဦး ။ ။ အခု မြောက်ဦးမှာ ဖြစ်သွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ လူငယ်တဦး သေဆုံးတယ်ဆိုတာ ဘယ်လောက်အထိ အတည်ပြုလို့ရမလဲ ဦး အေးမောင်၊ အခြေနေက။

ဒေါက်တာ အေးမောင်။ ။ ဓါတ်ပုံတွေတောင် တက်လာပြီဗျ။ ကျနော်တို့ ကြားပါတယ်။ ကျနော်ကတော့ လုံခြုံတဲ့ တနေရာမှာ ရှိတာပေါ့ဗျာ။ အဲတော့ ၁၀ ဦးလောက် ဒဏ်ရာရတယ် ဆိုတာကလည်း မြောက်ဦးကပဲ။ ကျနော်တို့ ခိုင်လုံတဲ့ ပုဂ္ဂိုလ်တွေ ဘက်က ပြောတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG