သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါက်တာအေးမောင်ကို တရားစွဲဆိုဖို့ လွှတ်တော်ခွင့်ပြုချက် တောင်းခံထား


ဒေါက်တာအေးမောင်
ဒေါက်တာအေးမောင်

အမ်းမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင်ကို တရားစွဲဆိုဖို့အတွက် ပြည်သူ့လွှတ်တော်ဥက္ကဌထံ ခွင့်ပြုချက်တောင်းခံထားပြီလို့ ရခိုင်အစိုးရအဖွဲ့ အတွင်းရေးမှုး ဦးတင်မောင်ဆွေက ဗွီအိုအေကို ပြောပါတယ်။ ရခိုင်အမျိုးသားတွေ အချုပ်အခြာအာဏာပိုင်ရမယ်ဆိုပြီး ရသေ့တောင်မြို့ ဟောပြောပွဲ မှာ ပြောဆိုခဲ့တာနဲ့ဆက်စပ်ပြီး စာရေးဆရာ ဝေဟင်အောင်ကို တရားစွဲဆို ဖမ်းဆီးထားသလို၊ အလားတူ ဟောပြောခဲ့တဲ့ ဒေါက်တာအေးမောင်ကိုလည်း တရားစွဲဆိုဖို့ အတွက် ရခိုင်ပြည်နယ်အစိုးရက စီစဉ်နေတာပါ။ အခြေအနေနဲ့ပတ်သက်လို့ ရခိုင်ပြည်နယ်အစိုးရအတွင်းရေးမှုး ဦးတင်မောင်ဆွေကို မသိင်္ဂ ီထိုက် မေးမြန်း ထားပါတယ်။

"ဦးတင်မောင်ဆွေ။ ။ အဲဒါက ရသေ့တောင်မှာ သူတို့ ပြောဆိုသွားတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒီဥစ္စာသည် ထာဝရ ငြိမ်းချမ်းရေး ဆောင်ရွက်နေတဲ့ အချိန်မှာ ပြည်သူလူထုကို ထင်ယောင် ထင်မှားဖြစ်အောင် ပြောဆိုတဲ့ စကားလေးတွေ သုံးနှုန်းသွားတာတွေ ရှိပါတယ်။ နည်းနည်း မဟုတ်ပါဘူး။ အများကြီး ပြောသွားတာပါ။ အဲဒါနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့က ဒါ အရေးယူဖို့ အတွက် အမှုဖွင့်မှာလေ။ အမှုဖွင့်တော့ စာရေးဆရာ ဝေဟင်အောင် နဲ့ ဆရာ ဒေါက်တာ အေးမောင်ရယ် ၂ ယောက်ပေါ့။ အမှုဖွင့်မှာ။

ဒေါက်တာအေးမောင်ကျတော့ အမှုဖွင့်ဖို့ ရှိသော်လည်းဘဲ ကျနော်တို့က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဖြစ်တဲ့ အတွက် လွှတ်တော် ကျင်းပနေချိန်မှာ ကျနော်တို့က လုပ်လို့ မရပါဘူး။ ဒီအတွက် ကျနော်တို့က လွှတ်တော်ကို တောင်းရတာပေါ့။ တောင်းထားပါတယ် ဒီဟာ။ သူ့ကို ဖမ်းထားတာလည်း မရှိပါဘူး။ ခုန ပြောသလို လောလောဆယ် အမှုဖွင့်ထားတာလည်း မရှိပါဘူး။

သိင်္ဂ ီထိုက်။ ။ အဲဒီတော့ လွှတ်တော် ခွင့်ပြုချက် ရပြီးလားရှင်။

ဦးတင်မောင်ဆွေ။ ။ မရသေးပါဘူး။ အဲဒါတွေ မရသေးပါဘူး။

သိင်္ဂ ီထိုက်။ ။ ဟုတ်ကဲ့ပါ။ သူ့ကို အမှုဖွင့်မယ်ဆိုတော့ ဘယ်ပုဒ်မတွေနဲ့ ဆရာတို့ ဖွင့်ဖို့ ရှိပါသလဲ။

ဦးတင်မောင်ဆွေ။ ။ ကျနော်တို့ လောလောဆယ်တော့ ပုဒ်မ ၅၀၅ ပေါ့ နိုင်ငံတော်ကို အကြည်ညိုပျက်စေတဲ့ အမှု ပေါ့နော်။ ပုဒ်မ ၅၀၅။

သိင်္ဂ ီထိုက်။ ။ ဒေါက်တော အေးမောင် ဘယ်မှာ ရှိတယ်ဆိုတာရော ဆရာတို့ သိထားပါလား။

ဦးတင်မောင်ဆွေ။ ။ ဟုတ်တယ်ဗျ။ ကျနော်တို့ ဟိုတနေ့တုန်းက သူ့ကားကို စစ်တော့ ကားနဲ့ ဒရိုင်ဘာ (ကားမောင်းသူ) ဘဲ တွေ့တယ်ဗျ။ ကားနဲ့ ဒရိုင်ဘာဘဲ တွေ့တယ်။ သူ့ကိုတော့ မတွေ့ပါဘူး ခင်ဗျ။

ရသေ့တောင်ဟောပြောပွဲအတွင်းမှာတော့ လက်ရှိနိုင်ငံရေး အားနည်းချက်ကို အခွင့်ကောင်းယူပြီး ရခိုင်အမျိုးသားတွေအနေနဲ့ ကိုယ့်အချုပ်အချာ အာဏာပြန်လည်ရယူဖို့ ဒေါက်တာအေးမောင်က တိုက်တွန်းထားတယ်လို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ နောက်တနေ့လုပ်မယ့် မြောက်ဦး ဟောပြောပွဲကို အာဏာပိုင်တွေက ခွင့်မပြုခဲ့ဘဲ အဲဒီကနေ မကျေမနပ်ဖြစ်ပြီး အဓိကရုဏ်းတွေ ဖြစ်လာတာပါ။ "

ဒေါက်တာအေးမောင်းကို ဖမ်းဆီးဖို့ ပြည်သူ့လွှတ်တော်ဥက္ကဌထံကနေ ခွင့်ပြုချက်ရထားပြီလို့ နိုင်ငံတော်အတိုင်ပင်ခံရုံး ညွန်ကြားရေးမှုးချုပ် ဦးဇော်ဌေးကို ကိုးကားပြီး Frontier သတင်းဌာနက အခုပဲ ရေးသားထားပါတယ်။ ဒါနဲ့ပတ်သက်လို့ မေးမြန်းဖို့ နိုင်ငံတော်အတိုင်ပင်ခံရုံးကိုရော ပြည်သူလွှတ်တော်ရုံးကိုပါ ဗွီအိုအေက ဆက်သွယ်လို့ မရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG