သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီ ဒေသခံ ၄၀ ရာနှုန်း နေရပ် ပြန်လာနေထိုင်


ဂူဂဲလ်မြေပုံမှာတွေ့ရတဲ့ မတူပီမြို့ ၊ ချင်းပြည်နယ်
ဂူဂဲလ်မြေပုံမှာတွေ့ရတဲ့ မတူပီမြို့ ၊ ချင်းပြည်နယ်

ချင်းပြည်နယ်၊ မတူပီမြို့နယ်မှာ မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး လည်ပတ်နေပြီး ပြန်လည်တည်ဆောက်ရေးအတွက် ကြိုးပမ်းနေတယ်လို့ မတူပီမြို့ကို သိမ်းထားတဲ့ ဒေသခံ ချင်းကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူ တဦးက ဗွီအိုအေကို ပြောပါတယ်။ ဒေသခံတွေ မြို့ကို ပြန်လာပြီး နေထိုင်နိုင်ဖို့ ဦးစားပေးဆောင်ရွက်နေပြီး၊ လက်ရှိအချိန်မှာ ဒေသခံ လူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်တော့ ပြန်ရောက်လာပြီလို့ သူကပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး တင်ပြထားပါတယ်။

ချင်းပြည်နယ်၊ မတူပီမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်မှာ ချင်းညီနောင်စစ်ဆင်ရေးဆိုပြီး ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ မြို့ပြန်လည် တည်ဆောက်ရေး ကြိုးပမ်းခဲ့ပေမဲ့ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ ထိုးစစ်တွေကြောင့် ဒေသခံတွေ နေရပ်ပြန်ရေး အခက်အခဲတွေ ရှိခဲ့ပါတယ်။ အခုချိန်ထိ မတူပီမှာ ဒေသခံ ၄၀ ရာခိုင်နှုန်းလောက်သာ ပြန်ရောက်နေထိုင်ပြီး၊ အများစုက မီဇိုရမ်ဘက်မှာ ရှိနေတုန်းပဲလို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ တပ်မှူးတယောက်က ဗွီအိုအေကို ပြောပါတယ်။

"မတူပီမြို့နယ်မှာ အုပ်ချုပ်ရေး ပြန်ဖွဲ့စည်းထားတာတွေ လည်ပတ်နိုင်အောင် အမျိုးမျိုးလုပ်ဆောင် ထားတာတွေရှိတယ်။ ပထမဆုံး ဦးစားပေးဖို့ကတော့ စစ်ဘေးရှောင်တဲ့ ပြည်သူတွေ အမြန်ဆုံးပြန်လည် ရောက်ရှိနိုင်ဖို့ရန်အတွက် ပထမဆုံးကြိုးပမ်းနေတယ်။ လမ်းပန်းဆက်သွယ်ရေးကအစ ကောင်းမွန်အောင်၊ ပြည်သူတွေ အလွယ်တကူ သွားလို့ရအောင် မော်တော်ဆိုင်ကယ်တို့၊ ကုန်သွယ်ရေးတို့ကအစ တပိုင်တနိုင်စီးပွားရေးတွေ လုပ်လို့ရအောင် ကျနော်တို့အခု ကြိုးစားနေတယ်။"

ဒေသခံတွေ ပြန်လည်ရောက်ရှိရေး၊ ကုန်သွယ်ရေးနဲ့ နေထိုင်စားသောက်နိုင်ဖို့ ဦးစားပေးဆောင်ရွက်နေပြီး၊ တရားဥပဒေပိုင်းမှာတော့ လည်ပတ်နိုင်ဖို့ အချိန်ပေးရဦးမယ်လို့ သူက ပြောပါတယ်။ ဥပဒေပိုင်းဆိုင်ရာ ကျွမ်းကျင်သူတွေ၊ ပညာရှင်တွေနဲ့ တာဝန်ထမ်းဆောင်ဖူးသူတွေ ပြန်မရောက်လာသေးချိန်မှာ ဓလေ့ထုံးစံနဲ့အညီ တရားရေးပိုင်းကို အခုချိန်မှာ ဖြေရှင်းဆောင်ရွက်ပေးနေတယ်လို့ ပြောပါတယ်။

"ဖြစ်နေတဲ့ပြဿနာတွေကို တရားစီရင်ရေးဆိုတာထက် လုပ်သင့်လုပ်ထိုက်တာတွေကို ထုံးတမ်းဓလေ့နဲ့အညီ သိတဲ့သူတွေကို ဦးစီးဦးဆောင်ခိုင်းပြီးမှ လုပ်နေရတာပေါ့။ ဒီဟာထက်ကြီးတဲ့ ကိစ္စတွေကတော့ တကယ့် ဥပဒေပညာရှင်တွေ၊ အရင်ကလုပ်ခဲ့ဖူးတဲ့ CDMers တွေရော မရောက်လာနိုင်သေးတဲ့ အတွက်ကြောင့် ဒီအဆင့်ထိတော့ ကောင်းကောင်းဖွဲ့စည်းနိုင်တယ်လို့ မရှိသေးပါဘူး။"

မတူပီမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ CDF မတူပီ (တပ်မဟာ-၁) ဟာ ကြားကာလချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) နဲ့ ချင်းညီနောင် (CB) တို့ရဲ့ နိုင်ငံရေး၊ စစ်ရေးလမ်းစဉ်အတိုင်း အုပ်ချုပ်ရေး၊ ကာကွယ်ရေးနဲ့ ပြည်သူ့ဝန်ဆောင်မှု ယန္တရားတွေမှာ လည်ပတ်နိုင်အောင် ကြိုးပမ်းနေတယ်လို့ ပြောပါတယ်။

"အခုလက်ရှိ မတူပီမှာ အုပ်ချုပ်ရေးက နှစ်ဖွဲ့နဲ့ဖြစ်နေတယ်။ ချင်းလဲန်းကောင်စီ လက်အောက်ကနေ လည်ပတ်တဲ့ အုပ်ချုပ်ရေးရှိသလို၊ ICNCC ဆိုတဲ့ အဖွဲ့ကနေ လည်ပတ်တဲ့ဟာရှိတယ်။ ကျနော်တို့က ဒီနှစ်ဖွဲ့ထဲမှာမှ အဓိကတော့ အားလုံးအဆင်ပြေ ချောမွေ့ဖို့အတွက်တော့ တဖွဲ့နဲ့အုပ်ချုပ်ရေး လည်ပတ်နိုင်အောင်တော့ ကြိုးစားနေဆဲဖြစ်ပါတယ်။ နှစ်ဖွဲ့မဟုတ်ဘဲတဖွဲ့ထဲနဲ့ ရပ်တည်နိုင်ပြီးတော့မှ ပူးပေါင်းနိုင်ပြီဆိုရင်တော့ ဒီထက်ကောင်းတဲ့ စုဖွဲ့မှုသည် တရားရေးဆိုင်ရာမှာသော်၎င်း၊ ဖွံ့ဖြိုးရေးပိုင်းမှာသော်၎င်း၊ ကျနော်တို့ ဒီထက်မက အများကြီး အကောင်အထည်ဖော်နိုင်ဖို့ ရှိလိမ့်မယ်။"

မြို့ပြည်လည်တည်ဆောက်နေတဲ့ အချိန်ဖြစ်တာကြောင့် ပြန်ရောက်လာတဲ့ ဒေသခံတချို့ရှိသလိုပဲ တချို့က ဒေသတွင်းအခြေအနေကို လာရောက်စနည်းနာတာမျိုး၊ ခဏ ပြန်လာကြပြီး အခြေအနေကို ကြည့်ကြပါတယ်။ ချင်းပြည်နယ်၊ မတူပီမြို့မှာရှိတဲ့ စစ်ကောင်စီရဲ့စခန်းတွေကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လကုန်မှာ တိုက်ခိုက်သိမ်းပိုက်ပြီး စစ်ကောင်စီ ကင်းစင်နယ်မြေအဖြစ် ချင်းတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ကြေညာခဲ့ကြပါတယ်။

မတူပီမြို့ကို သိမ်းလိုက်နိုင်တဲ့အတွက် ချင်းပြည်နယ်တောင်ပိုင်းနဲ့ အိန္ဒိယနိုင်ငံ ချိတ်ဆက်လမ်း၊ ရခိုင်ပြည်နယ်နဲ့ ချိတ်ဆက်တဲ့လမ်းတွေကို ဆက်သိမ်းဖို့နဲ့ မကွေးတိုင်း ယောနယ်ဘက်ကိုလည်း စစ်မျက်နှာတိုးချဲ့ဖို့ အခွင့်အရေးရလာတာ ဖြစ်တဲ့အကြောင်း ဒေသခံ ချင်းတိုင်းရင်းသားအဖွဲ့အစည်းတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG