သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူပီမြို့သိမ်းတိုက်ပွဲ ချင်းညီနောင်အဖွဲ့ပြောခွင့်ရသူနဲ့မေးမြန်းချက်


မတူပီမြို့သိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံ။ (ဇွန် ၂၉၊ ၂၀၂၄/ဓာတ်ပုံ-Chin Brotherhood)
မတူပီမြို့သိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံ။ (ဇွန် ၂၉၊ ၂၀၂၄/ဓာတ်ပုံ-Chin Brotherhood)

မတူပီမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီရဲ့ဟောက်ဝစ်ဇာ အမြောက်တွေ (Howitzer)၊ ပွိုင့် ၃၇ လေယာဉ်ပစ် လက်နက်တွေ၊ အာပီဂျီ ပုခုံးထမ်း လောင်ချာတွေအပါအဝင် လက်နက်ကြီးတွေနဲ့ အမ်အေ (MA) စီးရီး မောင်းပြန်သေနတ် ရာနဲ့ချီသိမ်းဆည်းရမိတယ်လို့ ချင်းညီနောင် (Chin Brotherhood) အဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က ချင်းညီနောင် အဖွဲ့က ချင်းပြည်တောင်ပိုင်းမှာ ခရိုင်အဆင့်မြို့ဖြစ်တဲ့ မတူပီမြို့ကိုသိမ်းယူနိုင်ခဲ့ကြောင်းကြေညာပြီး နောက်ဆက်တွဲ အခြေအနေနဲ့ ဒေသတွင်းက ချင်းပြည်ကောင်စီ လက်အောက်ခံတပ်တွေနဲ့ ထိတွေ့မှုနဲ့ လက်ရှိဆက်ဆံရေးကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုငြိမ်းချမ်းအေးက စုစည်းတင်ပြပေးထားပါတယ်။


ချင်းပြည်နယ်ထဲမှာ စစ်ကောင်စီရဲ့ အဓိကအခြေစိုက် ဗျူဟာနှစ်ခုရှိတဲ့ အထဲက တခုဖြစ်တဲ့ မတူပီဗျူဟာကို ချင်းညီနောင်အဖွဲ့ကသိမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ချင်းပြည်တောင်ပိုင်းမှာ စစ်ကောင်စီရဲ့အခြေစိုက် စစ်ဗျူဟာမရှိတော့ဘဲ ပြည်နယ်မြို့တော် ဟားခါးမှာပဲကျန်တော့တဲ့အပြင် လက်ရှိ မတူပီတမြို့လုံးမှာ စစ်ကောင်စီ ထိန်းချုပ်ထားနိုင်တာ လုံးဝ မရှိတော့ဘူးလို့ ချင်းညီနောင်အဖွဲ့ရဲ့ သတင်းနှင့်ပြန်ကြားရေး ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယာမာန်က ဗွီအိုအေကို ပြောပါတယ်။

“မတူပီကို ဇွန်လ ၉ ရက်နေ့က စတင် ထိုးစစ်ဆင်ခဲ့တယ်ပေါ့နော်။ မတူပီမှာက ခ-မ-ရ (၃၀၄) ရှိတယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာ ရှိတယ်။ ခ-မ-ရ (၃၀၄) ကို ဇွန်လ ၁၇ ရက်နေ့မှာ သိမ်းနိုင်ခဲ့တယ်။ ခ-လ-ရ (၁၄၀) နဲ့ အခြေစိုက်ဗျူဟာကိုတော့ ဇွန်လ ၂၉ ရက်နေ့မှာ လုံးဝ အပြီးအစီးသိမ်းနိုင်ခဲ့တယ်။ လက်ရှိမှာတော့ ထွက်ပြေးနေတဲ့ စစ်ကောင်စီ တပ်သားတွေကို လိုက်လံ ရှင်းလင်းနေတာ ရှိတယ်။ နယ်မြေ လုံခြုံရေး ပြန်လုပ်နေတာ ရှိတယ်။ မတူပီ တခုလုံးတော့ စစ်ကောင်စီ ကင်းစင်သွားပြီလို့ ပေါ့နော်။”

မတူပီမြို့နယ်ထဲမှာ မတူပီ၊ ရေဇွာ၊ လိုင်လင်းပီ ဆိုပြီး မြို့ ၃ မြို့ရှိရာမှာ လိုင်လင်းပီနဲ့ ရေဇွာမြို့တွေကို ချင်းပြည်ကောင်စီနဲ့ ချင်းပြည်အစိုးရ ဖွဲ့စည်းရာမှာ အဓိကပါဝင်တဲ့ ချင်းအမျိုးသားတပ်ဦး (CNF) ရဲ့ လက်နက်ကိုင် အဖွဲ့ဖြစ်တဲ့ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက မနှစ် နိုဝင်ဘာလကုန်ကတည်းက သိမ်းပိုက်ထားတာပါ။ အခု မတူပီ မြို့သိမ်း စစ်ဆင်ရေးကိုတော့ ကြားကာလချင်းအမျိုးသားကောင်စီ (ICNCC) ရဲ့ မူဝါဒအတိုင်းသွားနေတဲ့ ချင်းညီနောင်အဖွဲ့က ဖော်ဆောင်ခဲ့တာပါ။ ဒီစစ်ဆင်ရေးမှာ အာရက္ခတပ်တော် (AA )၊ ယောတပ်မတော် (Yaw Army)၊ ယောကာကွယ်ရေးတပ် (YDF) မဟာမိတ်အဖွဲ့တွေလည်း ပါဝင်ခဲ့တယ်လို့ ချင်းညီ‌နောင်က သတင်းထုတ်ပြန်ထားပါတယ်။

ရက် ၂၀ ကျော်ကြာ တိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီဘက်ကရော၊ ချင်းညီနောင်နဲ့ မဟာမိတ်ဘက်ကရော နှစ်ဘက် အကျအဆုံး ရှိတယ်လို့ ချင်းညီနောင်အဖွဲ့က ဗွီအိုအေပြောပေမယ့် အတိအကျ စာရင်းထုတ်ပြန်တာမျိုးတော့ မရှိပါဘူး။ လက်နက်ခဲယမ်း သိမ်းဆည်းရမိမှု အခြေအနေကိုတော့ မကြာခင်မှာ သတင်းထုတ်ပြန်မယ်လို့ ဆလိုင်းယောမာန်က ပြောပါတယ်။

“အဲဒီမှာ လေယာဉ်ပစ် လက်နက်တွေ၊ ပွိုင့် ၃၇ တွေ ရတယ်၊ ဟောက်ဝစ်ဇာတွေ ရတယ်။ နောက်ဆုံးတိုက်ပွဲမှာ ဆိုရင်တော့ အာပီဂျီ (RPG) တွေ၊ အမ်အေ (MA ) စီးရီး ရာနဲ့ချီ ရတယ်ပေါ့နော်။ လက်နက်ကြီး၊ ခဲယမ်းတွေ အတော်များများကို အလုံးအရင်း ရပါတယ်။”

မတူပီမြို့သိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံ။ (ဇွန် ၂၉၊ ၂၀၂၄/ဓာတ်ပုံ-Chin Brotherhood)
မတူပီမြို့သိမ်းတိုက်ပွဲမှတ်တမ်းဓာတ်ပုံ။ (ဇွန် ၂၉၊ ၂၀၂၄/ဓာတ်ပုံ-Chin Brotherhood)


မတူပီ စစ်ရေးသတင်းနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ လတ်တလော ထုတ်ပြန်တာမျိုးမရှိသေးပါဘူး။ မတူပီမြို့နယ်နဲ့ ထိစပ်နေတဲ့ ဒေသတွေက စစ်ရေးဗျူဟာအရ အချက်အချာကျပြီး ပြည်မဘက်က မကွေးတိုင်းနဲ့ ဆက်စပ်နေတဲ့ မင်းတပ်မြို့နယ်ကတဆင့် ပုသိမ်-မုံရွာ လမ်းတလျှောက်က စစ်ကောင်စီရဲ့ လက်နက်စက်ရုံတွေရှိတဲ့နေရာအထိ ခြိမ်းခြောက်လာနိုင်မယ့် အနေအထားလို့ စစ်ရေးအကဲခဲတွေက သုံးသပ်ကြပါတယ်။

ဆလိုင်းယောမာန်ကတော့ ချင်းညီနောင်ရဲ့ ရှေ့ရည်မှန်းချက်ကို အခုလို ပြောပါတယ်။

“ဆိုလိုချင်တာကတော့ တီးတိန်၊ ဖလမ်း၊ မင်းတပ်၊ ကန်ပက်လက် တွေမှာ လုံးဝ စစ်ကောင်စီ ကင်းစင်နယ်မြေဖြစ်အောင် ဦးစားပေးမယ်။ အားစိုက်ထုတ်မယ်။ ဒီ ၂၀၂၄ ခုနှစ် အတွင်းမှာ။ ပြီးတော့လည်း ကျန်ရှိနေသေးတဲ့ ချင်းပြည်နယ်မှာရှိတာ အကုန်လုံးကိုတိုက်ထုတ်မယ်။ နောက်ထပ် တော်လှန်ရေး ဆက်လုပ်ရမှာပဲ။ ချင်းညီနောင်သည် ဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်လာဖို့အတွက် တစိတ်တပိုင်းအဖြစ် ပါဝင်နေတာ ဖြစ်တယ်။ ဆိုတော့ ကျနော်တို့အနေနဲ့ ကိုယ့်ဒေသပြီးရင် စစ်အာဏာရှင် ပြုတ်ကျရေးကို ဆက်လက် ကြိုးပမ်းတိုက်ပွဲဝင်သွားမယ့် အဖွဲ့ ဖြစ်ပါတယ် ခင်ဗျာ။”

ချင်းညီနောင်ရဲ့ ပြောဆိုချက်အရတော့ စစ်ကောင်စီဘက်က မတူပီကို စစ်ကြောင်း ပြန်ထိုးနိုင်မယ့်အနေအထား မရှိဘူးလို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေကတည်းက စစ်ကောင်စီဘက်က မတူပီက သူတို့ တပ်တွေကို မြေပြင်ကနေ ထောက်ပံ့တာမျိုး မလုပ်နိုင်ဘဲ ရဟတ်ယာဉ်နဲ့ပဲ လုပ်နေခဲ့ရတာ လို့ ဆိုပါတယ်။ လမ်းပမ်းဆက်သွယ်ရေး အနေအထားအရလည်း မတူပီကို အဓိက ဝင်ပေါက်အနေနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေ အဓိက စိုးမိုးနေတဲ့ မင်းတပ်ကနေ ဖြတ်ပြီးမှသာ ဝင်နိုင်မှာမို့ စစ်ကောင်စီဘက်က ပြန် စစ်ကြောင်း ထိုးချင်ရင်တောင် လေကြောင်းကနေ အလုံးအရင်းနဲ့ စစ်အင်အား ချပေးမှသာ ဖြစ်နိုင်မယ်လို့ ဆလိုင်းယောမာန်ကပြောပါတယ်။ ချင်းပြည်နယ်ထဲက ကျန်တဲ့ဒေသတွေမှာလည်း စစ်ကောင်စီဘက်က အခိုင်အမာ ခြေကုပ်ယူနိုင်တာက မြို့ပေါ်လောက်ပဲ ရှိတယ်လို့လည်း သူက ဆိုပါတယ်။

“ရှင်းရှင်းပြောရရင် ကျန်နေသေးတဲ့ ဟားခါး၊ ထန်တလန်၊ မင်းတပ်၊ ကန်ပက်လက်၊ ဖလမ်း၊ တီးတိန် တို့ ဆိုလို့ ရှိရင်လည်း မြို့ပေါ်လေးလောက်ပဲ ကွက်ပြီးမှ ကျန်တာပါ။ ကျန်တဲ့ တမြို့နယ်လုံး အတိုင်းအတာ အနေနဲ့ ဆိုရင် စစ်ကောင်စီက မလူးသာ မလွန့်သာပေါ့၊ လှုပ်ရှားနိုင်တဲ့ အခြေအနေလည်း လုံးဝ မရှိပါဘူး။”

မတူပီ မြို့မှာ လက်ရှိ အရပ်ဘက် အစိုးရနဲ့ အုပ်ချုပ်ရေးဝန်ထမ်းတွေ အပါအဝင် မြို့နေ လူထု အားလုံး စစ်ရှောင်နေကြပြီး ချင်းညီနောင်အဖွဲ့က နယ်မြေရှင်းလင်းရေးနဲ့ လုံခြုံရေး လုပ်ဆောင်ပြီးတဲ့ နောက်ပိုင်းမှာတော့ အဲဒီဒေသကို စိုးမိုးနယ်မြေ ယူထားတဲ့ မတူပီ တပ်မဟာ (၁) က အုပ်ချုပ်ရေး ပြန်လည်ပတ်ဖို့ တရားဥပဒေစိုးမိုးရေး၊ လုံခြုံရေးတွေ တာဝန်ယူသွားမယ်လို့ ချင်းညီနောင်က ပြောပါတယ်။


တဘက်မှာလည်း မတူပီမြို့သိမ်း စစ်ဆင်ရေးမှာ သဘောထား ကွဲလွဲမှု တချို့ ရှိနေတဲ့ ချင်းကာကွယ်တပ်တွေအနေအထား အပြင်မှာ ချင်းညီနောင်အဖွဲ့က အာရက္ခတပ်တော် (AA) နဲ့ မဟာမိတ်ပြု စစ်ဆင်ခဲ့တာ အပေါ် ချင်းအသိုင်းအဝန်းမှာ တချို့က ထောက်ပြကြတာတွေ ရှိပါတယ်။ ဆလိုင်းယောမန်ကတော့ ဒါဟာ သွေးထိုးတာတွေ ဖြစ်ပြီး စိုးရိမ်စရာ မရှိဘူးလို့ ဗွီအိုအေကို ပြောပါတယ်။

“မတူပီမြို့ကို တပ်မဟာ (၁) က ထိန်းချုပ်နယ်မြေဆိုတော့ တပ်မဟာ (၁) က ပြန် Run မယ်။ အုပ်ချုပ်ရေးကို သူတို့ပဲ လုပ်မယ်။ ဂိတ်တွေဘာတွေ ထားတာလည်း သူတို့ပဲ ထားမယ်။၊ Rule of Law ပေါ့နော်၊ တရားဥပဒေ စိုးမိုးမှု၊ တည်ငြိမ် အေးချမ်းဖို့ကို သူတို့ ပြန်ပြီး တဖြည်းဖြည်း ဖော်ဆောင်ကြမှာပေါ့။”

ပြီခဲ့တဲ့ မတ်လနဲ့ ဧပြီလတုန်းက ကန်ပက်လက်မြို့နယ်ထဲက ကျင်ဒွေးမြို့သိမ်း စစ်ဆင်ရေးမှာလည်း အာရက္ခတပ်တော် (AA) ပါဝင်တာ အပေါ် လူမျိုးရေး အခြေပြု ပြောဆိုကြတာတွေ ရှိပေမယ့် လက်ရှိမှာ ကျင်ဒွေးမြို့ကို သက်ဆိုင်ရာ ကန်ပက်လက် ချင်း ကာကွယ်ရေးတပ်ဖွဲ့နဲ့ ကန်ပက်လက် မြို့နယ် ပြည်သူ့အုပ်ချုပ်ရေး လက်အောက်မှာပဲ ရှိပြီး AA ရဲ့ အုပ်ချုပ်မှုအောက်မှာမရှိသလို မဟာမိတ်အဖွဲ့ဝင် တခြား မြို့နယ်ဆိုင်ရာ ချင်းကာကွယ်ရေးတပ်တွေကလည်း အုပ်ချုပ်ရေးမှာ ပါဝင် ပတ်သက်မှု မရှိဘူးလို့လည်း ဆလိုင်းယောမာန်က ဥပမာပေး ပြောပါတယ်။

အခု ခရိုင်အဆင့် မတူပီမြို့ စစ်ကောင်စီရဲ့ ထိန်းချုပ်မှုအောက်က လွတ်မြောက်ပြီး မတူပီဒေသခံတွေပဲ အုပ်ချုပ်မယ်လို့ဆိုပေမယ့် ဒေသခံတပ်ဖွဲ့တွေကြားမှာက နိုင်ငံရေးအရ သဘောထားကွဲလွဲနေတဲ့ စိန်ခေါ်ချက်တွေကလည်း ရှိနေပါတယ်။ စတုရန်းမိုင် နှစ်ထောင့်သုံးရာ ကျော်ရှိတဲ့ မတူပီမြို့နယ်ထဲမှာ ဒိုင်၊ မတူ၊ မရာ၊ ဇိုးသုမ် အစရှိတဲ့ မျိုးနွယ်စုတွေ နေထိုင်နေကြတာပါ။ တခါ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ကြတာမှာလည်း မတူပီ ဒေသ၊ လိုင်းလင်းပီမြို့ ရှိတဲ့ မရာ ဒေသ၊ ရေဇွာမြို့ ရှိတဲ့ ဇိုးသုမ် ဒေသ အစရှိသလို ဒေသတွေမှာ သက်ဆိုင်ရာ ကာကွယ်ရေးတပ်တွေ အသီးသီးရှိနေကြတာပါ။ မတူပီမှာ တပ်ရင်း (၁) နဲ့ (၅) ပေါင်းပြီး တပ်မဟာ (၁) ဖြစ်လာသလို တပ်ရင်း (၂)၊ (၃)၊ (၄) ပေါင်းပြီးမှ တပ်မဟာ (၂) ဆိုပြီး ဖွဲ့စည်းထားတာပါ။ အဲဒီမှာ တပ်မဟာ (၁) က ချင်းညီနောင်နဲ့ ပူးပေါင်းတာ ဖြစ်ပြီး တပ်မဟာ (၂) က ချင်းကောင်စီနဲ့ ပူးပေါင်းထားပါတယ်။

ချင်းပြည်နယ်အစိုးရဖွဲ့စည်းမှုအပေါ် မင်းတပ် CDF အမြင်
please wait

No media source currently available

0:00 0:07:01 0:00

ဒါကြောင့် မတူပီမြို့နယ် တခုလုံးမှာ ‘ဘုံ’ တူညီ တိုက်ခိုက်ဆန့်ကျင်နေတဲ့ စစ်ကောင်စီ တပ်တွေ မရှိတော့ချိန် သဘောထား ကွဲလွဲနေတဲ့ ချင်းလက်နက်ကိုင်တပ်တွေကြား ထိတွေ့ မှုတွေ ရှိမှာကို ချင်း လူမျိုး အသိုင်းအဝန်းကြား စိုးရိမ်ချက်တွေ ရှိနေတာပါ။ ၂၀၂၃ ခုနှစ်တုန်းက မရာဒေသမှာ အလားတူ ချင်း တပ်ဖွဲ့တွေ အချင်းချင်း ထိတွေ့မှုတွေ ရှိခဲ့လို့ လူသေဆုံးတဲ့ အထိ ဖြစ်ခဲ့ပါတယ်။ လက်ရှိ မတူပီမြို့သိမ်းတိုက်ပွဲမှာလည်း ချင်းအမျိုးသားတပ်မတော် (CNA) ဦးဆောင်တဲ့ ချင်းပြည်ကောင်စီပူးပေါင်းတပ်တွေနဲ့ ပစ်ခတ်မှုတွေရှိခဲ့ပြီး မြို့သိမ်းတိုက်ပွဲနှောင့်နှေးခဲ့ရတယ်လို့ ချင်းညီနောင်က ထုတ်ပြန်ထားတာပါ။ ဆလိုင်းယောမာန်ကတော့ အခြေအနေ ပိုဆိုးမသွားအောင် တွေ့ဆုံ ဆွေးနွေးဖို့လိုနေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကိုယ်ထိန်းချုပ်ရာဒေသမှာ ကိုယ့်ဟာနဲ့ကိုယ် အရင်ဆုံး စစ်ကောင်စီ ကင်းစင်အောင် လုပ်ကြမယ်၊ ပြီးတော့မှ ကျနော်တို့အချင်းချင်း ညှိနှိုင်း စကားပြောကြမယ်။ ဒီလိုမျိုး ကျနော်တို့ ကြိုတင်ပြီးမှ ပန်ကြားတာရော၊ အကြောင်းကြားတာရော ရှိပါတယ်။ ဒါပေမယ့် ဖြစ်မလာဘူးပေါ့နော်။ တခါတလေကျတော့ တဘက်ကနေ ပြန်ကြည့်မယ် ဆိုရင်လည်း စစ်ကောင်စီစခန်းကို လုပြီးတိုက်သလိုမျိုး ဖြစ်တယ်၊ နောက်တဘက်က ပြန်ကြည့်မယ်ဆိုရင်လည်း စစ်ကောင်စီစခန်းကိုတိုက်နေတဲ့ ညီနောင်အဖွဲ့ကို နောက်ကျောကနေ ဝင်တိုက်တာပေါ့နော်၊ အဲဒီလို ပုံစံလည်း ဖြစ်တာပေါ့။ ပဋိပက္ခတွေ ဖြစ်နေတယ်ပေါ့နော်။ လောလောဆယ်တော့၊ လက်ရှိအချိန်မှာတော့ မရှိတော့ဘူး၊ ဒါပေမယ့် ဘယ်လိုပြောမလဲ၊ နောက်နောင်တော့ ဒီလို မဖြစ်အောင် ကျနော်တို့ စတင် ဆွေးနွေးကြဖို့ လိုမယ်ပေါ့နော်၊ ပိုဆိုးမသွားခင် Dialogue (စကားပြော ညှိနှိုင်းတာ) တွေ လုပ်ရမယ်၊ Communicate (တွေ့ဆုံ ဆက်သွယ်) တာတွေ လုပ်ရမယ်လို့ ကျနော် ထင်ပါတယ်။”

ချင်းပြည်ကောင်စီဘက်ကို ဗွီအိုအေက ဆက်သွယ် မေးမြန်းရာမှာလည်း ဒီပြဿနာ ဖြေရှင်းနိုင်ဖို့က နှစ်ဘက်စလုံးမှာ တာဝန်ရှိပြီး လက်နက်ကိုင် တပ်တွေ အချင်းချင်း ပစ်ခတ်တာတွေ မဖြစ်အောင် နှစ်ဘက်စလုံးက သတ္တိရှိရှိနဲ့ ရှောင်လွဲပြီးတော့ ဆွေးနွေးတဲ့ နည်းလမ်းနဲ့ သွားနိုင်ဖို့ ကြိုးစားရမှာ ဖြစ်ကြောင်း ဖြေကြားထားပါတယ်။ ချင်းပြည်နယ် တခုလုံးမှာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်မှု အနည်းအကျဉ်းသာကျန်တော့ချိန်မှာ ချင်းအဖွဲ့အစည်းတွေကြား မညီညွတ်ရင် အာဏာသိမ်းစစ်တပ် အကြိုက်တွေ့စရာ ဖြစ်သွားမှာမလို့ အချင်းချင်း ခိုင်မာတဲ့ ညီညွတ်ရေးတည်ဆောက်ဖို့ အရေးတကြီး လိုအပ်နေကြောင်းလည်း လေ့လာသူတွေနဲ့ ချင်း အသိုင်းအဝန်းက ထောက်ပြ ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG