သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအကြမ်းဖက်တိုက်ခိုက်ခံရမှု စုံစမ်းရေးကော်မရှင်စည်းဝေး


ရခိုင်ဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အစည်းအဝေး
ရခိုင်ဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်အစည်းအဝေး

အောက်တိုဘာလ ၉ ရက်နေ့က ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မောင်တောဒေသက အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း အဖြစ်မှန်ဖော်ထုတ်နိုင်ရေးအတွက် ဒုသမ္မတ ဥိးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီကနေ့မှာပဲ ပထမဆုံး အစည်းအဝေးစတင်ခေါ်ယူပြီး လုပ်ဆောင်မယ့် အကြောင်းအရာတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီကော်မရှင်အဖွဲ့ဟာ မြေပြင်အခြေအနေကို သိရဖို့အတွက် မကြာမှီမှာ ပဋိပက္ခဖြစ်ပွားရော ဒေသတွေကို ကွင်းဆင်းလေ့လာမှာ ဖြစ်သလို အစီရင်ခံစာ တစ်ရပ်ကိုလည်း ၂ လအတွင်း ထုတ်ပြန်ဖို့လည်း ရှိတယ်လို့လည်း ကော်မရှင် အတွင်းရေးမှုးက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ဒီဇင်ဘာလ ၁ရက်နေ့က သမ္မတ ကဖွဲ့စည်းပေးလိုက်တဲ့ ရခိုင်ဒေသ စုံစမ်းစစ်ဆေးရေးကော်မရှင်ဟာ ဒီကနေ့မှာ အစည်းအဝေးစတင်ခေါ်ယူပြီး မောင်တော ဒေသ အကြမ်းဖက်ဖြစ်စဉ်နဲ့ ပတ်သတ်လို့ စတင်ဆောင်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း သေဆုံးမှု ဒဏ်ရာရရှိမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ အပါအဝင် ပဋိပက္ခများ ကာကွယ်တားဆီးရေးနဲ့ နောက်အလားတူ ဖြစ်ရပ်တွေ ထပ်မဖြစ်ပွားစေဖို့ ဆွေးနွေးခဲ့ကြတာပါ။ ဒီကနေ့ နေပြည်တော်မှာ ၃ နာရီကြာ ဆွေးနွေးခဲ့တဲ့ စုံစစ်းစစ်ဆေးရေး ကော်မရှင်ရဲ့ ပထမဆုံး အစည်းအဝေးနဲ့ ပတ်သတ်လို့ ကော်မရှင်ရဲ့ အတွင်းရေးမှုးလည်းဖြစ် ပြည်ထောင်စု လွတ်တော် ဥပဒေရေးရာနဲ့ အထူးကိစ္စရပ်မာျး လေ့လာဆန်းစစ် သုံးသပ်ရေး ကော်မရှင်ရဲ့ အဖွဲ့ဝင် ဖြစ်တဲ့ ဦးဇော်မြင့်ဖေက အခုလို ပြောပါတယ်။

“မောင်တော်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်စဉ်အခြေအနေမှန်တွေကို ကျနော်တို့က ဖော်ထုတ်ရမှာပေါ့လေ။ ဒီဖြစ်စဉ်ဖြစ်ရပ်က ဘယ်လိုဖြစ်သလဲ၊ လူအများသိတဲ့အတိုင်း ဟုတ်သလား၊ တတ်နိုင်သမျှ ဖြစ်ရပ်အမှန်ပေါ်အောင်တော့ ကျနော်တို့ စုံစမ်းရမှာပေါ့ဗျာ။ ဒါတွေက ဘယ်လိုစုံစမ်းရင်ကောင်းမလဲ၊ ၂ ဘက်လူ့အဖွဲ့အစည်းတွေကို ဘယ်လိုချဉ်းကပ်မလဲ၊ ဒီလူ့အဖွဲ့အစည်းတွေကလည်း ကျနော်တို့ကော်မရှင်အပေါ်မှာယုံကြည်ဖို့လိုပါတယ်။ ကော်မရှင်နဲ့ ပူးပေါင်းဖို့လေ၊ ကျနော်တို့အပေါ်မှာ Bias မရှိပဲနဲ့ ယုံယုံကြည်ကြည်နဲ့ မှန်မှန်ကန်ကန်ထုတ်ဖော်ပြောဆိုဖို့ ကျနော်တို့ကို တင်ပြဖို့ လိုအပ်တယ်ဆိုတဲ့အကြောင်း ကျနော်တို့က ပြောတာပါပဲ။”

ဒီစုံစမ်းစစ်ဆေးရေး ကော်မရှင်ကို ဒုသမ္မတ ဦးမြင့်ဆွေက ဦးဆောင်ပြီး လွတ်တော်ကိုယ်စားလှယ်တွေကော ပြင်ပက သီးခြား ပညာရှင်စတဲ့ အဖွဲ့ဝင် ၁၃ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ ဒါပေမဲ့လို့ ဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ဒုသမ္မတ ဦးမြင့်ဆွေဟာ တစ်ချိန်က စစ်အာဏာရှင် တစ်ယောက်ဖြစ်တဲ့ ဗိုလ်ချုပ်မှုးကြီး သန်းရွှေနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းရှိသူဖြစ်ပြီး စစ်ဗိုလ်ချုပ်ဟောင်း တစ်ဥိးလည်း ဖြစ်တာကြောင့် ဒီကော်မရှင်နဲ့ ပတ်သတ်လို့ ဘာမှ ပြောင်းလဲ လာမယ်လို့ မမျှော်လင့်တဲ့အကြောင်း ရခိုင်လွှတ်တော် အမတ် တစ်ချို့က တုံပြန်ခဲ့ကြပါတယ်။ တစ်ချိန်တည်းမှာပဲ ရသေ့တောင် မောင်တော အကြမ်းဖက်မှု စုံစမ်းလေ့လာရေး ကော်မတီ တစ်ရပ်ကိုလည်း ရခို်င်လွတ်တော်က ဒီဇင်ဘာလ ၅ရက်နေ့က အတည်ပြု ဖွဲ့စည်းပေးခဲ့ပါတယ်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်က ဦးဇော်မြင့်ဖေကတော့ လွတ်တော်တွင်းမှာကော လွတ်တော် ပြင်ပက လူတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

“ဒေသခံပြည်သူတွေက ကျနော်တို့အပေါ်ယုံကြည်ဖို့လိုပါတယ်။ ကျနော်တို့အပေါ်တာဝန်ပေးတာက အမျိုးသားအဆင့် အဖွဲ့အစည်းအနေနဲ့ တာဝန်ပေးလိုက်တာပေါ့လေ။ အဲဒါကြောင့် ကျနော်တို့က ပြည်ထောင်စုအဆင့်ကနေ တာဝန်ပေးတဲ့ အမျိုးသားအဆင့် အဖွဲ့အစည်းဖြစ်တယ်ဆိုပြီးတော့ ငါတို့ကသာလျှင်ဆိုတဲ့ ၁ ဖက်သတ် ထားတဲ့သဘောထားမရှိပါဘူး။ ကျနော်တို့က ရခိုင်ပြည်နယ်လွှတ်တော်က ကျနော်တို့ကို ပြောမယ်ဆိုရင်လည်း ကျနော်တို့ကတော့ နားထောင်မှာပဲ၊ ရခိုင်ပြည်နယ် လွှတ်တော်ပြင်ပမှာရှိတဲ့အဖွဲ့အစည်းတွေကိုလည်းကျနော်တို့ နားထောင်မှာပဲ။”

စုံစမ်းစစ်ဆေးရေး ကော်မရှင်အနေနဲ့ မကြာခင်မှာ ပဋိပက္ခဖြစ်ပွားရာ ဒေသတွေကို သွားရောက်လေ့လာမှာ ဖြစ်ပြီး ဇန်နဝါရီလ ၃၁ ရက်နေ့ မတိုင်ခင် ပထမဆုံး အစီရင်ခံစာကို သမ္မတ ထံ တင်ပြရမှာ ဖြစ်ပါတယ်။ ကော်မရှင်အနေနဲ့ စုံစစမ်းစစ်ဆေးရေး လုပ်ရာမှာ နိုင်ငံတကာ စံချိန်စံနှုန်းတွေနဲ့ အညီ ပွင့်လင်းမြင်သာမှု ရှိရှိ လုပ်ဆောင်သွားမှာ ဖြစ်ပြီး နောက်နောင်မှာ အခုလိုမျိုး ပဋိပက္ခတွေ မဖြစ်စေဖို့ နည်းလမ်းတွေနဲ့ မှန်ကန်တဲ့ သတင်းအချက်အလက်တွေ ရစေဖို့ သက်ဆိုင်ရာ လူမှု အဖဲွဲ့အစည်းတွေနဲ့ကော ပဋိပက္ခဒဏ် ခံစားခဲ့ရတဲ့ ဒေသခံ ပြည်သူတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ စုံစစ်းစစ်ဆေးရေး ကော်မရှင်က သတင်းထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG