သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောသတင်းယူတဲ့ မီဒီယာတွေအပေါ် အမြင်တချို့


(MOI Webportal Myanmar)
(MOI Webportal Myanmar)

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့တဲ့ မောင်တောကို အစိုးရစီစဉ်မှုနဲ့ သတင်းသွားယူနေတဲ့ သတင်းမီဒီယာအဖွဲ့ရဲ့ သတင်းဖော်ပြနိုင်မှုဟာ ကုလ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့စည်းတွေရဲ့ စိုးရိမ်မှုတွေ ပြေပျောက်အောင် လုပ်ပေးနိုင်မှာ မဟုတ်ဘူးလို့ သတင်းမီဒီယာ အကဲခတ်တွေက သုံးသပ်လိုက်ပါတယ်။

အစိုးရအနေနဲ့ ဒီထက်ပိုပြီး နိုင်ငံတကာ သတင်းမီဒီယာကြီးတွေ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကို လွတ်လွတ်လပ်လပ် စုံစမ်းလေ့လာခွင့် ပေးသင့်တယ်လို့လည်း အကြံပြုပါတယ်။ အသေးစိတ် မဆုမွန် စုစည်းတင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်း မြန်မာ-ဘင်္ဂၤလားနယ်စပ်က နယ်ခြားစောင့်စခန်းတွေနဲ့ ရဲစခန်းတွေကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၉ ရက်နေ့က လူအင်အားနဲ့ အကြမ်းဖက် အတိုက်ခိုက်ခံရပြီးတဲ့နောက် နယ်မြေရှင်းလင်းရေးတွေမှာ အစိုးရစစ်တပ်နဲ့ လုံခြုံရေး တပ်ဖွဲ့တွေဘက်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးမှုတွေမှာ အင်အား အလွန်အကျွံသုံးတာ အပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆိုးဆိုးရွားရွား ရှိခဲ့တယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေဘက်က နယ်မြေတွင်း လက်တွေ့ ကွင်းဆင်း လေ့လာခွင့်ပေးဖို့ တောင်းဆိုခဲ့ကြပြီးတဲ့နောက် အခုလို အကြမ်းဖက်မှုတွေ ဖြစ်ခဲ့တဲ့ ရခိုင်မောင်တောဒေသဘက်က ကျေးရွာတွေအထိ နိုင်ငံတကာနဲ့ ပြည်တွင်းသတင်းသမားတွေ ပါဝင်တဲ့ သတင်းမီဒီယာအဖွဲ့ကို ပထမဆုံးအသုတ်အဖြစ် အစိုးရက သွားရောက်ခွင့် ပြုလိုက်တာဖြစ်ပါတယ်။

ဒါပေမဲ့လို့ အခုလို အစိုးရဘက်က ရွေးချယ်ပြီး အစိုးရရဲ့အစီအမံနဲ့ သွားရောက်ရတဲ့ ဒီခရီးစဉ်ကနေ ကောင်းမွန်တဲ့ အဖြေရလဒ်တွေ ရအောင် စွမ်းဆောင်နိုင်မယ် မထင်ဘူးလို့ မြန်မာ့အရေး လေ့လာအကဲခတ်နေတဲ့ သတင်းသမားတဦးဖြစ်တဲ့ ဦးထက်အောင်ကျော်က အခုလို သုံးသပ်ပါတယ်။

“အစိုးရကတော့ ပြောင်းသွားတယ်ပေါ့လေ။ စစ်အစိုးရ၊ နောက် ဦးသိန်းစိန်အစိုးရကနေပြီးတော့ ဒေါ်အောင်ဆန်းစုကြည် အစိုးရကို ပြောင်းသွားပေမဲ့ အစိုးရဘက်မှာ တာဝန်ထမ်းနေတဲ့ လူတွေက လူဟောင်းတွေ ဖြစ်နေလို့လားတော့ မသိဘူး။ သူတို့အမြင်က စစ်တပ်ကနေပြီးတော့ တကယ့် ကွင်းထဲမှာဖြစ်နေတဲ့ အခြေအနေမှန်တွေ သူတို့ သတင်းထုတ်ပြန်နေတယ်ပေါ့။ ဒါက အမှန်ဆုံး။ သူတို့ပြောတာ လက်ခံရမယ်ဆိုတဲ့ အမြင်မျိုး၊ ကြားနေရတုန်းဖြစ်တယ်။ ဒါပေမဲ့ နိုင်ငံတကာ ပွင့်လင်းတဲ့ မီဒီယာတွေမှာတော့ အဲ့လို မဟုတ်ဘူးလေ။ အစိုးရပြောတာက အစိုးရပြောတာပဲလေ။ ဒါ အမှန်တရားလို့ နိုင်ငံတကာ မီဒီယာတွေက လက်ခံထားတာ မဟုတ်ဘူး။ သတင်းထောက်တွေ ကိုယ်တိုင် လွတ်လပ်တဲ့ လူတွေကိုယ်တိုင် အဲဒီဒေသ သွားခေါ်ပြီး ပြမှ သူတို့က အမှန်လို့ ထင်တာကိုး။ အခု ရခိုင်မှာဖြစ်နေတဲ့ ပြဿနာမှာလည်း အစိုးရဘက်အမြင်နဲ့ နိုင်ငံတကာအမြင်နဲ့က တော်တော်ကို ကွဲလွဲနေတယ်။ အစိုးရအဖွဲ့ ပြောတာနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက ဂြိုဟ်တုကနေ ပြတဲ့ ပုံတွေနဲ့က တော်တော်လေးကို ကွဲလွဲနေတဲ့အခါကျတော့ ကျနော်ထင်တာကတော့ အစိုးရက ဒီလောက် သူ လူရွေးပြီး သွားပြီး ပြယုံနဲ့ကတော့ နိုင်ငံတကာ လက်ခံတဲ့ အခြေအနေမျိုး ဖြစ်လာမှာမဟုတ်ဘူး။ နိုင်ငံတကာက တကယ့် ပညာရှင်တွေ တကယ့် သတင်းဌာနတွေကို သတင်းသမားတွေခေါ်ပြီး ပြမှပဲ ဒါက တစုံတရာ နားလည်မှု ရလာမယ်လို့ ကျနော် မြင်ပါတယ်ဗျ။”

ရခိုင်ပြည်နယ် မောင်တောဒေသကို သတင်းမီဒီယာအဖွဲ့ သတင်းသွားရောက်ရယူတဲ့ ကိစ္စနဲ့ပတ်သက်ပြီး အစ္စလာမ်ရေးရာ ကောင်စီဌာနချုပ်ရဲ့ အဖွဲ့ဝင် ဦးဝင်းထွန်းစိုးက အခုလို သုံးသပ်ပါတယ်။

"နိုင်ငံတကာ စံချိန်စံညွှန်းတွေနဲ့ မီဒီယာသမားတွေလို တကယ့် လွတ်လွတ်လပ်လပ် လုပ်နိုင်တယ်ဆိုရင်တော့ ဘယ်သူမှ မပါဘဲနဲ့ပေါ့နော် သူတို့စိတ်ကြိုက်ပေါ့ တွေ့ချင်တဲ့သူနဲ့ တွေ့မယ်။ ပြောချင်တဲ့သူနဲ့ ပြောပြီး၊ တကယ့်ကို သေချာတဲ့ သတင်းအရင်းအမြစ်တွေ ယူနိုင်မယ်ဆိုရင် အဆင်ပြေတယ်လေ။ အခုဥစ္စာက အားလုံး ကန့်သတ်မှုတွေ ရှိလိမ့်မယ်။ အဲဒီကန့်သတ်မှုတွေကလည်း နံပါတ်တစ်က ထုံးစံအတိုင်းပဲ ၂၀၁၂ ခုနှစ် ရခိုင်ပြဿနာ စတက်ကတည်းက အခုအချိန်အထိက လုံခြုံရေးအကြောင်းပြချက်နဲ့ပေါ့နော် ဘယ်သူမဆို အဲဒီမှာရှိတဲ့ လူတွေတောင်မှ လုံခြုံရေးအကြောင်းပြချက်နဲ့ သွားလာနေရင် သူတို့က ရဲကားတို့ အဲဒါမျိုး စီစဉ်ပြီး သွားနေရတဲ့အခါမှာ အခု မီဒီယာသမားတွေကိုလည်း သူတို့က လုံခြုံရေးအကြောင်းပြချက်နဲ့ပဲ ကန့်သတ်မှုတွေ ရှိလိမ့်မယ်။ တကယ့်ကို တိကျခိုင်မာတဲ့ open resource တွေကို ရနိုင်မယ်လို့တော့ ကျနော် မထင်ဘူးဗျ။”

စစ်တပ်ရဲ့ လုံခြုံရေးတာဝန်ယူမှုနဲ့ သွားနေရတဲ့ ဒီခရီးစဉ်အတွင်း ဒေသခံတွေနဲ့ တွေ့ဆုံမှုတွေမှာ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ မေးမြန်းမှုတွေမှာ လွတ်လပ်မှုရှိခဲ့ပါသလားလို့ အဖွဲ့မှာ ကိုယ်တိုင်လိုက်ပါ သတင်းရယူနေတဲ့ Central News Bureau အယ်ဒီတာချုပ် ဦးစည်သူအောင်မြင့်ကို ဗွီအိုအေက မေးမြန်းတဲ့အခါ -

“အဲဒါကတော့ ရတယ်။ ဥပမာအားဖြင့်ဆိုရင် ရွာ ၁ ရွာကို ရောက်တဲ့အခါဆိုရင် သူတို့ လူတွေအများကြီးရှိနေတယ်။ ရှိနေတော့ သတင်းထောက်တွေကတော့ ကိုယ်ကြိုက်တဲ့လူတွေကို ဆွဲပြီးတော့ မေးတာတွေလည်း လုပ်လို့ရတယ်။ တချို့ရွာတွေမှာဆိုရင်တော့ ပွင့်ပွင့်လင်းလင်းပဲပြောတယ်။ ဥပမာ တပ်မတော်က မီးရှို့တယ်ဆိုပြီးတော့ စွပ်စွဲတဲ့ လူ ၂ ယောက်လောက် အဲဒါမျိုးတွေ့တယ်။ ငါးခူရရွာမှာဆိုရင်ပြောပြချက်ကတော့ သူူတို့ နယ်ခံတွေကိုယ်တိုင်ပါတယ်၊ ဘယ်အိမ်ကိုဆိုရင်လည်း သူတို့ လုံခြုံရေးယူလိုက်တယ်။ ယူလိုက်ပြီးတော့ ဘယ်သူ့ကိုတွေ့ချင်တယ်ဆိုရင် အဲဒီလူထွက်လာပြီးတော့ စစ်ကြောရေးလုပ်တာဆိုရင်လည်း သီးသန့် ခေါ်သွားတာတွေတော့မလုပ်ဘူး။ ဖမ်းတော့မှသာလျှင် သူတို့ ဥပဒေအတိုင်း ရဲလက်မှာ အပ်တာတွေလုပ်တယ်။ ဒီလိုမှမဟုတ်ပဲနဲ့ ရွာထဲမှာ စစ်ဆေးတာတွေ၊ ရိုက်တာတွေ မလုပ်ဘူးလို့ ခုနရွာသားတွေ ကိုယ်တိုင် အဲလိုပြောတယ်။ ဒါပေမဲ့ စွပ်စွဲတဲ့ရွာကလည်းရှိတယ်။ သူတို့ ပြောတဲ့ လူတွေကလည်း တဖက်နဲ့ တဖက် မတူဘူးပေါ့နော် ပြောတာဆိုတာတွေက လေသံတွေကမတူဘူး။”

နယ်မြေရှင်းလင်းရေးတွေမှာ လူ့အခွင့်အရေး ချိုးဖောက်တာတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေအပေါ် ဒေသခံတွေဘက်က ပြောဆိုမှုအမျိုးမျိုး ဖြစ်နေတာကြောင့် အဖြစ်အပျက်မှန်ကို သုံးသပ်ပေးဖို့ အချိန်ယူရဦးမယ်လို့ ကိုယ်တိုင်သွားရောက်လေ့လာနေတဲ့ သတင်းစာဆရာ ဦးစည်သူအောင်မြင့်က ဗွီအိုအေကို ပြောခဲ့တာပါ။

အကဲဆတ်လှတဲ့ လူမျိုးရေးပဋိပက္ခတွေနဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေတဲ့ ဒေသတွေကို သွားရောက်လေ့လာသတင်းရယူတဲ့အခါ အတွေ့အကြုံရင့်ကျက်ပြီး သတင်းမှန်ကို ဘက်လိုက်မှုကင်းကင်းနဲ့ တင်ပြနိုင်တဲ့ သတင်းသမားတွေနဲ့ နိုင်ငံတကာ သတင်းမီဒီယာကြီးတွေကို အစိုးရအနေနဲ့ စေလွှတ်သင့်တယ်လို့လည်း ဦးထက်အောင်ကျော်က အကြံပြုပါတယ်။

သတင်းမီဒီယာဌာနအသီးသီးက အဖွဲ့ဝင်(၁၃) ဦးပါဝင်တဲ့ ပြည်တွင်း၊ ပြည်ပ သတင်းမီဒီယာအဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောဒေသသို့ ပထမဦးဆုံး သွားရောက်၍ သတင်းရယူသော အဖွဲ့ဖြစ်ပြီး ဒီဇင်ဘာ ၁၉ ရက်မှ ၂၂ ရက်အထိ ကြာမြင့်မှာ ဖြစ်ပါတယ်။ မီဒီယာများသွားရောက် သတင်းရယူခွင့် အတွက် နောက်ထပ် ခရီးစဉ်များ ထပ်မံ စီစဉ်ဆောင်ရွက်ပေးဦးမှာဖြစ်တယ်လို့လည်း နိုင်ငံတော်အတိုင်ပင်ခံရုံး သတင်းထုတ်ပြန်ရေးကော်မတီက သတင်းထုတ်ပြန်ထားတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG