သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ တိုက်ခိုက်မှုများရှိဆဲ၊ ဒေသခံများစိုးရိမ်နေ


မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေ လုံခြုံရေးကင်းလှည့်လည်နေစဉ်
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ် မှာ မြန်မာလုံခြုံရေးတပ်ဖွဲ့ တွေ လုံခြုံရေးကင်းလှည့်လည်နေစဉ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်းမှာ အကြမ်းဖက် တိုက်ခိုက်တာတွေ ပြန်လည်မြင့်တက်လာတာကြောင့် ဒေသခံ တိုင်းရင်းသားတွေဟာ လုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြပြီး မောင်တောမြို့ကို ထပ်မံတိမ်းရှောင်လာမယ့် အလားအလာတွေ ရှိနေပါတယ်။ ရခိုင်ပြည်နယ် ကော်မရှင် သွားရောက်စုံစမ်းဖို့ စီစဉ်နေချိန်မှာပဲ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ နောက်ဆုံး အခြေအနေတွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်တာတွေဟာ တလကျော်ကြာမြင့်လာတဲ့နောက်မှာ တိုက်ခိုက်တာတွေ ပိုမိုတိုးမြင့်လာနေသလို အစိုးရတပ်ဖွဲ့တွေဘက်က လေကြောင်းကပါ ပါဝင်တိုက်ခိုက်ရတဲ့အထိ ဖြစ်ပွားလာနေပါတယ်။

ဒီလို တိုက်ခိုက်တာတွေ ပြင်းထန်လာတာကြောင့် ပဋိပက္ခဖြစ်ပွားရာဒေသက ဒေသခံတွေဟာ မောင်တောမြို့ကို ထပ်မံရှောင်တိမ်း လာမယ့် အခြေအနေရှိနေတယ်လို့ မောင်တောဒေသက အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီဥက္ကဌ ဦးခင်မောင်သန်းက ပြောပါတယ်။

“လူတွေက စိုးရိမ်ထိတ်လန့်ပြီး ပြန်ပြီး မောင်တောမြို့ပေါ်ကိုလာပြီးခိုလုံချင်ကြတဲ့ သဘောတွေရှိနေပါတယ်။ ရောက်တော့မရောက်လာကြသေးဘူး ဘာဖြစ်လို့လဲဆိုတော့ ကားနဲ့က လောလောဆယ်သွားလို့မရဘူး၊ ရေကြောင်းလည်း အဲလိုပဲ။ အဲဒါကြောင့် လူတွေက မရောက်လာသေးတာပါ။ တကယ်တော့ ကားနဲ့ ဘာနဲ့က လမ်းတွေအဆင်ပြေမယ်ဆိုရင်တော့ အများကြီး လာမယ့်သဘောတွေ တွေ့နေရတယ်။ အခုနယ်တွေက ဖုန်းတွေဘာတွေ ဆက်တယ်လေ”

ဒီကနေ့မှာတော့ ဒေသတွင်းမှာ တိုက်ခိုက်မှုဖြစ်ပွားတယ်ဆိုတာ မကြားသိရသေးကြောင်း နဲ့ အဓိက မောင်တောကို လာရောက်ဖို့ ဆက်သွယ်လာသူတွေဟာ မောင်တောမြို့နယ် မြောက်ပိုင်းဒေသဘက်က ဖြစ်တယ်လို့ ပြောပါတယ်။

မောတောမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန် ကလည်း ဒေသခံတိုင်းရင်းသားတွေရဲ့ အခြေအနေကို အခုလို ပြောပါတယ်။

“စိုးရိမ်တာကတော့ စိုးရိမ်တာအမှန်ပဲ။ ညဘက်ဆိုရင် ရခိုင်ရွာတွေဆိုရင် မအိပ်ကြဘူးခင်ဗျ။ တပ်မတော် ကိုယ်တိုင်လုပ်တယ်ဆိုတော့ ကျနော်တို့ အရပ်သားတွေက တော်တော်စိုးရိမ်ရတာပေါ့နော်။ လက်တလော ကားနဲ့သွားရင်လည်း မိုင်းထောင်တယ်ဆိုတော့ နည်းနည်းစိုးရိမ်ရတာပေါ့နော် အဲလိုအခက်အခဲတော့ ရှိတယ်။ နယ်မြေဒေသ အခြေအနေနဲ့ကတော့ ရေလမ်းနဲ့ သိပ်မသွားတော့ဘူးခင်ဗျ။ တဘက်နိုင်ငံနဲ့ ပတ်သက်တာကို အဓိကတော့ တဘက်နိုင်ငံကလည်း သောင်းကျန်းသူတွေ ဝင်လာဖို့ရှိတယ်ဆိုတော့ စိုးရိမ်ကြတယ်ခင်ဗျ။ ကုန်းလမ်းဆိုရင်တော့ ရှောင်ထွက်လို့ရတယ်။ ရေလမ်းနဲ့ကသွားဖို့ဆိုတာ ကတော့ အခက်အခဲရှိတယ်။”

ဒီလ ၁၂ ရက်နေ့ မနက်အစောပိုင်းက မောင်တောမြို့နယ် မယင်းတောင်ရွာအနီးမှာ အစိုးရလုံခြုံရေးစစ်ကြောင်းကို အကြမ်းဖက်သူ ၆၀ လောက်က စီးနင်းတိုက်ခိုက်ခဲ့ကြောင်း၊ ဒီတိုက်ခိုက်မှုမှာ အကြမ်းဖက်အဖွဲ့က ၆ ယောက် သေဆုံးပြီး အစိုးရတပ်မတော်ဘက်က စစ်သည်တဦးကျဆုံးခဲ့သလို အရာရှိ စစ်သည်အချို့ ဒဏ်ရာရခဲ့ကြောင်း၊ ဆက်လက်ရှင်းလင်းရာမှာ လူအင်အား ၆၀၀ လောက်က တပ်မတော်စစ်ကြောင်းကို တိုက်ခိုက်တာကြောင့် တပ်မတေ်ာ(လေ)က ရဟတ်ယာဉ် ၂ စင်းနဲ့ ပစ်ကူပေးတိုက်ခိုက်ခဲ့ရကြောင်း၊ ဒီဖြစ်စဉ်မှာ တပ်မတော် စစ်ကြောင်းမှူး ကျဆုံးခဲ့သလို သံသယရှိသူ ၃၆ ယောက်ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ၊ တပ်မတော်ယာဉ်တန်းကို မိုင်းခွဲတိုက်ခိုက်တာရှိကြောင်း မြဝတီသတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ဒီလ ၁၃ ရက်နေ့မှာတော့ ဂွဆုံကျေးရွာ၊ ဒါးကြီးဇားတောင်ကျေးရွာ တွေကို ဆက်လက်ရှင်းလင်းရာမှာ အကြမ်းဖက်သူ ၂၈ ဦးကို အသေဖမ်းဆီးခဲ့သလို ဂွဆုံကျေးရွာမှာ မီးလောင်ထားတဲ့ အိမ် ၅၀ ကျော်နဲ့ ဝါးပိတ်မှာ ၈၀ ကျော် တွေ့ရှိရကြောင်း တပ်မတော်ရဲ့ မြဝတီသတင်းဌာနက ထုတ်ပြန်ထားပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်လေ့လာရေးအဖွဲ့ဖြစ်တဲ့ HRW ကတော့ ဂြိုလ်တုဓါတ်ပုံသတင်းကို ကိုးကားပြီး ဒီရက်ပိုင်းအတွင်းမှာ မောင်တောမြို့ မြောက်ဘက်က ရွာ ၃ ရွာမှာ လူနေအိမ်ပေါင်း ၄၃၀ မီးလောင်ပျက်ဆီးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားသလို ကုလသမဂ္ဂအကူအညီနဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းပေးဖို့ကိုလည်း တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG