သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောမှာ ဟိန္ဒူအလောင်း ၄၅လောင်း တူးဖော်တွေ့ရှိ


 ဟိန္ဒူအလောင်းများ တူးဖော်ရရှိသည့်နေရာ (Information Committee)
ဟိန္ဒူအလောင်းများ တူးဖော်ရရှိသည့်နေရာ (Information Committee)

ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောမြို့နယ်တွင်း ရဲဘော်ကျားကျေးရွာအနီးမှာ လူသေအလောင်းတွေ မြုပ်နှံထားတဲ့ကျင်းကြီးတွေကို တူးဖော်စစ်ဆေးရာမှာ ဟိန္ဒူလူမျိုး ရုပ်အလောင်း စုစုပေါင်း ၄၅ လောင်းကို ပြန်ဖော် တွေ့ရှိထားပြီဖြစ်ပါတယ်။ ရခိုင်ဒေသမှာ သြဂုတ်လ ၂၅ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပြီးတဲ့နောက် အကြမ်းဖက်သမားတွေရဲ့ ဖမ်းဆီးခြင်းခံရတဲ့ ဟိန္ဒူလူမျိုး ၁၀၀နီးပါး ပျောက်ဆုံးနေတာကြောင့်၊ နောက်ထပ် အလောင်းတွေလည်း ထပ်တွေ့မယ်လို့ မျှော်လင့်နေရပါတယ်။ ရုပ်အလောင်းတွေ ဖော်တဲ့နေရာမှာ ကိုယ်တိုင်ရောက်ရှိ မျက်မြင်တွေ့ခဲ့တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။

ဒေါက်တာဝင်းမြတ်အေး။ ။အခုအချိန်အထိ တူးဖော်တာပဲ အခုအထိတွေ့တယ်။ သက်ဆိုင်ရာပိုင်ရှင်တွေကလည်း ငိုကြွေးကြတယ်။ လူးလိမ့်အောင်ဖြစ်နေကြတယ်။ အဲလိုမျိုးတွေပေါ့ ဒါကိုယ်တိုင်ကြုံတွေ့ခဲ့ရတယ်။ ၅ နာရီလောက်မှာကျနော်တို့ ပြန်လာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒီဘက်ကို ရာသီဥတုအခြေအနေအရ ကျနော်တို့လည်းပြန်ထွက်လာတယ် သူတို့ကတော့ ဆက်ပြီးတူးတုန်းပဲ ခင်ဗျ။ ကျနော်တို့သွားတဲ့ ခရီးစဉ်က ၁ နာရီ ၁၅ လောက်မှ ထွက်သွားနိုင်တယ်၊ ဆိုတော့ ကျနော်တို့ ၂ နာရီကျော်လောက်မှ ရောက်သွားပြီးတော့ ၂ နာရီနဲ့ ၄ နာရီခွဲကြားလောက်မှာ ကျနော်တို့ အဲဒီမှာရှိတယ်။ အဲဒီကြားမှာ ၁၇ လောင်းရတယ်ခင်ဗျ။

ကိုသားညွန့်ဦး။ ။ ဟိန္ဒူလူမျိုးပျောက်ဆုံးနေတာ ၉၀ ကျော်ရှိတယ်ဆိုတော့ ကျန်တဲ့လူတွေရော ကျန်တဲ့အလောင်းတွေရော တွေ့နိုင်သေးလား။

ဒေါက်တာဝင်းမြတ်အေး။ ။အဲဒီနား ပတ်ဝန်းကျင်မှာ ဆက်တွေ့နိုင်တယ်လို့ ကျနော်တို့ကထင်တာပဲ ဘာဖြစ်လို့လဲဆိုတော့ မလှမ်းမကမ်းလေးတွေမှာ တူလိုက်တာတွေ့နေရတယ်လေ။ အခုဆိုရင် သက်ဆိုင်ရာများကလည်း ဆက်လက်ပြီးတော့ နေရာတွေကို စစ်ဆေးရှာဖွေနေကြတာပေါ့နော် အခုတော့ မနေ့တုန်းက ၂၈ နဲ့ ဒီ နေ့တွေ့တာ ၁၇လောင်း။

ကိုသားညွန့်ဦး။ ။ဒီအလောင်းတွေအကုန်လုံးက ကြိုးတွေတုတ်ထားလား၊ ဒါမှမဟုတ် အဓိကရုဏ်းဖြစ်တဲ့ ပုံစုံမျိုးလား။

ဒေါက်တာဝင်းမြတ်အေး။ ။တဦးချင်းကို လက်ထဲမှာ ကြိုးတုတ်ထားတာတွေရှိတယ်။ နောက်ပြီးမျက်နှာကို စည်းထားတယ်၊ လက်တွေကြိုးတုတ်ထားတယ်၊ နောက်ပြီးတွေ့သမျှအလောင်းတိုင်း လည်ပင်းကိုဖြတ်ထားတယ်။ ဓါးဒဏ်ရာတွေ အဲဒါတွေတောင်မကဘူး ခြေထောက်တွေတောင် ခုတ်ထားတယ်၊ ခြေထောက်တွေမှာ တန်းလန်းကျန်ခဲ့ပြီးတော့ မပြတ်တပြတ်ဖြစ်နေတာတွေလည်း တွေ့တယ်။ ပဲ့ထွက်သွားတဲ့ ဒဏ်ရာတွေလည်းတွေ့တယ်။ အကုန်လုံးကတော့ တကယ့်ခုတ်တဲ့ ဒဏ်ရာတွေကြီးပဲ ။ ကျကျနနကို ဖမ်းခေါ်သွားပြီးတော့ သတ်တာလေ။ အိမ်ကလူတွေကလည်း အဲဒီမှာ ပိုင်ရှင်တွေရောက်လာကြပြီးတော့ ငိုယိုကြတယ်ပေါ့။ ဒါကျမအမ၊ ကျမ သား၊ ကျမ သားမက် ။ သူတို့မှာ အမှတ်အသားတွေ အကုန်ရှိတယ်။ လက်ကောက်ဝတ်တွေ နောက်သူတို့ဝတ်နေကြတဲ့အမှတ်အသားပေါ့ ၊ ဆွဲထားတဲ့ ကြိုးပေါ့ ။ စသဖြင့် အကုန်လုံး ဝတ်ထားတဲ့ အင်္ကျ ီတွေလည်းပါသေးတာပေါ့ ဆိုတော့ ၁ လနီးပါးရှိပြီဆိုပေမယ့် ၁ ယောက်ချင်းကို ဖော်ထုတ်နိုင်တယ်။ တချို့မိန်းကလေး ၁ ယောက်ဆိုရင် လူ ၄ ယောက်ကို ဖော်ထုတ်တယ်။ အမေရယ်၊ ယောက္ခမရယ်၊ ယောင်းမတို့ပေါ့။ မျက်နှာကို အဝတ်နဲ့ စည်းတယ် ၊ လက်တွေကို ကြိုးတုတ်ထားတယ်၊ တုတ်ပြီးတော့ လည်ပင်းကို ဖြတ်သတ်တယ်။

ကိုသားညွန့်ဦး။ ။အခု ဒီသတ်ဖြတ်မှုက ဘယ်သူ့လက်ချက်လို့ ဆရာတို့ ယူဆလို့ရမလဲ။

ဒေါက်တာဝင်းမြတ်အေး။ ။သူတို့က သေချာပေါက်ပြောသွားတာပဲလေ၊ အဲဒီ ဘင်္ဂါလီများ သူတို့အခေါ်ပေါ့နော် ဘင်္ဂါလီများဖမ်းဆီးသွားတယ်၊ ခေါ်ဆောင်သွားတယ်။

ကိုသားညွန့်ဦး။ ။တခြားဒီအလောင်းတွေကို ဘာဆက်လုပ်သွားဖို့ရှိသလဲ

ဒေါက်တာဝင်းမြတ်အေး။ ။ဟိန္ဒူက သူ့တို့ဘာသာ၊ သူတို့သဘောနဲ့ သူတို့ကို ဦးစားပေးရမယ် ၊ သူတို့ ဘာလုပ်ချင်သလဲပေါ်မှာ မူတည်တယ်။ အခုတော့ အလောင်းတွေကတော့ စောင့်ရှောက်ထားရတာပေါ့နော်။ သူတို့ကတော့ ဒါကို သင်္ဂြ ိုဟ်ချင်တယ်၊ စုပြီးတော့ လုပ်မယ်ဆိုတဲ့ သူတို့အဲဒီလိုဆန္ဒရှိတဲ့ ပုံစံတော့ပြောတယ်။ သူတို့သဘာဝက မီးသင်္ဂြ ိုဟ်ရတာတဲ့၊ အဲဒီတော့ တလောင်းတွေ့လိုက်မီးသင်္ဂြ ိုဟ်လိုက်ဆိုရင် မဖြစ်ဘူး၊ မိသားစုတွေလည်း မစုံသေးဘူး ၊ ထပ်တွေ့ချင်တယ်။ နောက်တခုကလည်း တချို့မိသားစုဆိုရင် ၅ ယောက်ဖြစ်တယ်၊ အခုက ၂ ယောက်ပဲ တွေ့သေးတဲ့ မိသားစုရှိတယ်။ တချို့လည်း ၄ ယောက်တွေ့ပြီ စသဖြင့်ပေါ့ ။ သူတို့ ဆန္ဒကတော့ စောင့်စေချင်တယ်၊ စောင့်ပြီးတော့မှ စုပြီးသင်္ဂြ ိုဟ်မယ် အဲဒီမှာ ဘုန်းကြီးတွေဘာတွေနဲ့ သူတို့လုပ်နေကြပုံစုံ လုပ်ချင်ပါတယ်လို့ပြောတော့ ဒီပုံစုံကို ကျနော်တို့က ခွင့်ပြုရမှာပါ။

ကိုသားညွန့်ဦး။ ။ဟုတ်ကဲ့ဆရာ

ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG