သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောနယ်ခြားစခန်းတခု ထပ်မံအတိုက်ခံရ


 မောင်တောရဲများ လုံခြုံရေးယူနေစဉ်
မောင်တောရဲများ လုံခြုံရေးယူနေစဉ်

အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ရခိုင်ပြည်နယ်ကို ကုလဦးဆောင်တဲ့ နိုင်ငံတကာသံတမန်တွေ လေ့လာနေချိန်မှာပဲ မနေ့ဗုဒ္ဓဟူးနေ့က ညနေခြောက်နာရီလောက်မှာ ရခိုင်ပြည်နယ်မောင်တောမြို့က နူရူလ္လာရဲကင်းစခန်းကို လက်နက်ငယ်တွေနဲ့ လာရောက်ပစ်ခတ်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပွား ခဲ့ပါတယ်။ဒီတိုက်ခိုက်မှုအတွင်း ရဲတပ်ဖွဲ့ဝင်တဦးသေဆုံးပြီး တစ်ဦးဒဏ်ရာရခဲ့ပါတယ်။ အခြေအနေအသေးစိတ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်မောင်တောမြိုရဲ့တောင်ဘက်မှာရှိတဲ့နယ်ခြားစောင့်ကင်းစခန်းတခုကို နိုဝင်ဘာလ ၃ရက်နေ့က ညပိုင်းလောက်မှာ လူအင်အား ၅ဦးခန့် ကအကြမ်းဖက်ဝင်ရောက်တိုက်ခိုက် တာကြောင့် ရဲတပ်ဖွဲဝင်တဦးကျဆုံးမူရှိခဲ့တယ်လို့ ရခိုင်ပြည်နယ်လွတ်တော်ကိုယ်စားလှယ် ဦးမောင်အုန်းကအခုလိုပြောပါတယ်။

“ကင်းစခန်းကို လာပစ်တာခင်ဗျ။ အဲဒီမှာ ရဲဘက်က တယောက်ကျတယ်လို့ကြားတယ်။ ဆေးရုံလည်းရောက်တယ်လို့ကြားတယ်၊ အဲဒီသေတဲ့လူလေ။ နူရူလ္လာရဲ ရဲကင်းလို့ကြားတယ်။ အဲဒါမောင်တောနဲ့ဆို ၃ မိုင်လောက်ပဲရှိမှာပါ။ လုံခြုံရေးကတော့ ရှိပါတယ်။ ဒါပေမယ့် အလစ်သုတ်ဝင်တိုက်တာပေါ့။”

ရခိုင်ပြည်နယ် မောင်တောမှာပြီးခဲတဲ့ လက နယ်ခြားစောင့်ဌာနချုပ်ဖြစ်တဲ့ ကျီးကန်ပြင်ဌာနချုပ်နဲ့ ကိုတန်းကောက်နဲ့ ငါးခူရစခန်း စတဲ့နေရာ ၃ခု ကိုအင်အားရာဂဏန်းရှိတဲ့ အကြမ်းဖက် သူတွေက ဝင်ရောက်ပစ်ခတ် ခဲ့တာကြောင့် နယ်ခြားစောင့်ရဲတပ်ဖွဲဝင် ၉ဦးလည်း ကျဆုံးခဲ့ပြီး အပြန်အလှန်ပစ်ခတ်မူ အတွင်းမှာ အကြမ်းဖက်သူတွေကိုလည်း အရှင်ဖမ်းမိတာရှိသလို အကြမ်းဖက်သူတွေဘက်ကလည်း သေဆုံးတာတွေရှိခဲ့ပါတယ်။ အခု မောင်တောမြို့တောင်ပိုင်းက ကင်းစခန်းကိုလာရောက်တိုက်ခိုက်မူမှာတော့ လူအင်အားအနည်းငယ်သာပါဝင်တယ်လို့ လည်း ဆက်ပြောပြပါတယ်။

“လူအင်အားက ၅ ယောက်လောက်ပဲကြားတယ်ခင်ဗျ။”

ရခိုင်ပြည်နယ်အတွင်းမှာမတည်ငြိမ်မူတွေကြောင့်အရပ်သားထောင်ဂဏန်း လောက်ဟာ အိုးအိမ်စွန့်ခွာပြီး ဒုက္ခသည်စခန်းတွေလာရောက်နေထိုင်ကြပြီး မကြာသေးခင်ရက်ပိုင်းကပဲ နယ်မြေတည် ငြိမ်အေးချမ်းစပြုလာတယ်ဆိုပြီး နေရပ်ရင်းကိုပြန်သွားကြတာပါ။ မောင်တောမြိုမှာတော့ ဒေသခံတွေကစိုးရိမ်မူတွေနဲ့ နေထိုင်နေရတယ်လို့ ဆိုပါတယ်။

“ပြောလို့တော့မရသေးဘူးခင်ဗျ။ စိုးရိမ်တဲ့အခြေအနေကတော့ ရှိမှာပါ။ ဘာကြောင့်လဲဆိုတော့ တပ်ကမှ မရုပ်သေးတာ မတည်ငြိမ်သေးလို့လေ။ တည်ငြိမ်အေးချမ်းရင် တပ်ရုပ်မှာပေါ့။”

မောင်တောအကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်နဲ့ ပတ်သက်လို့RSO အကြမ်းဖက်အဖွဲ့နဲ့ ဆက်စပ်ပြီး မောင်တောဒေသမှာလှုပ်ရှားနေတဲ့ Aqa Mul Mujahidin အဖွဲ့ရဲ့ လက်ချက်ဖြစ်ကြောင်း စစ်ဆေးဖော်ထုတ်ရရှိတယ်ဆိုပြိး နိုင်ငံတော်သမ္မတရုံးကအောက်တိုဘာ ၁၄ ရက်မှာ ထုတ်ပြန်ထားတာပါ။

နယ်ခြားစောင့်ကင်းစခန်းတွေအကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းချိန်မှာ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက ဝေဖန်ထောက်ပြတာတွေလည်းရှိနေတာပါ။ ဒီအတွက် ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး နဲ့အမေရိကန်၊ ဗြိတိန်၊ အီ၈ျစ် ဥရောပသမဂ္ဂ နဲ့တူရကီက သံအမတ်ကြီးတွေပါဝင်တဲ့ သံတမန်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို ဒီရက်ပိုင်းအတွင်း သွားရောက်လေ့လာစုံစမ်းနေတဲ့အချိန်မှာပဲ ရခိုင်ပြည်မောင်တောမြိုတောင်ပိုင်းမှာ နယ်ခြားစောင့်ကင်းစခန်းထပ်မံ ပစ်ခတ်ခံရတာလည်းဖြစ်ပါတယ်။

မအေးအေးမာ သတင်းပေးပို့ခဲ့တာပါ။

တဆက်တည်းပါပဲ နိုင်ငံတကာသံတမန်အဖွဲ့နဲ့ ရခိုင်လွှတ်တော်တွေ့ဆုံချိန် ဆွေးနွေးခဲ့တာတွေကိုလည်း တင်ပြပါမယ်။

နိုင်ငံတကာသံတမန်အဖွဲ့နဲ့ အစိုးရအဖွဲ့တွေ့ဆုံ။(ဦးညီပု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)
နိုင်ငံတကာသံတမန်အဖွဲ့နဲ့ အစိုးရအဖွဲ့တွေ့ဆုံ။(ဦးညီပု ရခိုင်ပြည်နယ်ဝန်ကြီးချုပ်)

လုံခြုံရေးတပ်ဖွဲ့ဝင်တွေ သေဆုံးတဲ့အထိ အင်အားသုံးအကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှုရှိရေးနဲ့ ဥပဒေကြောင်းအရ ကိုင်တွယ်ဖြေရှင်းပေးဖို့ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ လိုလားကြောင်းကို လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) ဌာနေ ညှိနှိုင်းရေးမှူး ဦးဆောင်တဲ့ နိုင်ငံတကာသံတမန်အဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော်တာဝန်ရှိသူတွေကရှင်းလင်း ပြောဆိုလိုက်ပါတယ်။ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိမရှိ လာရောက်လေ့လာနေတဲ့ နိုင်ငံတကာသံတမန်အဖွဲ့ လေ့လာနေချိန်မှာပဲ အခုလိုရခိုင်ပြည်နယ်မောင်တောက ရဲကင်းစခန်းအကြမ်းဖက်တိုက်ခိုက်မှုအပေါ်မှာလည်း ရခိုင်လွှတ်တော်အမတ်က ရှုတ်ချပါတယ်။ အသေးစိတ် မဆုမွန်က ဆက်ပြောပြပေးပါမယ်။

တိုက်ရိုက် လင့်ခ်

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ နယ်ခြားစောင့်တပ်စခန်းတွေနဲ့ ရဲကင်းစခန်းတွေကို လူအင်အားသုံး အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက် ရခိုင်ပြည်နယ်မောင်တောက ပဋိပက္ခတွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် နိုင်ငံတကာအဖွဲ့တွေကို အကန့်အသတ်မရှိ ဝင်ရောက်ခွင့်ပြုဖို့နဲ့ သမာသမတ်ကျတဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ဖို့ကို မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စစ်ယန်ဟီးလီ က တောင်းဆိုခဲ့ပြီးနောက် အခုလိုမျိုး ရခိုင်ပြည်နယ်အစိုးရဘက်က လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) ရဲ့ ဌာနေ ညှိနှိုင်းရေးမှူး ဦးဆောင်တဲ့ နိုင်ငံတကာသံတမန်အဖွဲ့ကို ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်တိုက်ခိုက်မှု ပဋိပက္ခဖြစ်ပွားခဲ့တဲ့နေရာတွေကို လာရောက်လေ့လာခွင့်ပြုခဲ့တာဖြစ်ပါတယ်။

နိုဝင်ဘာလ ၂ရက်နေ့ကစလို့ ရခိုင်ပြည်နယ် စစ်တွေမြို့ကတဆင့် မောင်တောမြို့ ကိုရောက်ရှိနေတဲ့ ကုလသမဂ္ဂရုံး ညှိနှိုင်းရေးမှူးနဲ့ သံတမန်အဖွဲ့ဟာ မနေ့ ဗုဒ္ဓဟူးနေ့မနက်မှာ ပြည်ထောင်စုအစိုးရ၊ ရခိုင်ပြည်နယ်အစိုးရ အဖွဲ့ဝင်တွေနဲ့တွေ့ ဆုံပြီး ရခိုင်ပြည်နယ်အတွင်း လုံခြုံရေး အခြေအနေတွေနဲ့ ဆွေးနွေးခဲ့သလို နိုင်ငံတကာသံတမန်အဖွဲ့ဟာ ရခိုင်လွှတ်တော် တာဝန်ရှိသူတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ရခိုင်ပြည်နယ်တွင်း တရားဥပဒေစိုးမိုးမှုရှိရေးနဲ့ဥပဒေကြောင်းအရ ကိုင်တွယ်ဖြေရှင်းပေးဖို့ လိုလားကြောင်းနဲ့ ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့ တပ်မတော်နဲ့ ရဲလုံခြုံရေးတွေဘက်က ကိုင်တွယ်ဖြေရှင်းမှုကို စောင့်ကြည့်နေကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ကုလသမဂ္ဂရုံး (OCHA) ဌာနေ ညှိနှိုင်းရေးမှူး ဦးဆောင်တဲ့ နိုင်ငံတကာသံတမန်အဖွဲ့ကို ရခိုင်ပြည်နယ်လွှတ်တော်တာဝန်ရှိသူတွေကရှင်းလင်း ပြောဆိုခဲ့တယ်လို့ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့က ပြည်နယ်လွှတ်တော်အမတ်ဦးထွန်းအောင်သိန်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ ကျနော်တို့ ဒီနေ့လွှတ်တော်မှာ ကျနော်တို့ တွေ့ခဲ့တယ်။ ဟုတ်ကဲ့ ဒီနေ့ ၄ နာရီမှာလာပြီးတော့ တွေ့တာပါ။ တွေ့တဲ့အချိန်မှာသူတို့က အခုဖြစ်နေတဲ့ ကိစ္စကို နားလည်တယ်၊ သဘောပေါက်တယ်၊ ဆိုပြီးတော့ ကျနော်တို့ကိုပြောသွားခဲ့တယ်။ ကျနော်တို့ဘက်ကလည်း လွှတ်တော်ဟာ အခုအကြမ်းဖက်တဲ့ ကိစ္စရပ်ကို ကျနော်တို့က ဥပဒေကြောင်းအရ လုပ်ဖို့အတွက်ကို ကျနော်တို့ကလုပ်ဆောင်နေပါတယ်။ တကယ်လို့ ဥပဒေကို ကျော်ပြီးတော့ ရဲကပဲဖြစ်ဖြစ် ၊ တပ်ကပဲဖြစ်ဖြစ် ကျနော်တို့ တစုံတရာ ဥပဒေနဲ့ မညီဘူးဆိုရင် ကျနော်တို့လွှတ်တော်ကတော့ ဒီအခြေအနေကို ကျနော်တို့ လွှတ်တော်က သူတို့ကိုပြောရလိမ့်မယ်ဆိုပြီးတော့ ကျနော်တို့အဲလိုပဲပြောခဲ့တယ်ခင်ဗျ။ ကျနော်တို့ လိုအပ်ချက်အရ ဒီမှာရှိနေတဲ့အခြေအနေကိုလည်း ကျနော်တို့က ထိန်းထိန်းသိမ်းသိမ်းနဲ့ဆောင်ရွက်ဖို့ကို ကျနော်တို့ ဆွေးနွေးကြတာဖြစ်ပါတယ်။”

အခုလိုနိုင်ငံတကာသံတမန်တွေ လာရောက်လေ့လာနေချိန်မှာပဲ ရခိုင်ပြည်နယ် မောင်တောမြို့ မှာ မနေ့ ဗုဒ္ဓဟူးနေ့ ထပ်မံပြီးအကြမ်းဖက်တိုက်ခိုက်မှုဖြစ်ခဲ့ပြီး ရဲလုံခြုံရေးဝန်ထမ်းတဦးသေဆုံးခဲ့ပါတယ်။ အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ခဲ့တဲ့အပေါ် ရခိုင်ပြည်နယ်လွှတ်တော်အနေနဲ့လည်း အခုလို ထူးခြားဖြစ်စဉ်တွေ ပေါ်ပေါက်လာရင် ရခိုင်လွှတ်တော်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်ဆောင်သွားမှာဖြစ်တယ်လို့ ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှု လေ့လာသုံးသပ်ရေးကော်မတီအဖွဲ့ဝင်လည်းဖြစ်တဲ့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်းကပြောပါတယ်။

“ဒီကိစ္စက ကျနော်တို့ စုံစမ်းနေစဲ အခြေအနေ ဖြစ်တဲ့အတွက် ကျနော်တို့ အစီရင်ခံစာမှာမူတည်ပြီးတော့ ကျနေ်ာတို့ လွှတ်တော်မှာ တောင်းဆိုသွားမှာဖြစ်ပါတယ်။ ကျနော်တို့လွှတ်တော်က ဒီအကြမ်းဖက်မူအပေါ်မှာမူတည်ပြီးတော့ ကျနော်တို့ ကွင်းဆင်းလေ့လာပြီးတော့ ရတဲ့အချက်အလက်ပေါ်မှာမူတည်ပြီး လွှတ်တော်ခေါ်သင့်ရင် လွှတ်တော်ခေါ်မယ်။ ဒီဒေသ တည်ငြိမ်နိုင်ဖို့အတွက်ကို တရားဥပဒေစိုးမိုးရေးအတွက် လွှတ်တော်ထဲကနေပြီးတော့ ကျနော်တို့ အစိုးရကို တိုက်တွန်းတဲ့အခြေအနေတွေ ၊ လုပ်ဆောင်သွားမယ့်အခြေအနေရှိတယ်ခင်ဗျ။”

အကြမ်းဖက် တိုက်ခိုက်ခံရပြီးတဲ့နောက် လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက်တိုက်ခိုက်ခဲ့သူတွေကို လိုက်လံဖမ်းဆီးနိုင်ဖို့ ဒေသတွင်း နယ်မြေရှင်းလင်းချိန်မှာ ရွာကိုမီးရှို့တာတွေ၊ လူ့အခွင့်အရေးချိုးဖောက်တာတွေရှိကြောင်း ဝေဖန်မှုတွေရှိခဲ့ပြီးတဲ့နောက် သံတမန်အဖွဲ့ဟာ အကြမ်းဖက်မူဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ်မောင်တောဒေသကို နိုဝင်ဘာလ ၂ ရက်နေ့နဲ့ ၃ရက်နေ့ ၂ရက် တာ သွားရောက်လေ့လာစုံစမ်းတာဖြစ်ပါတယ်။ ကုလသမဂ္ဂ(OCHA) ဌာနေညှိနှိုင်းရေးမှူး နဲ့ ရန်ကုန်မြို့ရှိ အမေရိကန်၊ ဗြိတိန်၊ အီဂျစ်၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ထိုင်း၊ တူရကီစသည့် သံအမတ်ကြီးတွေပါဝင်ပါတယ်။ သံတမန်အဖွဲ့ရဲ့ မေးမြန်းချက်တွေကို နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဒုတိယဗိုလ်ချုပ်ကြီးရဲအောင်၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပု၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်တင်ဦးဆောင်တဲ့အစိုးရအဖွဲ့နဲ့အတူ တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နှင့် ပြည်နယ် အစိုးရတို့ မှတာဝန်ရှိသူတွေဘက်ကလည်း ရှင်းလင်းတင်ပြခဲ့ပါတယ်။

XS
SM
MD
LG