သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တော တိုက်ခိုက်မှု ရဲဝန်ထမ်း ၄ ဦး သေဆုံး


ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် နယ်စပ်လည်းဖြစ် ဘင်္ဂလားဒေ့ရှ်နယ်စပ်လည်းဖြစ်တဲ့ မိုင်တိုင် ၅၂ ဆိုတဲ့နေရာမှာ မေလ ၁၇ ရက်က ရိုဟင်ဂျာ သွေးစည်း ညီညွတ်ရေးအဖွဲ့ (RSO) အဖွဲလို့ယူဆရတဲ့ တပ်ဖွဲ့အင်အား ၅၀ လောက်နဲ့ မြန်မာ နယ်ခြားစောင့်ရဲတပ်ဖွဲ့တွေ တိုက်ခိုက်မူဖြစ်ခဲ့တာပါ။
ဒီအတွက် မြန်မာနိုင်ငံဘက်က နယ်ခြားမှုတာဝန်ယူတဲ့ရဲ ဝန်ထမ်း ၄ ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရခဲ့ကြောင်း မောင်တောမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက အတည်ပြု ပြောကြားပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

လူမျိုးရေး၊ ဘာသာရေး၊ ပဋိက္ခတွေနဲ့ မငြိမ်မသက်ဖြစ်နေရတဲ့ ရခိုင်ပြည်နယ်တွင်းက နယ်စပ်မြို့ မောင်တောမြို့မှာ မေလ ၁၇ ရက်နေ့က နယ်ခြားစောင့် ရဲတပ်ဖွဲဝင်တွေ ခြုံခိုတို်က်ခိုက်ခံခဲ့ရတာပါ။ မောင်တောမြို့၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ရှိသူ ရဲမှူးဌေးလွင်က နယ်ခြားမှာစောင့်နေတဲ့ ရဲတပ်ဖွဲ့ဝင်တွေ တို်က်ခိုက်ခံရကြောင်း အခုလို အတည်ပြု ပြောကြားပါတယ်။

“မိုင်တိုင် ၅၃၊ နယ်စပ်ခြံစည်းရိုးပေါ့နော- နယ်ခြားစောင့် ရဲကင်းစခန်းလေးရှိတယ်။ အဲဒီအဖွဲ့ကနေပြီးတော့ ဗန္ဓုလစခန်းကို အစည်းအဝေးသွားတာ။ တာဝန်နဲ့သွားတာ၊ သွားတော့-မိုင်တိုင် ၅၂ ကိုရောက်တော့ မိုင်တိုင် ၅၂ မှာလည်း နယ်ခြားစောင့် ကင်းစခန်းလေးရှိတယ်။ ၅၂ က ၄ ယောက်ရယ်၊ ၅၃ က ၃ ယောက်ရယ်။ အားလုံး နှစ်ခုပေါင်းရင် ၁ + ၇ ပေါ့။ ၁ + ၇ က ၅၂ ကနေ ဆက်ပြီးသွားတာ။ ၅၂ ကျော်နတ်ရေကန်ဆိုတာရှိတယ်။ အဲဒီနားမှာ သူတို့ ဟိုဘက်က အဖွဲ့က-”

မေး။ ။ ပစ်တဲ့အဖွဲ့က ဘာအဖွဲ့လို့ခေါ်လဲရှင့်။

“အဲဒါတော့ ကျနော်တို့ သေချာ အတိအကျ မပြောနိုင်သေးဘူး၊ ကျနော်တို့ထင်တာကတော့ RSO လို့ပဲ ထင်ပါတယ်။ RSO ပဲဖြစ်မှာလေ။ BGB (Border Guard Bangladesh) တို့ကတော့ ဒါ အစိုးရအဖွဲ့တွေ ဆိုတော့ လုပ်မှာ မဟုတ်ဘူး။ BGD ကလည်း အဲဒီမှာ ရှိမှာမဟုတ်ဘူး။ သူတို့က ခြံစည်းရိုးတလျှောက်မှာ။ အဲဒီမှာက RSO တွေပဲ လှည့်နေတာကိုး။”

မေး။ ။ နယ်ခြားစောင့်ရဲတွေဘက်က ထိခိုက်မှုများ ရှိလားရှင့်။

“နယ်ခြားစောင့်ရဲက ၄ ယောက် ကျသွားတယ်ဗျ။ တပ်ဖွဲ့ဝင် ၄ ယောက် ကျသွားတယ်။ ၁ ယောက် ဒဏ်ရာရတယ်ပေါ့။”

မေး။ ။ တိုက်ခိုက်မှုဖြစ်တဲ့အချိန်မှာ သူတို့ဘက်က လူဘယ်လောက်များလဲရှင့်။
“၄-၅၀ လောက်တော့ ရှိမယ်ထင်တယ်၊ ခန့်မှန်းပေ့ါနော-”

မေး။ ။ အဲဒါနဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ်ဘ်အစိုးရကိုရော အကြောင်းကြားတာတို့ အဲဒါမျိုးတွေရော လုပ်တာ ရှိလား။

“အဲဒါကျတော့ ကျနော်တို့နဲ့ မဆိုင်တော့ဘူး၊ နယ်ခြားစောင့်ရဲနဲ့ပဲ ဆိုင်တယ်ဗျ။ နယ်ခြားစောင့်ရဲကတော့ အကြောင်းကြားတာ သူတို့လုပ်မှာပါ။”

အခင်းဖြစ်ပွားခဲ့တဲ့ မောင်တောမြို့နယ်မှာ ဘင်္ဂလီလူမျိုးတွေ အများဆုံး နေထိုင်နေတာဖြစ်ပြီး နယ်ခြားစောင့်တပ်တွေနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က လာတဲ့ လက်နက်ကိုင်အဖွဲ့တွေနဲ့ မကြာခဏ တိုက်ခိုက်မူတွေ ရှိနေတာပါ။

နယ်ခြားစောင့်ဘက်က ရဲဝင်ထမ်း ၄ ဦးကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရခဲ့ပေမယ့် မပြင်းထန်ဘူးလို့ ဆိုပါတယ်။ တဖက်နဲ့တဖက် ပစ်ခတ်မှုတွေအတွင်းမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ဝင်ရောက်လာတဲ့ လက်နက်ကိုင်အဖွဲ့တွေဘက်က ဘယ်လောက် သေဆုံးမှုကို မသိရပေမယ့် မကြာသေးခင်တုန်းက နယ်ခြားစောင့်တပ်ဖွဲတွေနဲ့ တိုက်ပွဲဖြစ်ခဲ့ရာမှာ သေဆုံးမှုတချို့ ရှိခဲ့တယ်လို့လည်း ဒေသခံတစ်ဦးက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်းမှာ ပြီးခဲ့တဲ့နှစ်တွေကစလို့ ဖြစ်ပွားခဲ့တဲ့ ဘာသရေ းလူမျိုးရေး ပဋိပက္ခတွေအတွင်း ရာဂဏန်းခန့် သေဆုံးခံရပြီး အိုးအိမ်မဲ့ ဒုက္ခသည်တွေလည်း သိန်းဂဏန်းထိရှိခဲ့တာပါ။ အခုအခါမှာတော့ ရခိုင်ဒေသဟာ ထိလွယ် ရှလွယ်အခြေအနေမှာရှိနေပြီး ငြိမ်သက်မှု မရှိသေးတဲ့အတွက် နယ်ခြားတလျှောက်မှာ နယ်ခြားစောင့်တပ်များချထားသလို ဘင်္ဂလားဒေ့ရှိ နိုင်ငံကလည်း နယ်ခြားကို ခြံစည်းရိုးတွေ ခတ်ပြီး ပဋိပက္ခတွေမဖြစ်အောင် ကာကွယ်နေတာလည်း ရှိနေပါတယ်။ ဒါမေပဲ့လည်းနယ်စပ်တလျှောက်မှာတော့ တဖက်နိုင်ငံက ဝင်ရောက်လာတဲ့ အမည်မသိအဖွဲ့တွေကြောင့် ရဲတွေကော အရပ်သားတွေပါ ထိခိုက်ဒဏ်ရာရမှု၊ သေဆုံးမှုတွေ သေဆုံးမှုတွေကတော့ ရှိနေဆဲဖြစ်ပါတယ်ရှင်။
XS
SM
MD
LG