သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မေယု FM ရေဒီယိုအစီအစဉ် စမ်းသပ်ထုတ်လွှင့်


ရခိုင်ပြည်နယ် မောင်တောမြို့ (MOI)
ရခိုင်ပြည်နယ် မောင်တောမြို့ (MOI)

ရခိုင်ပြည်နယ် မောင်တော၊ ဘူးသီးတောင် ဒေသ အတွက် မေယု FM ရေဒီယို အစီအစဉ်ကို ပြန်ကြားရေး ဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စတင် စမ်းသပ် ထုတ်လွှင့်ပါတယ်။ ဒေသဖွံ့ဖြိုးရေး၊ နောက် အစိုးရရဲ့ ဒေသတွင်း ဆောင်ရွက်ချက်တွေကို ဒေသခံတွေရဲ့ ဘာသာစကားတွေနဲ့ စမ်းသပ်ထုတ်လွှင့်တာ ဖြစ်ပါတယ်။ ၄ နာရီကြာ အစီအစဉ်ကို တရက် ၂ ကြိမ် စမ်းသပ် ထုတ်လွှင့်နေတဲ့ မေယု FM အစီအစဉ်နဲ့ ပတ်သက်ပြီး ပြည်ထောင်စု ပြန်ကြားရေး ဝန်ကြီးဌာနရဲ့ ဒုတိယ အမြဲတမ်း အတွင်းဝန် ဦးမျိုးမြင့်မောင် ကို မသိင်္ဂ ီထိုက် ဆက်သွယ်မေးမြန်းထားပါတယ်။

မေး။ ။ဆရာတို့ ဒီပြန်ကြားရေးဝန်ကြီးဌာနက မောင်တော၊ ဘူးသီးတောင်အတွက် မေယု FM ရေဒီယို အစီအစဉ်စတယ်လို့ကြားလို့ပါဆရာ အဲဒါသိချင်လို့ပါ။

ဖြေ။ ။အခုဟာက အစီအစဉ် စတယ်ဆိုတာ FM ရေဒီယိုလေးကို စမ်းသပ်ပြီးတော့ လွှင့်တာပါခင်ဗျ ၊ အစီအစဉ်တခုလုံး စလွှင့်တာမဟုတ်ဘူး ကျနော်တို့ စမ်းသပ်လွှင့်တဲ့အနေအထားလေးပဲရှိပါသေးတယ်။

မေး။ ။ဒီဟာက အစိုးရပိုင်လား ၊ဒါမှမဟုတ် ပုဂ္ဂလိက အစီအစဉ်လား ဆရာတို့ဌာနက လုပ်တာလား

ဖြေ။ ။အဓိကတော့ ကျနော်တို့ လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဌာနက လုပ်နေတဲ့ အစီအမံလေးတွေရှိတယ်၊ နောက်အလုပ်သမားနဲ့ လူဝင်မူကြီးကြပ်ရေးဌာနကနေပြီးတော့ လုပ်နေတဲ့ အစီအမံလေးတွေရှိတယ် ဒါတွေကို ကျနော်တို့က အဲဒီဒေသတဝိုက်မှာ ရှိတဲ့သူတွေသိနိုင်ဖို့အတွက်ကို ကျနော်တို့ Local FM တခုကို ကျနော်တို့ စမ်းသပ်ပြီးတော့ လွှင့်တဲ့သဘောမျိုးပါ။ လုပ်တာကတော့ ကျနော်တို့ ဒီပြန်ကြားရေးက တာဝန်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးတာပေါ့နော်။

မေး။ ။ဆရာ အဲဒီတော့ လူမှုဖွံ့ဖြိုးရေးနဲ့ ပတ်သက်ပြီးတော့ အဓိက ဦးစားပေးထုတ်လွှင့်မှာပေါ့နော်

ဖြေ။ ။အဓိကတော့ အဲဒါပါပဲ နယ်မြေဖွံ့ဖြိုးရေးအတွက် နောက်ပြီးတော့ ဒီဒေသမှာ ရှိတဲ့ ကျနော်တို့လုပ်ဆောင်နေတဲ့ဟာတွေကို အဲဒီမှာရှိတဲ့သူတွေ ပိုပြီးတော့ သိရှိနားလည်ပြီးတော့ ပူးပေါင်းဆောင်ရွက်လာစေရေးပေါ့။

မေး။ ။ဘယ်တော့လောက်ဆရာတို့ သတ်သတ်မှတ်မှတ်ထုတ်လွှင့်နိုင်မယ်လို့ ခန့်မှန်းထားပါသလဲ၊ အစီအစဉ်ရှိပါသလဲ။

ဖြေ။ ။အဲဒါကတော့ Timeline အနေနဲ့ကတော့ အတိအကျပြောဖို့တော့ မလွယ်ပါဘူးခင်ဗျ။ လောလောဆယ်မှာတော့ ကျနော်တို့က စမ်းသပ်ထုတ်လွှင့်တာလေးတွေရှိတယ်၊ အဲဒီအပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ နောက်ဆောင်ရွက်မှာလေးတွေဆက်သွားမှာပါ။

မေး။ ။အဲဒီတော့ စမ်းသပ်ထုတ်လွှင့်တယ်ဆိုတော့ အခုနယ်မြေအတွင်းကတော့ စပြီးတော့ ဖမ်းပြီးတော့ နားဆင်နိုင်ပြီပေါ့နော်

ဖြေ။ ။နားဆင်နိုင်ပါတယ်ခင်ဗျ၊ ကျနော်တို့က ဒီ စမ်းသပ်ထုတ်လွှင့်တာဖြစ်တဲ့အတွက် ကျနော်တို့က အချိန်ပြည့်မဟုတ်ဘူး အချိန်ပိုင်းလေးတွေပေါ့နော် ဒါမျိုးစမ်းပြီးလွှင့်နေပါတယ်။

မေး။ ။ဘယ်အချိန်တွေများ လွှင့်ပါသလဲဆရာ၊

ဖြေ။ ။ကျနော်တို့က မနက်မှာ ၄ နာရီစာလေးတွေပေါ့နော်၊ ၄ နာရီစာဆိုတော့ repeat သွားတာပေါ့နော်၊ သာမန်အားဖြင့်တော့ မနက် ၆ နာရီကနေပြီးတော့ ၁၀ နာရီအထိ၊ နောက် ညနေ ၆ နာရီကနေ ည ၁၀ နာရီအထိပေါ့နော် ဒါမျိုးလေးကျနော်တို့ ၂ ကြိမ်လွှင့်ပေးထားတာပေါ့နော်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG