သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးဝန်ကြီးပြောဆိုချက် သတင်းအဖွဲ့တွေ ကန့်ကွက်


ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် (MOI)
ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် (MOI)

သတင်းမီဒီယာလွတ်လပ်ခွင့်၊ အစိုးရပိုင်မီဒီယာတည်ရှိမှု စတာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီးက မြန်မာမီဒီယာဖွံဖြိုးတိုးတက်ရေးညီလာခံတွင်း ပြောဆိုခဲ့တာနဲ့ပတ်သက်လို့၊ သတင်းမီဒီယာအဖွဲ့အစည်းအသီးသီးက ကန့်ကွက်ခဲ့ကြပါတယ်။ သတင်းမီဒီယာနဲ့ပတ်သက်လို့ ပြန်ကြားရေးဝန်ကြီးရဲ့ မှတ်ချက်စကားတွေဟာ ကျင်းပနေတဲ့ မြန်မာ့မီဒီယာဖွံဖြိုးတိုးတက်ရေးညီလာခံရဲ့ ရည်ရွယ်ချက်တွေနဲ့လည်း ဆန့်ကျင်နေတယ်လို့ မီဒီယာအဖွဲ့အစည်းတွေက ထောက်ပြခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့် က မေးမြန်းသတင်းပေးပို့ ထားပါတယ်။

မြန်မာနိုင်ငံရဲ့ မီဒီယာလွတ်လပ်ခွင့် ကျဆင်းလာတယ်လို့နိုင်ငံတကာ နဲ့ ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ သုံးသပ်ရေးသားမှုတွေကို ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့်က ချေပရာမှာ ငွေကြေးအရ သြဇာလွမ်းမိုးခံရမှုနဲ့ သုတေသနလုပ်ဆောင်မှုတွေအပေါ် သူက ပြန်လှန်မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီကနေ့ နေ့ပြည်တော်မှာ ကျင်းပတဲ့ ၇ ကြိမ်မြောက် မြန်မာမီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ အဖွင့်မိန့်ခွန်းထဲမှာ ထည့်သွင်းပြောဆိုတာပါ။ ဒါ့အပြင် အစိုးရပိုင် မီဒီယာတွေ ဆက်လက် တည်ရှိနေဖို့ လိုအပ်တယ်ဆိုတာကိုလည်း ပြည်ထောင်စုဝန်ကြီး ဦးဖေမြင့်က အဲဒီ မိန့်ခွန်းမှာ ပြောခဲ့ပါတယ်။

"ဒီကနေ့ရှိနေတဲ့ လွှတ်တော်သည် အဓိကအားဖြင့် ပြည်သူက ရွေးကောက်တာဖြစ်ပါတယ်။ အစိုးရသည် လွှတ်တော်ကတဆင့် ပြည်သူ့အတွက် ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ဒီတော့ ဒီလွှတ်တော်နဲ့ ဒီအစိုးရဟာ သူ့ကိုရွေးချယ်ခန့်အပ်လိုက်တဲ့ ပြည်သူကို ကျွန်တော်တို့သည် နိုင်ငံနဲ့ ပြည်သူအတွက် ဘာတွေ ဘာတွေ ဆောင်ရွက်ပေးနေပါတယ်ဆိုတာကို အစီရင်ခံဖို့ တာဝန်ရှိပါတယ်။ အဲ့ဒီ တာဝန်ကို ဒီကနေ့ အစိုးရပိုင်လို့ပြောနေတဲ့ မီဒီယာများက ထမ်းဆောင်ပေးရတာဖြစ်ပါတယ်။ နောင်လာမယ့် အစိုးရများ အစိုးရများရှိရင်လည်းပဲ အဲ့ဒီအစိုးရများသည် ပြည်သူနဲ့ဆက်သွယ်မယ့် သူတို့မှာ မီဒီယာများသည် အခုပုံစံနဲ့ဖြစ်စေ နောင်ပြောင်းလဲလာမယ့် ခေတ်ကာလတွေနဲ့ လျော်ညီတဲ့ အခြားပုံစံများနဲ့ဖြစ်စေ ရှိနေအုံးမှာပဲ လို့ ကျွန်တော်က မြင်ပါတယ်။"

ဒီပြောဆိုချက်ကို သတင်းမီဒီယာ အဖွဲ့များနဲ့ လွတ်လပ်စွာရေးသားပြောဆိုခွင့် အရေးလှုပ်ရှားတဲ့ အဖွဲ့ တွေဖြစ်တဲ့ မြန်မာဂျာနယ်လစ်ကွန်ယက် Pen Myanmar မြန်မာ သတင်းသမားများ ကာကွယ်ရေး ကော်မတီ အစရှိတဲ့ ၁၆ ဖွဲ့က ကန့်ကွက်လိုက်ပါတယ်။

မြန်မာဂျာနယ်လစ် ကွန်ယက် အတွင်းရေးမှူး ကိုမြင့်ကျော်ကတော့ ပုဂ္ဂိလိက မီဒီယာနဲ့ လွတ်လပ်တဲ့ မီဒီယာပဲ ရှိသင့်တယ်လို့လည်း ဆိုပါတယ်။

"ကျွန်တော်တို့ နဂိုကတည်းက သံသယရှိတာပေါ့နော်။ ဒီ ၂ နှစ်ရှိလာပြီ အများပြည်သူဝန်ဆာင်မှု မီဒီယာနဲ့ ပတ်သက်တဲ့ ဥပဒေကြမ်းတွေ ပြင်ဆင်တာတွေ တခုမှလုပ်ဆောင်တာမတွေ့ရဘူး။ NLD အစိုးရက ဒီဟာကို ဆက်လက်ကိုင်ထားမယ်ဆိုတဲ့ သံသယမျိုး ဝင်တာကြာပြီ။ ဒီနေ့ကတော့ အဲ့လို ပြောင်ပြောင်တင်းတင်း ထုတ်ပြောလိုက်တဲ့ဟာကတော့ ကျွန်တော်တို့က ဒါကိုကန့်ကွက်ဖို့ ဖြစ်လာတဲ့အကြောင်းက ဒါပါပဲ။ အများပြည်သူ ဝန်ဆောင်မှုဆိုတဲ့ဟာကိုပြောင်းဖို့ ပုဂ္ဂိလိက မီဒီယာနဲ့ လွတ်လပ်တဲ့ မီဒီယာပဲရှိသင့်တယ်။ နိုင်ငံပိုင် မီဒီယာဆိုတာ ဒီအချိန်မှာ မရှိသင့်တော့ဘူးဆိုတဲ့ဟာမျိုးက အားလုံးက ဒီမိုကရေစီအခြေခံတဲ့ လက္ခဏာမျိုး အဲ့ဒါကို ရှိသင့်တယ်လို့ ပြောင်ပြောင်တင်းတင်း ပြောတဲ့ဟာကတော့ မူအားဖြင့် ဘယ်လိုမှ လက်ခံနိုင်ဖို့မရှိဘူးပေါ့။"

ဝန်ကြီး ဦးဖေမြင့်ဟာ သူကိုယ်တိုင် စာရေးဆရာတဦးဖြစ်ခဲ့သလို၊ ဝန်ကြီးမဖြစ်ခင်က သတင်းဂျာနယ်တစောင်ကိုလည်း ဦးစီး ထုတ်ဝေခဲ့သူပါ။ အဲဒီအချိန်တုန်းက အစိုးရမီဒီယာတွေနဲ့ပတ်သက်လို့ သူ့ ရပ်တည်ချက်နဲ့ အခုလို အစိုးရဝန်ကြီးဖြစ်တဲ့အချိန် သူ့ရပ်တည်ချက်အပေါ်မှာလည်း သတင်းသမား အတော်မာျးများ က ဝေဖန်တာတွေရှိခဲ့ဖူးပါတယ်။ ပုဂ္ဂိလိကမီဒီယာတွေအနေနဲ့ ငွေကြေးသြဇာ လွန်ဆန်နိုင်ပါ့မလားဆိုတဲ့ သူ့ရဲ့ မှတ်ချက်အပေါ်မှာလည်း သတင်းသမားတွေအတော်များများက မကျေနပ်ကြပါဘူး။ ပုဂ္ဂိလိကမီဒီယာတွေရဲ့ သဘောကို အသေအချာ နားမလည်တာဖြစ်တယ်လို့ ညီလာခံ တတ်ရောက်နေသူ Pen Myanmar အတွင်းရေးမှုး ကိုဟန်ဆန်က အခုလို ဝေဖန်ပါတယ်။

" တပ်မတော်က ထွက်နေတဲ့ဟာတွေရှိတယ်။ နောက်ပြီးတော့ ကြေးမုံတို့ မြန်မာ့အလင်းတို့ နောက် တခြားဟာ တွေရှိသေးတယ်။ ဒါဆိုရင်လည်း Editorial Independence မရှိဘူးဆိုတာ ပိုသေချာတဲ့ ကိစ္စမျိုး။ ဆိုတော့ ဒါမျိုးကိုကျ သူကဘာမှ ထည့်မပြောသွားပဲနဲ့ တခြားလွတ်လပ်တဲ့ မီဒီယာတွေပေါ့နော်။ ပုဂ္ဂိလိက မီဒီယာတွေရဲ့ အခန်းကဏ္ဍကိုကျတော့ အဲ့သလိုမျိုး စွပ်စွဲလိုက်တဲ့ သဘောမျိုး ဖြစ်သွားတာပေါ့။ သေချာမဟုတ်ဘဲနဲ့ သေချာ မသိဘဲနဲ့ နောက်ပြီး သတင်းခန်းတွေက ဘယ်လိုအခြေအနေမျိုးတွေမှာ အလုပ်လုပ်နေတယ်ဆိုတာကို သေချာ လေ့လာခြင်းမရှိဘူး။ နောက်အချက်အလက် အကိုးအကားအားဖြင့် မပါဘဲနဲ့ အလွတ်ကြီးကို စွပ်စွဲလိုက်တဲ့ သဘော ဖြစ်သွားတာပေါ့နော်။"

နယ်စည်းမခြား သတင်းထောက်များအဖွဲ့ က ဧပြီ ၂၅ ရက်က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ မှာ မြန်မာနိုင်ငံက အဆင့် ၁၃၇ သို့ရောက်ရှိနေပြီး ဒီ အညွှန်းကိန်းဟာ ၂၀၁၇ ခုနှစ်နှင့် နှိုင်းယှဉ်ပါက အဆင့် ခြောက်ဆင့် ကျဆင်းသွားလည်း ဖြစ်ပါတယ်။

ဒီလို အညွှန်းကိန်းကျဆင်းလာတယ်လို့ အစီရင်ခံစာ ရေးသားထုတ်ပြန်တဲ့ ပြည်တွင်း ပြည်ပ အဖွဲ့အစည်း တွေဟာ ဘက်လိုက်ခဲ့ပြီး အမှတ်ပေးပုံ ပွင့်လင်းမြင်သာမှု မရှိဘူးလို့လည်း ဝန်ကြီးကဆိုပါတယ်။

ဒီကနေ့ ၇ ကြိမ်မြောက် ကျင်းပတဲ့ မြန်မာမီဒီယာ ဖွံ့ဖြိုး တိုးတက်ရေး ညီလာခံ ခေါင်းစဉ်ကိုတော့ မြန်မာ့ မီဒီယာ တိုးတက်ရေးအတွက် ထိရောက်သော ပူးပေါင်းဆောင်ရွက်ခြင်း လို့ ပေးထားပြီး ဥပဒေပိုင်းဆိုင်ရာ ပြုပြင် ပြောင်းလဲရေးမှ လွတ်လပ်စွာ ပြောဆို ထုတ်ဖော် ရေးသားခွင့်နှင့်သတင်း အချက်အလက်များ ရယူ ခွင့်သို့၊ သတင်း မီဒီယာ လွတ်လပ်ခွင့်ကို ဘယ်လို တိုင်းတာကြမလဲ၊ မြန်မာနိုင်ငံ၏ ရုပ်သံလွှင့် မီဒီယာများ၊ ဥပဒေ၊ နည်းဥပဒေနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှုများ၊ မီဒီယာနှင့် သတင်း သမား များ၏ လုံခြုံရေး၊ ဒီဂျစ်တယ် ကူးပြောင်းသည့် အခင်းအကျင်းတွင် ပြည်တွင်း မီဒီယာများ ရှင်သန် ရပ်တည်ရေး စတဲ့ ခေါင်းစဉ်တွေနဲ့ ဆွေးနွေး သွားကြမှာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG