သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မီဒီယာ ဥပဒေမူကြမ်းအတွက် စာနယ်ဇင်းသမားများ ဒေါ်စုနဲ့တွေ့ဆုံ


သတင်းမီဒီယာကောင်စီ (ယာယီ)
သတင်းစာနယ်ဇင်းသမားတွေ ရေးဆွဲထားတဲ့ မီဒီယာ ဥပဒေမူကြမ်းကို လွှတ်တော်တွင်း တင်သွင်းဖို့အရေး ကူညီပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်ကို သတင်းမီဒီယာသမားတွေက နေပြည်တော်မှာ သွားရောက် မေတ္တာရပ်ခံ တောင်းဆိုခဲ့ကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လွှတ်တော်တွင်း တင်ပြတဲ့အခါ မီဒီယာ လွတ်လပ်ခွင့် ရဖို့အရေး ကြိုးစားပေးပါ့မယ်ဆိုတဲ့ ကတိစကား ပြောခဲ့တယ်လို့ စာနယ်ဇင်းကောင်စီ တာဝန်ရှိသူက ပြောပါတယ်။ အသေးစိတ်ကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန် က တင်ပြထားပါတယ်။

အစိုးရ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ တင်သွင်းထားပြီးသား မီဒီယာဥပဒေ မူကြမ်းနဲ့အပြိုင် လွှတ်တော်နှစ်ရပ်စလုံးမှာ တင်သွင်းအဆိုပြုဖို့ရှိတဲ့ သတင်းစာနယ်ဇင်းသမားတွေ ရေးဆွဲထားတဲ့ မီဒီယာဥပဒေ မူကြမ်းကိစ္စနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ လွှတ်တော်ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ စာနယ်ဇင်းသမားတွေ ဒီကနေ့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

မီဒီယာ ဥပဒေမူကြမ်း လွှတ်တော်တွင်း တင်သွင်းအဆိုပြုတဲ့အခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ လွှတ်တော်တွင်း ကူညီထောက်ခံ ဆွေးနွေးနိုင်ဖို့အရေး ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြနိုင်ခဲ့ကြတယ်လို့ သတင်းမီဒီယာကောင်စီ (ယာယီ) ရဲ့ အတွင်းရေးမှူး ဦးကျော်မင်းဆွေ က ဗွီအိုအေကို ပြောပါတယ်။

“ဒီကနေ့တွေ့တာက ကျနော်တို့ ဆွဲထားတဲ့ သတင်းမီဒီယာ လွှတ်တော်တင်မယ့်ကိစ္စလေ။ ပြန်ကြားရေးနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ဆက်ဆံရေး အခြေအနေ၊ ပြန်ကြားရေးနဲ့ ကျနော်တို့ကြားမှာရှိတဲ့ ကတိက၀တ် ချိုးဖောက်တဲ့ကိစ္စတွေ၊ လွှတ်တော်ကနေပြီးတော့ ကျနော်တို့ သဘောမတူဘဲနဲ့ ပယ်ဖျက်ဖို့ လုပ်ထားတဲ့ အချက်တွေ ပါသွားတဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို အတည်ပြုလိုက်တဲ့ကိစ္စ၊ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တော့ အမျိုးသားလွှတ်တော်ကို ကျနော် သွားပြီး ရှင်းပြရတဲ့ကိစ္စတွေ၊ နောက်တခါ ကျနော်တို့ ဆွဲထားတဲ့ သတင်းမီဒီယာဥပဒေကို ကျနော်တို့ လွှတ်တော်တင်ဖို့ကိစ္စတွေ၊ လွှတ်တော်ထဲမှာ ကျနော်တို့ Press Council က ဆွဲထားတဲ့ သတင်းမီဒီယာ ဥပဒေတင်တဲ့အခါမှာ NLD ပါတီဝင်တွေဖြစ်တဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကနေပြီးတော့ အဲ့ဒါကို ကူညီထောက်ခံ ဆွေးနွေးပေးဖို့ ကျနော်တို့ မေတ္တာရပ်ခံခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကတော့ တိတိကျကျ ဘာလုပ်ပေးပါမယ်။ ညာလုပ်ပေးပါမယ်လို့ ၀န်ခံပြီး ပြောသွားတာမျိုး၊ အပ်ကျမတ်ကျ ပြောသွားတာမျိုး မရှိပါဘူး။ ယေဘုယျအားဖြင့် ကြိုးစားပေးပါမယ်လို့ပဲ ပြောပါတယ်။”

စာနယ်ဇင်းသမားတွေ စုဖွဲ့ထားတဲ့ မီဒီယာကောင်စီက ရေးဆွဲတင်သွင်းမယ့် ဥပဒေမူကြမ်းနဲ့ ပတ်သက်ပြီး လွှတ်တော်တွင်း တင်သွင်းအဆိုပြုနိုင်ဖို့ အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော်က လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက တင်သွင်းပေးဖို့ သဘောတူညီထားပြီးဖြစ်သလို လွှတ်တော်တွင်း အတိုက်အခံပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့လည်း ဒီဥပဒေမူကြမ်းကို ဖတ်ရှုသိရှိနားလည်ပြီး အလေးအနက်ထား ဆွေးနွေးပေးဖို့ စာနယ်ဇင်းသမားတွေက တောင်းဆိုခဲ့ကြတယ်လို့ ဦးကျော်မင်းဆွေ က ပြောပါတယ်။

“ကျနော်တို့ ပေးမယ့် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးက ကျနော်တို့ကို ကမ်းလှမ်းထားပြီးသားပါ။ အမျိုးသားလွှတ်တော်က တစ်ဦး၊ ပြည်သူ့လွှတ်တော်က တစ်ဦး၊ အဲ့ဒါကတော့ ဘယ်သူတွေဆိုတာ ကျနော်တို့ ထုတ်မပြောသေးပါဘူး။ ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားတွေ့တယ်ဆိုတာက စောစောပိုင်းကအတိုင်းပဲ အခြေအနေတွေ ရှင်းပြဖို့၊ လွှတ်တော်ထဲရောက်တဲ့အခါမှာ NLD ပါတီဝင် အမတ်များကနေပြီးတော့ ကျနော်တို့ ဆွဲထားတဲ့ ဥပဒေဟာ ပြည်သူလူထုအားလုံးအတွက် ဆွဲထားတဲ့အတွက် ဒေါ်အောင်ဆန်းစုကြည် စကားနဲ့ ပြောရရင်တော့ဗျာ ပြည်သူလူထု အနိုင်ရရှိအောင် လုပ်ပေးဖို့၊ ကြိုးစားပေးဖို့၊ လုပ်ပေးဖို့ဆိုတာထက် ၀ိုင်းကြိုးစားပေးဖို့ ကူညီပေးဖို့ သူ့ဘက်ကလည်း ၀ိုင်းပြီး ဒါကို ဆွေးနွေးပေးပါမယ်။ တတ်နိုင်သလောက် သူ့ရဲ့ပါတီကိုယ်စားလှယ်တွေကနေပြီးတော့ သူတို့ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့်နဲ့ ပါတီရဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ သူတို့ ဆွေးနွေးပြောကြားတာမျိုး လုပ်ပါလိမ့်မယ်လို့ ပြောပါတယ်။”

ပြန်ကြားရေးဝန်ကြီးဌာနက ဦးဆောင်ရေးဆွဲခဲ့တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းဆိုင်ရာ မီဒီယာ ဥပဒေမူကြမ်းကို ပြည်သူ့လွှတ်တော်မှာ တင်ပြအဆိုပြုခဲ့ရာမှာတော့ ကန့်ကွက်သူမရှိ တခဲနက် အတည်ပြုခဲ့ကြပြီးတော့ အခုဆိုရင် အမျိုးသားလွှတ်တော်မှာပါ အတည်ပြုနိုင်ဖို့ အဆို တင်သွင်းကြတော့မှာ ဖြစ်ပါတယ်။ ဒီလိုမျိုး ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲတဲ့ မီဒီယာ ဥပဒေမူကြမ်းနဲ့ ပတ်သက်လို့ မီဒီယာ လွတ်လပ်ခွင့်မရှိဘဲ သတင်းမီဒီယာ သမားတွေအပေါ်မှာ ကန့်သတ် ဖိနှိပ်မှုတွေ၊ ချုပ်ကိုင်မှုတွေ ရှိတယ်ဆိုပြီး သတင်းမီဒီယာ သမားတွေဘက်ကလည်း ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

ပြန်ကြားရေးဝန်ကြီးဌာနက ရေးဆွဲထားတဲ့ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း ဥပဒေမူကြမ်းကို မကြာခင် အမျိုးသားလွှတ်တော်မှာ ဆွေးနွေးဖို့ ရှိတဲ့အတွက် ပြန်ပြီးတော့ သုံးသပ်ပြင်ဆင်ပေးဖို့အပြင် စာနယ်ဇင်းကောင်စီ (ယာယီ) က တင်သွင်းထားတဲ့ မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်တွင်းမှာ တင်သွင်းဖို့ ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။

သြဂုတ်လ ၁၂ ရက်နေ့က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖိတ်ခေါ်ချက်နဲ့ တွေ့ဆုံခဲ့ကြတဲ့ သတင်းမီဒီယာကောင်စီ (ယာယီ) နဲ့ ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေ တွေ့ဆုံကြတဲ့အခါမှာလည်း ပြေ လည်မှု မရခဲ့ဘဲ သဘောထားကွဲလွဲမှုတွေ ရှိနေဆဲဖြစ်တယ်လို့ ဦးကျော်မင်းဆွေ က ပြောပါတယ်။

“ပြန်ကြားရေးဝန်ကြီးဌာနရဲ့ မူလသဘောထားအတိုင်းပဲ သူတို့က ရှိပါတယ်။ ကျနော်တို့ကလည်း မူလ သဘောထားအတိုင်းပဲရှိပါတယ်။ ရှေ့လျှောက် ကျရင်တော့ သူတို့က သဘောထားကွဲလွဲမှု ရှိခဲ့သည်ရှိသော် သဘောထားကွဲလွဲတာတွေအားလုံး ဒီမိုကရေစီနည်းနဲ့ စေ့စပ်ညှိနှိုင်း အဖြေရှာသွားမယ့် ကိစ္စကို သူက သဘောတူပါတယ်။ ကျန်တဲ့ဟာကတော့ သူ့ မူအတိုင်းပဲ သူက သူ့ သူ့ နဂိုရှိနေတဲ့ မူအတိုင်းပါပဲ သူတို့ကတော့။ ကျနော်တို့ကလည်း ကျနော်တို့ မူအတိုင်းပါပဲ။”

ဒါကြောင့် သတင်းမီဒီယာ သမားတွေက ကိုယ်တိုင်ရေးဆွဲထားတဲ့ မီဒီယာဥပဒေမူကြမ်းကို လွှတ်တော်တွင်း တင်ပြဖို့ ကြိုးစားကြတဲ့အခါ ဒီသတင်းမီဒီယာ ဥပဒေမူကြမ်းကို ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ် က လွှတ်တော်ကို ပြန်ကြားရေးဝန်ကြီးဌာနအနေနဲ့ ကိုယ်စားပြုပြီး တင်ပြမပေးနိုင်ဘူးလို့ ပြောဆိုလိုက်တဲ့အတွက် အခု သတင်းမီဒီယာသမားတွေက လွှတ်တော်တွင်း တင်သွင်းနိုင်ဖို့အရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် လွှတ်တော်အမတ်တွေကတဆင့် သတင်းမီဒီယာ ဥပဒေမူကြမ်းကို လွှတ်တော်တွင်း တင်သွင်းနိုင်ဖို့အရေး ကြိုးပမ်းနေကြတာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG