သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်အတည်ပြုထားတဲ့ မီဒီယာဥပဒေ စာနယ်ဇင်းကောင်စီ ကန့်ကွက်


မြန်မာနိုင်ငံ၊ စာနယ်ဇင်းကောင်စီ ယာယီကနေ ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပံုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ကန့်ကွက်ကြောင်း ဒီကနေ့ထုတ်ပြန်ပြီး ဒီဥပဒေကို အတည်မဖြစ်ဖို့ လွှတ်တော်ဥက္ကဋ္ဌ၊ လွှတ်တော်နာယကတို့နဲ့ တွေ့ဆုံပြီး ဆက်လက်ဆောင်ရွက်သွားဖို့ ပြင်ဆင်ထားပါတယ်။ သတင်းအပြည့်အစုံကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပုံနှိပ်ခြင်းနဲ့ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေမူကြမ်းဟာ စတင်ကြေညာစဉ်ကာလကတည်းက မီဒီယာအဖွဲ့အစည်းတွေက ကန့်ကွက်ထားတာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီလ (၄) ရက်နေ့ကတော့ ပြည်သူ့လွှတ်တော်က ပြင်ဆင်ချက်၊ ဖြည့်စွက်ချက်၊ ပယ်ဖျက်ချက် စတဲ့ အချက် ၂၀ ကျော်နဲ့အတူ ဒီဥပဒေကို အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ ဒီလို အတည်ပြုလိုက်တဲ့အပေါ်မှာ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) က အရေးပေါ် အစည်းအဝေး ခေါ်ဆိုပြီး ကန့်ကွက်ကြောင်း ဒီကနေ့ ထုတ်ပြန်ခဲ့တယ်လို့ စာနယ်ဇင်းကောင်စီရဲ့ ဥပဒေရေးဆွဲရေး အဖွဲ့ဝင် ဦးဇော်သက်ထွေးက ပြောပါတယ်။

“စာနယ်ဇင်းကောင်စီက ဒီကနေ့ ၁/၂၀၁၃ နဲ့ သဘောထားထုတ်ပြန်ပါတယ်။ အဓိက-က ကျနော်တို့ ပြန်ကြားရေး ဝန်ကြီး ဌာနနဲ့ စာနယ်ဇင်း ကောင်စီကနေပြီးတော့ သုံးကြိမ်တိုင်တိုင် သဘောတူညီချက်အရ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း မူကြမ်းမှာ ပြင်ဆင်၊ ပယ်ဖျက်ရမယ့် အချက်အလက်တွေကို ဝန်ကြီးဌာနကို ပေးပို့တယ်။ ဝန်ကြီးဌာနက ပြင်ဆင်ချက်တွေ အတိုင်း လွှတ်တော်ကို တင်ပြမယ်လို့ သဘောတူခဲ့တယ်။ ဒါပေမဲ့ အတည်ပြုလိုက်တဲ့အထဲမှာကျ ဒီအချက်အလက်တွေ အများစုက ဒီအတိုင်းပဲ မပြင်ဆင်ဘဲနဲ့ ပါတာကို တွေ့ရတယ်။ ဒါဟာ နှစ်ဦးနှစ်ဘက် သဘောတူညီချက်ကို ချိုးဖောက်ရာ ရောက်တယ်လို့ စာနယ်ဇင်း ကောင်စီဘက်က ယူဆပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူ့လွှတ်တော်က လက်ခံ အတည်ပြုထားတဲ့ ဥပဒေကြမ်းကို မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီက သဘောမတူနိုင်ကြောင်း သဘောထား ထုတ်ပြန်ရတာ ဖြစ်ပါတယ်။”

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ထုတ်ပြန်ချက်မှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည် စတင်တာဝန်ယူချိန်မှာ စာနယ်ဇင်းကောင်စီကို မီဒီယာဥပဒေတရပ် ရေးဆွဲဖို့သဘောတူခဲ့ကြောင်းနဲ့ စာနယ်ဇင်းကောင်စီက မီဒီယာဥပဒေရေးဆွဲချိန်မှာ ပြန်ကြားရေးဝန်ကြီးဌာနက ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကို ထုတ်ပြန်ခဲ့ကြောင်း အသေးစိတ်အချက်အလက်တွေကိုလည်း ထည့်သွင်းဖော်ပြထားပါတယ်။
ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်တဲ့ ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေကိုကန့်ကွက်ရတဲ့ အဓိက အကြောင်းကိုတော့ ဦးဇော်သက်ထွေးက အခုလို ဆက်ပြောပါတယ်။

“အဓိက ကတော့ ၆၂ ပုံနှိပ် အက် ဥပဒေမမှာလိုမျိုးပါခဲ့တဲ့ မှတ်ပုံတင်အရာရှိထံမှာ ကျနော်တို့က ထုတ်ဝေခွင့်ပါမစ်ကို လျှောက်ထားရမယ်ဆိုတဲ့ အချက်ပါပဲ။ အဲဒါကို ပယ်ဖျက်ပေးဖို့ ပြောဆိုခဲ့ပေမဲ့လည်း လွှတ်တော်မှာ အတည်ပြုလိုက်တဲ့ အထဲမှာ တရားရေးဝန်ကြီးဌာနက ခန့်အပ်ထားတဲ့ မှတ်ပုံတင်အရာရှိရဲ့ အခန်းကဏ္ဍက ဆက်လက်တည်ရှိနေတာ တွေ့ရပါတယ်။ ဒါဟာ တနည်းတဖုံအားဖြင့် စာပေ လွတ်လပ်လွတ်လပ်ခွင့် နယ်ပယ်ထဲမှာ ချုပ်ကိုင်ခွင့်တစ်ခုကို ရယူလိုက်ခြင်းလို့ ကျနော်တို့က ယူဆပါတယ်။ Freedom of Expression ကို ထိခိုက်တယ်လို့ ယူဆပါတယ်။ အဲဒါက အဓိက အချက်ပါပဲ။”

ပြည်သူ့လွှတ်တော်က အတည်ပြုလိုက်ပြီးတဲ့နောက် အမျိုးသားလွှတ်တော်က အတည်ပြုပြီး နိုင်ငံတော်သမ္မတက လက်မှတ်ရေးထိုးထုတ်ပြန်ရင် ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်း မူကြမ်းဟာ အသက်ဝင်လာမှာဖြစ်ပါတယ်။ ဒီဥပဒေ အတည်မဖြစ်စေဖို့ စာနယ်ဇင်းကောင်စီက ဆက်လက် ဆောင်ရွက်သွားမယ်လို့ ဦးဇော်သက်ထွေးက ပြောပါတယ်။

“ကျနော်တို့ စာနယ်ဇင်းကောင်စီရဲ့ ကိုယ်စားလှယ်တွေဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌတွေ၊ နာယကတွေနဲ့ သွားပြီး တွေ့ဆုံဆွေးနွေးမယ်၊ ပြီးရင် စာတွေလည်း ပေးပို့မယ်၊ နောက်ပြီးတော့ နိုင်ငံတကာ မီဒီယာတွေနဲ့ မီဒီယာ အဖွဲ့အစည်းအားလုံးကိုလည်း ကျနော်တို့က အချက်အလက်တွေကို ထုတ်ဝေ ဖြန့်ချိမှာ ဖြစ်ပါတယ်။ အခု ဆက်တိုက်လုပ်သွားမှာပါ။”

မြန်မာ ဂျာနယ်လစ်စ်ကွန်ယက်အဖွဲ့ကတော့ ပြည်သူ့လွှတ်တော်က ပုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းကို အတည်ပြုလိုက်တာဟာ သတင်းမီဒီယာလွတ်လပ်ခွင့်အတွက် နောက်ပြန်သွားတဲ့ ခြေလှမ်းတစ်လှမ်း၊ ဆုတ်ယုတ်မှု လက္ခဏာတစ်ရပ်ဖြစ်ပြီး ပြည်သူလူထုရဲ့ လွတ်လပ်စွာထုတ်ဖော်ခွင်နဲ့ သိရှိပိုင်ခွင့်ကို ကန့်သတ် လိုက်ခြင်းဖြစ်တယ်လို့ ရှုမြင်ကြောင်း မြန်မာဂျာနယ်လစ်ကွန်ရက်ကလည်း ဒီလ ၄ရက်နေ့က ကြေညာချက် ထုတ်ပြန်ထားပါတယ်။

မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ ထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီးမေးမြန်းနိုင်ဖို့ ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာ မရှိခဲ့ပါဘူး။
လွန်ခဲ့တဲ့ ဧပြီလက ဗွီအိုအေနဲ့ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်တို့ တွေ့ဆုံမေးမြန်းခန်းမှာတော့ ပံုံနှိပ်ခြင်းနဲ့ ထုတ်ဝေခြင်းလုပ်ငန်းဥပဒေမူကြမ်းဟာ ဥပဒေပညာရှင်တွေနဲ့ ညှိနှိုင်းတိုင်ပင် ရေးဆွဲထားတာဖြစ်သလို အခြေခံဥပဒေနဲ့လည်းကိုက်ညီပြီး လွတ်လပ်စွာပြောဆိုမှုကိုလည်း မထိခိုက်စေတဲ့ ဥပဒေဖြစ်တယ်၊ နိုင်ငံတကာ စံချိန်စံညွှန်းနဲ့လည်း ကိုက်ညီတယ်လို့ ဦးအောင်ကြည်က ပြောကြားခဲ့ဖူးပါတယ်။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ)က ရေးဆွဲထားတဲ့ မီဒီယာဥပဒေနဲ့ပတ်သက်ပြီး အချက် ၁၇ ချက် ပြင်ဆင်ပေးဖို့ကို ဒီလ ၃ ရက်နေ့က ပြန်ကြားရေးဝန်ြကြီးဌာနက စာပေးပို့ထားပါတယ်။

ဒီအချက်တွေပြင်ဆင်မယ်၊ မပြင်ဆင်ဘူးဆိုတာနဲ့ ပတ်သက်ပြီး လာမယ့် တနင်္ဂနွေနေ့ မနက် ၁၀ နာရီမှာ စာနယ်ဇင်းကောင်စီ(ယာယီ) ရုံးခန်းမှာ သတင်းစာရှင်းလင်းပွဲကျင်းပပြီး ရှင်းလင်းသွားဖို့ ရှိနေပါတယ်။
XS
SM
MD
LG