သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ သတင်း လွတ်လပ်မှု နောက်ပြန် ဆုတ်နေ


ပြုပြင်ပြောင်းလဲရေးနဲ့ ဒီမိုကရေစီဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်း သတင်းသမားတွေအပေါ် အစိုးရဘက်က ပစ်မှတ်ထား အရေးယူ လာတာတွေ တွေ့နေရပြီး ဒါဟာ မီဒီယာလွတ်လပ်ခွင့် ပြန်ပြီးတော့ နောက်ဆုတ်လာတာကို ပြသရာရောက်တယ်လို့ ပြည်တွင်း၊ ပြည်ပ သတင်းသမားတွေက ဝေဖန်ပြောဆိုလိုက်ပါတယ်။ အစိုးရအနေနဲ့ သတင်းမီဒီယာတွေအပေါ် သတင်းဖြန့်ဝေမှု အားနည်းနေသလို သတင်းသမားတွေဘက်ကလည်း စံမီတဲ့ သတင်းသမားကျင့်ဝတ် လိုက်နာမှုရှိဖို့ အရေးတကြီး လိုအပ်တယ်လို့ ထောက်ပြပြောဆိုကြပါတယ်။ သတင်းသမားတွေကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က အပြည့်အစုံတင်ပြပေးထားပါတယ်။

သမ္မတဦးသိန်းစိန်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက် မြန်မာ့သတင်းမီဒီယာတွေမှာ လွတ်လပ်စွာ ဖော်ပြခွင့် အနည်းငယ်ရလာပေမယ့် လတ်တလောမှာ အစိုးရဘက်က သတင်းသမားတွေကို ပစ်မှတ်ထားပြီး ပြစ်ဒဏ်ချတာ၊ ဖမ်းဆီးထိန်းသိမ်းတာတွေ လုပ်ဆောင်လာတာမို့ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်နေတယ်လို့ မြန်မာသတင်းသမားများကွန်ရက်က အထွေထွေ အတွင်းရေးမှူး ဦးမြင့်ကျော်က ပြောဆိုလိုက်ပါတယ်။

“ဒီဇင်ဘာကနေစပြီး ဖေဖော်ဝါရီလဆန်းရယ်၊ ဧပရယ်လဆန်းရယ်ပေါ့နော်- ပြစ်ဒဏ်ချတဲ့ကိစ္စတွေ၊ ဒီဟာတွေကိုကြည့်လိုက်ရင် တရားစီရင်ရေးစနစ်ကရော၊ နောက် အုပ်ချုပ်တဲ့ အစိုးရအဖွဲ့ကရော- နိုင်ငံတော်သမ္မတရုံး၊ မီဒီယာသမားတွေကို ပစ်မှတ်ထားတဲ့ထဲမှာ ပါဝင်နေတာ ထင်ရှားနေတာပေါ့နော်။ ဘာလို့လဲဆိုရင် ယူနတီကိစ္စကိုကြည့်လို့ရှိရင် နိုင်ငံတော်သမ္မတရုံးက ဒါကို တရားစွဲဖို့ စာပို့တယ်ဆိုတဲ့ဟာကြီးက ထင်ထင်ရှားရှား သက်သေသာဓကကြီး ဖြစ်နေတယ်လေ- ထွက်ဆိုချက်မှာ။ နောက်တစ်ခု လွိုင်ကော်ကိစ္စဆိုရင်လည်း မတန်တဆ ပြစ်ဒဏ်ပေးထားတာ တွေ့ရတယ်။ ကိုဇော်ဖေ ကိစ္စမှာလည်း အဲဒီသဘောပဲ။ ပြောချင်တာက သတင်းသမားတွေကို ပစ်မှတ်ထားတာ ထင်ရှားတယ်။ အဲဒီပြစ်မှတ်ထားတဲ့ကိစ္စတွေမှာလည်း တရားစီရင်ရေးစနစ်နဲ့ အစိုးရအဖွဲ့တွေက ရည်ရွယ်ချက်ရှိရှိနဲ့ ပါဝင်နေတယ်။ လုပ်ဆောင်နေတဲ့သဘောမျိုးတွေ ဖြစ်နေတယ်ဆိုတော့ ဒီဟာက သတင်းလွတ်လပ်ခွင့်ကို ထိပါးစေတဲ့ဟာ၊ သတင်းလွတ်လပ်ခွင့်ကို ပြန်ပြီး ခြိမ်းခြောက်နေတဲ့ဟာလို့ပဲ ပြောရမယ်။”

သတင်းလွတ်လပ်ခွင့် အခုလိုခြိမ်းခြောက်ခံနေရတာဟာ မီဒီယာပွင့်လင်း၊ တိုးတက်မှုကို နောက်ပြန်ဆုတ် သွားစေတဲ့ အနေအထားဖြစ်တယ်လို့ အရင်ဒီဗွီဘီအယ်ဒီတာဟောင်းတစ်ဦးဖြစ်တဲ့ နော်ဝေနိုင်ငံက မြန်မာ့မီဒီယာအရေးသုံးသပ်သူ ဦးထက်အောင်ကျော်က ပြောပါတယ်။

“၂၀၁၂မှာ ရှေ့ကိုတက်ပေမဲ့ အခု ၂၀၁၃ နှောင်းပိုင်း၊ ၂၀၁၄ မှာတော့ မီဒီယာအခြေအနေက နောက်ပြန်ဆုတ်သွားတယ်လို့ ဒီလိုမျိုး မြင်ပါတယ်ခင်ဗျ။ ဒီနေ့ပွဲမှာ ပြန်ကြားရေးဝန်ကြီး ဦးအောင်ကြည်ပြောသွားတဲ့အတိုင်းဆိုရင် မီဒီယာနဲ့ဆိုင်တဲ့ ဥပဒေတွေ အားနည်းလို့လို့ ပြောသွားတာကြားရပါတယ်ခင်ဗျ။ ကျနော်မြင်တာကတော့ ဥပဒေဆိုတာထက် မီဒီယာသမားတွေကို အာမခံချက်ပေးတဲ့ ဥပဒေပဲ ပြောရမလား။ ဒီသတင်းလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီး သတင်းသမားတွေ ဘယ်လိုလုပ်လို့ရတယ်။ ဘယ်လိုလုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ရှင်းရှင်းလင်းလင်း မရှိတဲ့အခါကျတော့ သတင်းသမားတွေကို အခုတည်ဆဲဥပဒေဆိုတဲ့ ဥပဒေတွေနဲ့ဖမ်းတာ ပြုပြင်ဖို့လိုနေတယ်လို့ မြင်ပါတယ်ခင်ဗျ။”

အခုလို ပြုပြင်ဖို့ ပြည်တွင်းသတင်းသမားတွေဘက်က ဘာတွေ လုပ်ဆောင်နေပါသလဲ။

“ကျနော်တို့က ဥပဒေအခန်းကိစ္စတွေဆိုရင် ဥပဒေခန်းနဲ့ပတ်သက်တဲ့ကိစ္စတွေကို ဘယ်သူတွေ ပြင်နိုင်လဲ၊ အဲဒီ ပြင်ပေးနိုင်တဲ့သူတွေကို သူတို့တွေ သိနားလည်အောင် ကျနော်တို့က ပြောဆိုစည်းရုံးတဲ့ advocacy လိုဟာမျိုးတွေလည်း ကျနော်တို့ မကြာခင်လုပ်မယ်။ နောက်တစ်ခုကတော့ ဒီရက်ပိုင်းအတွင်းလုပ်ဖို့ ရည်ရွယ်ထားတဲ့ဟာကတော့ ကိုဇော်ဖေ ထောင်ချခံရတာ တစ်လပြည့်တဲ့ ၇ ရက်နေ့မှာ သတင်းစာတွေရော၊ ဂျာနယ်တွေရော၊ ဝဘ်ဆိုဒ်တွေမှာပါ ဒီကိစ္စကို ဆန့်ကျင်ကန့်ကွက်တဲ့အထိမ်းအမှတ်နဲ့ အမည်းရောင်ဟာမျိုး တပြိုင်တည်းလုပ်ဖို့ မနက်ဖြန်မှာ ဆွေးနွေးဖို့ ခေါ်ထားတယ်ပေါ့နော်။”

အခုလိုဆန္ဒပြတောင်းဆိုမှုတွေကြောင့် အစိုးရဘက်က ပြန်သုံးသပ်ပြီး ပြင်ဆင်ပေးတာမျိုးရှိခဲ့ပေမဲ့ ပြည်တွင်းသမားတွေဘက်က လိုအပ်ချက်တွေလည်း ရှိတယ်လို့ ဦးထက်အောင်ကျော်က ထောက်ပြပါတယ်။

“သတင်းသမားတွေဘက်က ကျင့်ဝတ်ပိုင်းဆိုင်ရာကို လေ့လာပြီးတော့ စံချိန်မှီအောင် လုပ်ဖို့ပေါ့လေ။ ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၂ နောက်ပိုင်းမှာမှ မီဒီယာလွတ်လပ်ခွင့်က ရှိလာတဲ့အခါကျတော့ မြန်မာပြည်ထဲမှာ လွတ်လပ်တဲ့သတင်းထောက်တွေက အခုမှ ပေါ်လာတဲ့ အခါကျတော့ မီဒီယာသမားတစ်ယောက်အနေနဲ့ နိုင်ငံတကာအဆင့်မှီအောင် ဘယ်လိုလုပ်မယ်ဆိုတာ စံချိန်စံညွှန်းတွေကျတော့ ကျင့်ကြံမှုပိုင်းမှာ အားနည်းနေတယ်လို့မြင်ရတယ်ခင်ဗျ။ အခုဆိုရင်တော့ နိုင်ငံတကာ အဆင့်မှီကျောင်းတွေဘာတွေ ဖွင့်ပြီးတော့ သင်တန်းတွေဘာတွေ ပေးမယ်လို့တော့ ကြားရပါတယ်။ ဒါကောင်းတဲ့အလားအလာပါ။ ဒါမီဒီယာသမားတွေဘက်က လုပ်ရမယ့် အပိုင်းပေါ့လေ။”

အစိုးရဘက်ကလည်း သတင်းမီဒီယာတွေအပေါ် အချက်အလက်မှန်ပေးဖို့ တာဝန်ရှိတယ်ဆိုတာကို သဘောမပေါက်ကြဘူးလို့လည်း ဝေဖန်ပါတယ်။

“ဆိုတော့ အစိုးရနဲ့ အာဏာပိုင်တွေဘက်ကကျတော့ မေးရင်လည်း မဖြေကြဘူးလေ။ အစိုးရမှာဆို ဦးရဲထွဋ်တစ်ယောက်ပဲ မေးလို့ရတယ်။ ကျန်တဲ့ဝန်ကြီးဌာနတွေ အလိုက်၊ စက်ရုံတွေအလိုက် ဌာနတွေအလိုက် ပြောခွင့်ရပုဂ္ဂိုလ်တွေလည်း မရှိဘူး။ နောက် ပြောခွင့်ရ ပုဂ္ဂိုလ်တွေကလည်း တခြားနိုင်ငံတွေမှာလို ပြောခွင့်ရပုဂ္ဂိုလ်တွေက မီဒီယာ Section တွေ အားလုံးက သတင်းသင်တန်းဆင်းပြီးသား မီဒီယာသမားတွေပဲလေ။ မြန်မာပြည်မှာ ကျတော့ အစိုးရဌာနတွေမှာ အဲ့လိုမျိုး Professional ပြောခွင့်ရပုဂ္ဂိုလ်မရှိတာကလည်း အားနည်းချက် တစ်ခုလို့ ကျနော်မြင်တယ်။”

ဒါကတော့ မြန်မာ့မီဒီယာလောက နောက်ပြန်ဆုတ်မသွားစေဖို့အတွက် အစိုးရဘက်မှာလည်း တာဝန်ရှိသလို ပြည်တွင်း သတင်းသမားတွေ ဘက်မှာလည်း တာဝန်ရှိတယ်ဆိုတာကို မြန်မာ့မီဒီယာအရေးစောင့်ကြည့်လေ့လာသူတွေက သုံးသပ်ထားတာပါ။
XS
SM
MD
LG