သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနဲ့ ဗွီအိုအေ


ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ ဒေါ်ခင်စိုးဝင်းတို့ ဘန်ကောက်မြို့တွင်တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ၊ ဗွီအိုအေ၊ နိုဝင်ဘာ ၄ ရက်။၊ ၂၀၁၁)
ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းနှင့် ဗွီအိုအေ မြန်မာပိုင်းအစီအစဉ်မှ ဒေါ်ခင်စိုးဝင်းတို့ ဘန်ကောက်မြို့တွင်တွေ့ဆုံမေးမြန်းစဉ် (ဓာတ်ပုံ၊ ဗွီအိုအေ၊ နိုဝင်ဘာ ၄ ရက်။၊ ၂၀၁၁)

ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက တာဝန်သိမှုနဲ့အတူ စာပေလွတ်လပ်ခွင့်တွေ ရှိလာတာနဲ့အမျှ နောက်ဆုံးမှာ စာပေစိစစ်ရေးအဖွဲ့ဆိုတာ စာပေရေးသားမှုတွေကို စောင့်ကြည့်တဲ့အဖွဲ့ အဖြစ်နဲ့သာ ရှိကောင်းရှိတော့မှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ထပ်ပြီး လွှတ်ပေးဖို့ရှိမရှိနဲ့ ပတ်သက်လို့ မှတ်ချက်မပေးပေမဲ့ နယ်ဝေးထောင်ရောက် အကျဉ်းသားတွေကို မိသားစုတွေနဲ့ နီးတဲ့အရပ်တွေကို ပြောင်းရွှေ့ပေးဖို့ စီစဉ်နေတယ်လို့ ဝန်ကြီး ဦးကျော်ဆန်းက ပြောပါတယ်။ ဘန်ကောက်ကနေ ဗွီအိုအေဝိုင်းတော်သူ ဒေါ်ခင်စိုးဝင်းက ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ဒီကနေ့ သီးသန့်တွေ့ဆုံ မေးမြန်ထားပါတယ်။

ကမ္ဘာပေါ်မှာ စာပေလွတ်လပ်ခွင့်မရှိဆုံးနိုင်ငံတွေ စာရင်းထဲမှာ မြန်မာနိုင်ငံ မပါဝင်တော့အောင် တာဝန်အရှိဆုံး ပြန်ကြားရေးဝန်ကြီးတစ်ယောက် အနေနဲ့ ဘယ်လိုကိုင်တွယ်နေလဲဆိုတာ မေးဖြစ်ခဲ့ပါတယ်။ ဝန်ကြီးဦးကျော်ဆန်းကတော့ သူရဲ့ဆောင်ရွက်ချက်တွေကို လွှတ်တော်ထဲမှာ တင်ပြဆွေးနွေးခဲ့ပြီးတော့ စာပေစိစစ်မှု ကန့်သတ်ချက်တွေကို လျှော့ပေါ့ပေးနေပြီးတော့ သတင်းလွတ်လပ်ခွင့်တွေ ပိုပြီးရှိလာအောင်လည်း ကြိုးပမ်းနေတယ်တဲ့အကြောင်းကို အခုလိုပြောပြပါတယ်။

“နောက်ဆုံးကျရင်တော့ ဒေါ်ခင်စိုးဝင်းပြောတဲ့ သတင်းလွတ်လပ်ခွင့်တို့၊ စာအုပ်စာစောင်ထုတ်ဝေခွင့် ဆိုတာတွေက စောစောက ဥပဒေနဲ့အညီ သတ်မှတ်ပေးထားတဲ့ ဘောင်တွေအတွင်းက လွတ်လပ်မှုနဲ့ တာဝန်ယူမှု၊ လွတ်လပ်မှုနဲ့ဆင်ခြင်တုံတရား ဘောင်အတွင်းက လွတ်လပ်စွာ ရေးသားဆောင်ရွက်ခွင့်တွေ ရသွားမှပဲဖြစ်ပါတယ်။”

တွေ့ဆုံမေးမြန်းခန်း ဗွီဒီယို ကြည့်ရှုရန်

ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည်ဖော်နေတဲ့နေရာမှာ စာပေစိစပ်ရေးအဖွဲ့ ဆိုတာ မရှိသင့်တော့ဘူးလို့ စာပေစိစစ်ရေး အကြီးအကဲက ပြောဆိုခဲ့တဲ့အပေါ် ဝန်ကြီးဦးကျော်ဆန်းကလည်း သူ့ရဲ့အမြင်ကို အခုလိုပြောပြပါတယ်။

“နောင်ကျရင်တော့ အဲ့ဒီစာပေစိစစ် ဆိုတာက စာပေရေးသားမှုတွေကို စောင့်ကြည့်ယုံလောက်ပဲ လုပ်တဲ့အလုပ်မျိုးကို လုပ်ဖို့ရှိပါတယ်။ အဲဒီလောက်ပဲ ရှိကောင်းရှိတော့မှာပါ။”

ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံကြီးတွေတင်မကပဲ အိမ်နီးချင်း အာဆီယံနိုင်ငံတွေတောင်မှ သမ္မတပဲဖြစ်ဖြစ်၊ ဝန်ကြီးချုပ်ပဲဖြစ်ဖြစ်၊ နိုင်ငံခြားရေးဝန်ကြီးပဲဖြစ်ဖြစ်၊ ဝန်ကြီးဌာနအလိုက် စသဖြင့် ပြောခွင့်ရပုဂ္ဂိုလ်တွေ သတ်သတ်မှတ်မှတ် ထားရှိပြီးတော့ သတင်းထူးရင်ထူးသလို သတင်းဌာနတွေက အချိန်မရွေး ဆက်သွယ်လို့ရကြပါတယ်။ မြန်မာနိုင်ငံတွင်းက သတင်းအချက်အလက်တွေကို မှန်မှန်ကန်ကန် သိရှိနိုင်ဖို့အတွက် သတင်းဌာနတွေအနေနဲ့ အဆက်အသွယ်ရရှိဖို့ အခက်အခဲရှိပါတယ်။ ဒီကိစ္စနဲ့ ပတ်သတ်ပြီးတော့ ဝန်ကြီးဦးကျော်ဆန်းက အခုလိုဖြေပါတယ်။

“ဝန်ကြီးဌာနအလိုက် သတင်းနဲ့ပတ်သတ်ပြီးတော့ contact person (ဆက်သွယ်ရမယ့်သူ) တွေ စပြီးတော့ ဖွဲ့စည်းတာဝန်ပေးနေပြီ။ ပြီးလို့ရှိရင် သူနဲ့အတူ သူ့မှာ သတင်းနဲ့ပတ်သတ်ပြီးတော့ ဆောင်ရွက် ထုတ်ပြန်ပေးရန် အတွက် သူ့ရဲ့ media group၊ team လေးတွေ စတင်ဖွဲ့စည်းပေးနေပြီ။ ဒါ့ကြောင့် နောက်ပိုင်းကျရင် ဝန်ကြီးဌာနအလိုက် contact person တွေ စောစောကဒေါ်ခင်စိုးဝင်းပြောတဲ့ ဝန်ကြီးဌာနအလိုက် spokesman တွေက ဒါလေးတွေကို သူတို့ဘက်ကလည်း သူတို့ဝန်ကြီးဌာနနဲ့ အဓိကဆိုင်တဲ့ကိစ္စတွေမှာ မေးမြန်းလာရင် ပြောဆိုပြီးတော့ ပြန်ကြားပေးမယ်။ မမေးမြန်းသည့်တိုင် သူ့ဝန်ကြီးဌာနကထုတ်ပြန်သင့်တဲ့ အကြောင်းအရာ သတင်းတွေဆိုရင်လည်း သူတို့က ထုတ်ပြန်သွားမှာ ဖြစ်ပါတယ်။”

မြန်မာအစိုးရဝန်ကြီးတွေက မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားဆိုတာ မရှိပါဘူးလို့ ပြောလေ့ရှိတာကြောင့် ဝန်ကြီးဦးကျော်ဆန်းရဲ့ အမြင်ကိုသိရအောင် မေးကြည့်ပါသေးတယ်။

“ကနေ့ ကျနော်တို့ အကျဉ်းကျနေတဲ့ပုဂ္ဂိုလ်တွေက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေတွေကို ကျူးလွန်တဲ့အတွက်ကြောင့် အဲ့ဒီစည်းမျဉ်းစည်းကမ်း ဥပဒေအရပဲ ကျနော်တို့ အရေးယူထားတာဖြစ်ပါတယ်။ သို့သော်လည်း အဲ့ဒီထဲမှာ နိုင်ငံရေးလုပ်တဲ့ပုဂ္ဂိုလ်တွေလည်း ပါကောင်းပါမှာပါပဲ။ ဒါတွေအားလုံးကိုလည်း သမ္မတကြီးက သူ့ကိုအခြေခံဥပဒေက အပ်နှင်းထားတဲ့ လုပ်ပိုင်ခွင့်ကို ဆင်ခြင်တုံတရားနဲ့ ကျင့်သုံးပြီးတော့ ဒါတွေကို ဘာလုပ်ပေးနေလဲ၊ ဖြေလျှော့ပေးနေပါတယ်။”

သမ္မတဦးသိန်းစိန်အစိုးရ တက်လာပြီးတဲ့နောက် လွတ်ငြိမ်းချမ်းသာခွင့် နှစ်ကြိမ်ပေးခဲ့ပြီးတော့ အကျဉ်းသား ၁၆,၀၀၀ ကျော် လွှတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဝန်ကြီးဦးကျော်ဆန်းက ရှင်းပြပါတယ်။ ဒီလိုလွှတ်ပေးတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား မဆိုသလောက်ပဲ ပါခဲ့တဲ့အတွက် နောက်ထပ် ထပ်လွှတ်ဖို့ရှိမရှိ မေးမြန်းရာမှာတော့ အခုလို မှတ်ချက်ပေးပါတယ်။

“ဥပမာ ရပ်ဝေးမှာပေါ့၊ ရပ်ဝေးဆိုတာထက် အစွန်အဖျား အကျဉ်းထောင်တွေမှာ ရောက်နေကြတဲ့ တချို့သော အကျဉ်းကျပုဂ္ဂိုလ်တွေကိုဆိုရင် ကနေ့အခါမှာ သူတို့တွေပိုပြီးတော့ မိသားစုနဲ့ထိတွေ့ဖို့ အဆင်ပြေပြေ ဖြစ်ဖို့ရန်အတွက် သွားရေးလာရေးလွယ်ကူတဲ့ အကျဉ်းထောင်တွေကို ပြန်ရွှေ့ပေးတာတွေလုပ်နေပါတယ်။”

မြန်မာအစိုးရက ဒီမိုကရေစီရေးကို ရှေးရှုပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ အကောင်အထည် ဖော်နေတဲ့နေရာမှာ အိမ်နီးချင်းနိုင်ငံတွေနဲ့ ရင်ဘောင်တန်းနိုင်အောင် အခြေခံအဆောက်အအုံတွေ၊ လူသားအရင်းအမြစ်ရဲ့ အရည်အသွေး မြင့်မားရေး စတာတွေဟာ နိုင်ငံတကာရဲ့အကူအညီတွေ လိုအပ်နေတယ်လို့ ဝန်ကြီးဦးကျော်ဆန်းက အခုလိုပြောပါတယ်။

“ကျနော်တို့ ကနေ့ မီဒီယာပိုင်းဆိုင်ရာတွေရော၊ ကျန်တဲ့အပိုင်းတွေရော၊ အနာဂတ်အတွက် ပြင်ဆင် ပြုပြင် တည်ဆောက်မှုတွေ လုပ်နေတယ်။ အဲဒီလို ဆောင်ရွက်ရာမှာ နိုင်ငံတကာက ပူးပေါင်းဆောင်ရွက်မှုတွေ၊ အကူအညီတွေ ပေးမယ်ဆိုလည်း ကျနော်တို့က ကြိုဆိုတယ်။ အလားတူပဲ အကြောင်းအမျိုးမျိုးနဲ့ ပြည်ပကိုရောက်နေကြတဲ့ မြန်မာနိုင်ငံသားတွေက ကိုယ့်နိုင်ငံရဲ့ အဆင့်မြင့်မားရေးအတွက် ပူးပေါင်း ဆောင်ရွက်ကြမယ်၊ အကူအညီတွေ ပေးကြမယ်ဆိုရင်လည်း ကျနော်တို့က ကြိုဆိုပါတယ်။”

ပြည်ထောင်စု ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းကို ဒီကနေ့ သီးခြားတွေ့ဆုံမေးမြန်းခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG