သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမှားတွေ ထုတ်ပြန်ကြောင်း စွပ်စွဲချက်နဲ့ မီဒီယာတချို့ကို တပ်မတော်သတိပေး


(၁၂-၂၁-၁၈) ၄ လကြာအပစ်ရပ်စဲကြောင်း နေပြည်တော်တွင် ထုတ်ပြန်ကြေညာစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်။
(၁၂-၂၁-၁၈) ၄ လကြာအပစ်ရပ်စဲကြောင်း နေပြည်တော်တွင် ထုတ်ပြန်ကြေညာစဉ်က ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကိုတွေ့ရစဉ်။

မြန်မာစစ်တပ်က စစ်ရေးလှုပ်ရှားမှုတွေ ၄ လကြာ ရပ်ဆိုင်းဖို့ ကြေညာထားပေမဲ့ တိုက်ခိုက်မှုတွေ ရှိခဲ့ကြောင်း ဖော်ပြခဲ့တဲ့ သတင်းမီဒီယာ တချို့ရဲ့ ဖော်ပြချက်တွေဟာ မှားယွင်းကြောင်းနဲ့ မဟုတ်မမှန် သတင်းတွေကို ဆက်လက် ထုတ်ပြန်မယ်ဆိုရင် ဥပဒေနဲ့အညီ ဆောင်ရွက်မှာဖြစ်ကြောင်း တပ်မတော်က သတိပေးလိုက်ပါတယ်။ သတင်းမှားတွေ ဖော်ပြခဲ့တယ်လို့ စွပ်စွဲခံခဲ့ရတဲ့ သတင်းမီဒီယာတွေနဲ့ ပတ်သက်လို့ ဖြေရှင်းပေးဖို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အကြောင်းကြားခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က ပြောပြပေးမှာ ဖြစ်ပါတယ်။

စစ်ဆင်ရေးဒေသ တချို့မှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းထားဖို့ ကြေညာပြီး နောက်ပိုင်းမှာလည်း တိုက်တွဲတွေ ဆက်ဖြစ်နေတယ်ဆိုတဲ့ မကြာသေးခင်က သတင်းဖော်ပြချက်တွေဟာ မမှန်ကြောင်းနဲ့ ဒီလိုမမှန်ကန်တဲ့ အချက်အလက်တွေကို မဖော်ပြဖို့လည်း တပ်မတော်က ကြေညာချက် ထုတ်ပြန်သတိပေးလိုက်တာပါ။ မမှန်ကန်တဲ့ အချက်အလက်တွေကို အတည်ပြုချက် မယူပဲ ဖော်ပြခဲ့တယ်လို့ဆိုတဲ့ သတင်းဌာန ၇ ခုရဲ့ လုပ်ရပ်တွေကို ဖြေရှင်းပေးဖို့လည်း မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီကို အကြောင်းကြားခဲ့ပါတယ်။

မြန်မာစစ်တပ်ရဲ့ ဒီဇင်ဘာလ ၂၅ ရက်နေ့က အကြောင်းကြားစာနဲ့ ပတ်သက်လို့ တပ်မတော်နဲ့ သတင်းမီဒီယာတွေဘက်က လိုလားချက်တွေ၊ လိုအပ်ချက်တွေကိုတော့ သတင်းမီဒီယာကောင်စီက တရားဝင် ကြေညာချက်ထုတ်ပြန် အသိပေးခဲ့တဲ့အကြောင်း သတင်းမီဒီယာကောင်စီရဲ့ တွဲဖက်အတွင်းရေးမှူး တဦးဖြစ်တဲ့ ဦးမြင့်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“အခုဟာက တိုင်စာတော့ မဟုတ်ဘူးပေါ့နော် တိုင်စာအဆင့်တော့ မဟုတ်ဘူးပေါ့။ သူက အဲဒီသတင်း မှားယွင်းတယ်ဆိုတဲ့အကြောင်း အချက်အလက် မှားယွင်းတဲ့အကြောင်း သူတို့ တပ်မတော်နဲ့ဖြစ်ပွားတာမဟုတ်ဘူးဆိုတဲ့ အကြောင်း အဲဒီမီဒီယာတွေက အဲဒီလိုမျိုး ဖော်ပြတဲ့ဟာက ငြိမ်းချမ်းရေးဖြစ်စဉ်ကို သွားပြီးသက်ရောက်စေနိုင်တယ်ဆိုတာ ရယ်။ နောက်တခုကတော့ သူတို့က အဲဒီ့မီဒီယာတွေကို ကောင်စီအနေနဲ့ တိုက်တွန်းပေးပါ ဆိုတဲ့အနေနဲ့ အဲဒီသဘောမျိုး။ နောက်နောင်ဆိုရင် အဲ့ဒီ့သတင်းအချက်အလက်ကို တိကျမှန်ကန်အောင် ရေးဖို့အတွက် ဒီလိုကိစ္စမျိုးတွေမှာ အဲလိုမျိုး သူတို့က တိုက်တွန်းခိုင်းတဲ့စာမျိုးပေါ့။ တိုင်တယ်ဆိုတဲ့အဆင့်တော့မဟုတ်ဘူး။ တိုင်တယ်ဆိုရင် ကျနော်တို့ကတော့ အဲဒီ မီဒီယာတွေကို ဖိတ်ခေါ်ပြီးတော့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတဲ့ အဲလိုအချက်မျိုး အခုကတော့ တိုက်တွန်းတယ်ဆိုတဲ့ဟာမျိုးပဲ ဆိုတဲ့အတွက် အဲလိုပဲ ကောင်စီဘက်က အကျိုးအကြောင်း အသိပေးတဲ့စာရယ်၊ စာထဲမှာတော့ တပ်ဘက်ကလည်း ဒီလိုမျိုးသတင်းတွေကို ဖြေကြားပေးဖို့ လိုအပ်တယ်ဆိုတဲ့ဟာမျိုး။ အဲဒီဟာက access to information က အမြဲတမ်းရနေဖို့ အရေးကြီးတယ်ဆိုတဲ့ဟာမျိုးကိုလည်း အဲဒီစာထဲမှာ ကျနော်တို့လည်းဖော်ပြထားပါတယ်။ အဲဒါကတော့ တပ်ဖက်ကိုလည်း ကျနော်တို့တိုက်တွန်းတဲ့ဟာပါ။”

ဒီသီတင်းပတ် အစောပိုင်း ရှမ်းပြည်နယ် တောင်ပိုင်းမှာ ဖြစ်ခဲ့တဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်လို့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ ဖော်ပြချက်တွေကို သတင်းတွေ ဖော်ပြရာမှာ၊ VOA နဲ့ သတင်းဌာနတချို့က တပ်မတော် တာဝန်ရှိသူတွေနဲ့ အတည်ပြု မေးမြန်းမှုတွေ ရှိခဲ့ပေမဲ့ ကျန်သတင်းဌာန ၇ ခုကတော့ အချက်အလက် မှန်ကန်မှုမရှိတဲ့ သတင်းတွေကို တဖက်သတ် ဖော်ပြခဲ့တယ်လို့လည်း တပ်မတော်ရဲ့ ကြေညာချက်က စွပ်စွဲထားတာပါ။

တပ်မတော်အနေနဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ ကြိုးပမ်းနေချိန် အထင်အမြင် လွဲမှားစေနိုင်တဲ့ မဟုတ်မမှန် သတင်းထုတ်ပြန်တာတွေ၊ စိစစ်အတည်ပြုတာတွေ မလုပ်ပဲ မဖော်ပြကြဖို့နဲ့ ဖော်ပြခဲ့မယ်ဆိုရင် သက်ဆိုင်ရာသတင်းဌာနတွေကို ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့လည်း သတိပေးထားပါတယ်။ ဒါပေမဲ့လည်း သတင်းမီဒီယာတွေ အနေနဲ့ မြန်မာစစ်တပ် တာဝန်ရှိသူတွေ အပါအဝင် အာဏာပိုင်တွေကို ဆက်သွယ်မေးမြန်းရာမှာ အခက်အခဲတွေလည်း ရှိနေတာပါ။

သတင်းမီဒီယာကောင်စီရဲ့ ကြေညာချက်နဲ့ ပတ်သက်လို့ တပ်မတော် တာဝန်ရှိသူတွေရဲ့ သဘောထားကို သိနိုင်ဖို့ ဗွီအိုအေက ကြိုးစားရာမှာလည်း ဆက်သွယ်မေးမြန်းလို့ မရခဲ့ပါဘူး။ ဒီအတွက်လည်း တာဝန်ရှိသူတွေ အနေနဲ့ သတင်းမီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံနိုင်အောင် ဒီထက်ပိုပြီး ဆောင်ရွက်ပေးဖို့ လိုနေပြီလို့လည်း ဝါရင့်သတင်းသမားတဦးဖြစ်တဲ့ ကိုသီဟသွေးက အကြံပြုပါတယ်။

“စိစစ်အတည်ပြုမှုရှိမရှိဆိုတာ ကျနော်တို့ အတည်ပြုနိုင်အောင်လို့ တဖက်ကလည်း အတည်ပြုနိုင်တဲ့ နည်းလမ်းတွေ အခွင့်အရေးတွေပေးထားဖို့လိုပါတယ်။ အခွင့်အရေးတွေနည်းလမ်းတွေ မပေးထားပဲနဲ့ စိစစ် အတည်မပြုဘူးလို့ ပြောလိုမရဘူးဗျ။ ကိုယ့်မီဒီယာဘက်က တခုရှိတာကလေ စိစစ်အတည်ပြု နိုင်တဲ့နည်းလမ်းတွေကို တတ်နိုင်သရွေ့ ကြိုးစားဖို့တော့ လိုတာပေါ့ဗျာ။ ကြိုးစားပြီးကာမှ မရတော့မှ ကျနော်တို့ ဒီသတင်းကို နည်းနည်းချင့်ချိန်ပြီးတော့ လွှင့်ရမှာပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့မီဒီယာမှာလည်း နှစ်ဖက်အသံကိုနားထောင်ပြီး လွှင့်ရမယ်ဆိုတာ၊ ထုတ်ပြန်ရမယ်ဆိုတာ ကျနော်တို့ ethics မှာရှိပြီးသား။ တခြမ်းပဲ ကြားတဲ့အခါမှာ၊ တဖက်ကိုလည်း အတည်မပြုနိုင်တဲ့ဆိုတဲ့အခါမှာ ရေးတဲ့အခါမှာလည်း သတိထားပြီးရေးဖို့လိုတာပေါ့နော်။ တခြမ်းတည်း ကြားတာဖြစ်တဲ့အတွက် ရေးတဲ့အခါမှာလည်း ထိန်းထိန်းသိမ်းသိမ်းရေးသင့်တာပေါ့။ ကျနော်တို့ဘက်ကလည်း ကြိုးပမ်းဖို့လိုပါတယ်။ အဓိကကတော့ဗျာ တပ်မတော်ကပြောတယ် စိစစ်ပြီးမလုပ်ဘူးဆိုလို့ရှိရင် အရေးယူမယ်ဆိုတာက တခုလေးပါပဲ ဘယ်လိုစိစစ်လို့ရမလဲဆိုတဲ့နည်းလမ်းကို တပါးတည် းထုတ်ပြန်ပေးဖို့လိုတယ်။ အခုမီဒီယာကောင်စီနဲ့ ညှိနှိုင်းတဲ့အခါမှာ ဒီကိစ္စကို ရှေ့တန်းတင်ပြီး ညှိနှိုင်းနိုင်မယ်ဆိုရင် အဖြေရပါလိမ့်မယ်လို့ထင်ပါတယ်ဗျ။”

မကြာသေးခင်ကမှ အသစ်ဖွဲ့လိုက်တဲ့ မြန်မာသတင်းမီဒီယာကောင်စီက ပထမဆုံးအကြိမ်အဖြစ် ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် တပ်မတော် ထိပ်တန်းအရာရှိတွေနဲ့ ပြီးခဲ့တဲ့ သီတင်းပတ်ထဲ တွေ့ဆုံချိန်မှာလည်း သတင်းရယူခွင့်နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေးမှုတွေအတွင်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သတင်းရယူနိုင်မယ့် နည်းလမ်းတွေကို တိုးတက်အောင် တပ်မတော်ဘက်က ဆောင်ရွက်ဖို့ ကတိပြုခဲ့ကြောင်းလည်း ဆွေးနွေးပွဲမှာ ပါဝင်သူတွေက ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG