အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် Susan Rice ဟာ မြန်မာ အပါအဝင် အာဆီယံဒေသတွင်း လူထုအခြေပြုအဖွဲ့အစည်းက ကိုယ်စားလှယ်တွေ နဲ့ မနေ့တုန်းက တွေ့ဆုံ ခဲ့ရာမှာ၊ မြန်မာနိုင်ငံနဲ့ ပတ်သက် လို့တော့ မြန်မာနိုင်ငံအပေါ် ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်မှုနဲ့ ပတ်သက် လို့ မြန်မာတွေ ရဲ့ သဘောထားကို တီးခေါက်မေးမြန်းမှုတွေ လုပ်ခဲ့ပါတယ်။ ဝါရှင်တန်ဒီစီ သမ္မတ အိမ်ဖြူတော်မှာ Susan Rice နဲ့ မနေ့တုန်းက တွေ့ဆုံ ခဲ့တဲ့ မြန်မာနိုင်ငံတွင်းက လူထုအခြေပြုအဖွဲ့အစည်းများက ကိုယ်စားလှယ် ကိုသွင်လင်းအောင်ကို ကိုသားညွန့်ဦးက ဆက်သွယ်မေးမြန်းထားပါတယ်။
ကိုသားညွန့်ဦး။ ။ ကိုသွင်လင်းအောင်ရေ၊ မနေ့တုန်းကပေါ့ အမေရိကန်သမ္မတ အိမ်ဖြူတော် အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ် Susan Rice နဲ့ ကိုသွင်လင်းအောင် တို့ အာဆီယံနိုင်ငံတွေက တက်လာတဲ့ လူမှုအရပ်ဖက် က ကိုယ်စားလှယ်တွေ နဲ့ တွေ့ကြတယ်လို့ ကျနော်တို့ သိရပါတယ်။ အဲ့ဒီ့တော့ ကိုသွင်လင်းအောင် အနေနဲ့ မြန်မာနိုင်ငံ အရေးနဲ့ပတ်သက်လို့ပေါ့ Susan Rice ကို ဘာတွေများ ဆွေးနွေးဖြစ်ပါသလဲ။
ကိုသွင်လင်းအောင်။ ။ အဓိက ကတော့ ကျနော်တို့ဆီမှာ ရွေးကောက်ပွဲ ပြီးသွားတဲ့ အခါကျတော့ ဘာပဲဖြစ်ဖြစ် အတိုက်အခံပါတီ NLD က မဲအများဆုံး အနိုင်ရ သွားတယ်။ တော်တော်များများ ပြည်ပနိုင်ငံတွေက ပွဲပြီးသွားပြီပေါ့နော်။ မြန်မာပြည် မှာတော့ ဒီမိုကရေစီက ရသွားပြီဆိုတဲ့ ပုံစံမျိုး မြင်နေတဲ့ အမြင်မျိုးတွေ ရှိတယ်ပေါ့။ ဆိုတော့ အဲ့ဒီ့အပေါ်မှာ ဝေဝါးမှု မရှိအောင်လို့ ကျနော်က အဓိကထားပြီးတော့ ပြောခဲ့ တာပါ။ အဲ့ဒီ့တော့ စစ်တပ်ရဲ့ ထိန်းချုပ်မှုတွေပေါ့၊ ဝန်ကြီးဌာန သုံးခုကို ကိုင်ထား တယ်။ နောက်ပြီးတော့ နိုင်ငံတော် ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီမှာ ကိုင်ထား တာတို့ အဲ့တာတွေ ရှိသေးတယ်ဆိုတာကို ကျေျနာ်တို့ ထောက်ပြတယ်။ အဲ့ဒီ့အတွက်ကြောင့်မို့လို့ ကျနော်တို့ CSO တွေပေါ့။ CSO တွေအတွက်လည်း စိန်ခေါ်မှုတွေ ရှိနေတာနဲ့ နောက် ဘာသာရေးနဲ့ပတ်သက်တဲ့ ပဋိပက္ခတွေ အဲ့တာတွေကလည်း ဒီဖန်တီးမှုတွေက ရှိနေတုန်းပဲ။
နောက်တခု ကျနော် အဓိက ထားပြောတာကတော့ တိုင်းရင်းသားကိစ္စပါ။ ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင်လည်း အားလုံးလည်း မပါဝင်နိုင်ဘူး။ တလောက လုပ်သွားတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံမှာလည်း အားလုံး မပါနိုင်တဲ့အပြင် တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်။ ဆိုတော့ ထုံးစံအတိုင်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကလည်း ဆက်ရှိနေတယ်။ နောက်တခု ကတော့ မြေယာနဲ့ ပတ်သက်တဲ့ ဟာပေါ့။ နိုင်ငံမှာဆို အကြီးမားဆုံး ပြဿ နာ တခုတည်းက အပါအဝင်ပေါ့နော်။ ဆိုတော့ မြေယာပြဿနာတွေလည်း ရှိနေတယ်။ နောက်ဆုံးနဲ့ အရေးကြီးဆုံးလို့ ပြောလို့ရတာကတော့ နိုင်ငံရေး အကျဉ်းသားတွေပေါ့။ ကျောင်းသားတွေ အဖမ်းခံထားရတယ်။ အခုထက်ထိ မလွတ်သေးဘူး။ အဲ့တာတွေ အဓိကထားပြီး ပြောခဲ့တာပါ။
ကိုသားညွန့်ဦး။ ။ ကိုသွင်လင်းအောင် ပြောတဲ့ ဆွေးနွေးတဲ့ အချက်အပေါ်မှာ Susan Rice ဘက်က ဘာတွေများ မေးခွန်းထုတ်လဲ။ ဘာတွေများ ပြောပါလဲခင်ဗျ။
ကိုသွင်လင်းအောင်။ ။ ဘာပြောလဲဆိုတော့ သူူ့ရဲ့ ပစ်မှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေပေါ့။ အဲ့တာတွေတော့ ဆက်ကိုင်ထားသင့်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ တပ်နဲ့ပတ်သက်တဲ့ ခရိုနီတွေ ရှိနိုင်တယ်လို့ပြောတယ်။ အဲ့တော့ သူက Sanctions နဲ့ပတ်သက်ပြီးတော့ ဘယ်လိုအခြေအနေမျိုးမှာ Sanctions တွေ ထားသင့်သလဲပေါ့။ အဲ့တာမျိုး မေးတာရှိတယ်။ နောက်ပြီးတော့ NLD အစိုးရအနေနဲ့ Sanctions ထားပါလို့ ပြောလာနိုင်သလားပေါ့။ အဲ့နှစ်ခု ကျနော့်ကို မေးတယ်ဗျ။ အဓိက ကျနော်မှတ်မိတာကတော့။
ကျနော်ကတော့ ကျနော်ပြောလိုက်တာကတော့ Sanctions ကို ဘယ်လို အခြေအနေ မှာ ထားဖို့လိုလဲ ဆိုတာ ကျနော်တို့ကိုတောင် မေးဖို့ မလိုဘူးလေ။ သူတို့ကိုယ်တိုင်က ဒီအချက်၊ ဒီအချက်တွေ၊ ဒီလိုအခြေအနေတွေကို ချိုးဖောက်လို့ရှိလို့ Sanctions ထားပါတယ်လို့ ပြောခဲ့တဲ့အခါကျတော့ အဲ့တာတွေနဲ့ပဲ ပြန်ချိန်ညှိပါ။ အဲ့ဒီ့လို လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ဆက်ရှိနေတယ်ဆိုရင်တော့ ထားပေါ့နော်။ ကျနော်တို့က NLD နဲ့ပတ်သက်ပြီးတော့တော့ ကျနော်က ပြောတာက အစိုးရတရပ် အနေနဲ့ကတော့ အဲ့လိုမျိုး ပြောဖို့ဆိုတာ သိပ်ပြီးတော့ အဆင်ပြေမယ် မထင်ဘူး။ ကျနော့်အထင်ကတော့ ကျနော်တို့ CSO တွေက လိုအပ်တယ် ထင်လို့ ပြောသင့်လို့ ပြောတာပဲလို့ အဲ့လိုမျိုး ကျနော် ပြန်ပြောဖြစ်ပါတယ်။
ကိုသားညွန့်ဦး။ ။ နောက် အမေရိကန်အစိုးရဘက်က Sanctions နဲ့ပတ်သက်လို့ပဲဖြစ်စေ၊ မြန်မာနိုင်ငံအတွက် မူဝါဒနဲ့ပတ်သက်လို့ဖြစ်စေ ရပ်တည်ချက် တစုံတရာပြောတာ ရှိပါသလား။
ကိုသွင်လင်းအောင်။ ။ သူက ပွင့်ပွင့်လင်းလင်း ပြောရရင် စရောက် လာ ကတည်းက ပြောတယ်ဗျ။ Sunnylands မှာ လုပ်မယ့်ပွဲကို ချိန်ညှိဖို့အတွက် ကျနော်တို့ဆီက အသံတွေကို ကြားချင်တဲ့အတွက် ကျနော်တို့ဆီက အသံတွေကိုပဲ သူယူချင်တယ်ပေါ့နော်။ တောက်လျောက်တော့ သူ နားထောင်တာပဲ များတယ်ဗျ။ တချို့လည်း ကျနော်တို့ဘက်က မေးခွန်းလေးတွေ ပြန်မေးတာရှိပါတယ်ခင်ဗျ။
ကိုသားညွန့်ဦး။ ။ အခုက ဆယ်နိုင်ငံက အရပ်ဖက်လူ့အဖွဲ့အစည်းက ကိုယ်စားလှယ်တွေနဲ့တွေ့ တယ်ဆိုတော့ မြန်မာအရေးနဲ့ပတ်သက်ပြီးတော့ ဘယ်လောက်အထိ စိတ်ဝင်စားမှု ပြပါသလဲ။
ကိုသွင်လင်းအောင်။ ။ ခုနက ပြောသလိုပေါ့။ ကျနော် ပြောတဲ့အချိန်မှာတော့ သူက မေးခွန်း နှစ်ခု၊ သုံးခု လောက် ပြန်မေးတယ်။ ကျန်တဲ့သူတွေနဲ့ပြောတဲ့ အခါမှာတော့ မေးခွန်း သိပ်ပြီးတော့ ပြန်မေးတာ မရှိဘူး။ ဒါပေမဲ့ သူ့ပုံစံကတော့ ဒီဆယ်နိုင်ငံလုံးပေါ်မှာ ညီတူ ညီမျှ စိတ်ဝင်စားမှုပြတဲ့ပုံစံမျိုးတော့ ပြတယ်ဗျ။
ကိုသားညွန့်ဦး။ ။ အဲ့တော့ ဆယ်နိုင်ငံက လူမှုအရပ်ဖက်အဖွဲ့အစည်းက ကိုယ်စားလှယ်တွေ အနေနဲ့ လာကြတယ်ဆိုတော့ ဒီအစီအစဉ်ကို အမေရိကန် အစိုးရဘက်က စီစဉ်တယ်လို့ သိရပါတယ်ခင်ဗျ။ အဓိက ဒီခရီးစဉ်ရဲ့ရည်ရွယ်ချက်က ဒီအိမ်ဖြူတော် ၊ သမ္မတအိမ်ဖြူတော်နဲ့ပဲ တွေ့ဖို့ပဲလား။ တခြား ဘာအစီအစဉ်တွေများ ရှိပါသေးလဲခင်ဗျ။
ကိုသွင်လင်းအောင်။ ။ အဓိက ရည်ရွယ်တာကတော့ ဒီ Sunnylands မှာ ဒီအာဆီယံခေါင်းဆောင်တွေနဲ့ တွေ့မယ်။ အာဆီယံနဲ့ အမေရိကန်ကြားထဲမှာ ဘာတွေ ဆက်လုပ်မလဲဆိုတာ ပြောကြမယ်။ ဆိုတော့ ခေါင်းဆောင်တွေ တဘက်တည်းက အသံကို မယူပဲနဲ့ ကျနော်တို့ အရပ်ဖက်အဖွဲ့အစည်းတွေဘက်က အသံကို ယူချင်တယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်တာ။
ဒါပေမဲ့ ကျနော်တို့ ဒီကို ရောက်တဲ့အခါကျတော့ သုံးရက် အစီအစဉ် သွားရတယ်ဗျ။ အိမ်ဖြူတော်နဲ့တွေ့တာကတော့ အဓိက အစီအစဉ်တခုပေါ့။ ဒါပေမဲ့ ကျန်တာကတော့ ဒီမှာ ရှိနေတဲ့ Human Rights Watch တို့ တခြားအဖွဲ့အစည်းတွေပေါ့ နောက် တခြား think tank တွေပေါ့။ အဲ့ဒီ့အဖွဲ့တွေ CSIS အဲ့ဒီ့အဖွဲ့တွေနဲ့ လည်း တွေ့ရတယ်။ ဒီနေ့ ဆိုရင် ဆီးနိတ်က နိုင်ငံခြားရေးရာ ကော်မတီတွေနဲ့ လည်း တွေ့ရတယ်။ နောက်နေ့ဆိုရင်လည်း State Department officials တော်တော်များများနဲ့ တွေ့ဖို့ရှိတယ်။
ကိုသားညွန့်ဦး။ ။ ကိုသွင်လင်းအောင်ရေ၊ ကျေးဇူးအများကြီးတင်ပါတယ်။
ကိုသွင်လင်းအောင်။ ။ ဟုတ်ကဲ့။
ကယ်လီဖိုးနီးယားပြည်နယ်မှာ မကြာခင်ကျင်းပတော့မယ့် အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေး မတိုင်ခင်မှာ၊ အာဆီယံလူထုအခြေပြုအဖွဲ့တွေရဲ့ အမြင် သဘောထားကို သိနိုင်ဖို့ အမေရိကန်အစိုးရအနေနဲ့ အခုလို အာဆီယံဒေသ တွင်း လူထုအခြေပြုအဖွဲ့က ကိုယ်စားလှယ်တွေကို အမေရိကန်က ခေါ်ယူတွေ့ဆုံနေ တာဖြစ်ပါတယ်။