သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲမဲဆွယ်စည်းရုံးမှုအတွက် ကိုယ်စားလှယ်လောင်းတွေ ပြင်ဆင်


၂၀၁၅ ရွေးကောက်ပွဲ မဲလက်မှတ် (ကိုစည်သူ, ဇွန် ၈ ရက်၊ ၂၀၁၅ )
၂၀၁၅ ရွေးကောက်ပွဲ မဲလက်မှတ် (ကိုစည်သူ, ဇွန် ၈ ရက်၊ ၂၀၁၅ )

မကြာခင်ရက်ပိုင်းအတွင်းမှာပဲ ၂၀၁၅ ပါတီစုံ ရွေးကောက်ပွဲအတွက် စတင် မဲဆွယ်စည်းရုံးကြတော့မယ့် နိုင်ငံရေးပါတီတွေအနေနဲ့ ရွေးကောက်ပွဲဥပဒေနဲ့အညီ မဲဆွယ်စည်းရုံးကြဖို့နဲ့ မဲဆန္ဒရှင်ပြည်သူတွေ မဲပေးနည်းစနစ် မှန်ကန်စွာ မဲပေးနိုင်အောင် ပညာပေး ဟောပြောဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် က နိုင်ငံရေးပါတီတွေကို တိုက်တွန်းပါတယ်။

ပါတီတွေ မဲဆွယ်စည်းရုံးနေစဉ် ကာလအတွင်းမှာလည်း ကော်မတီတွေဖွဲ့ပြီး စောင့်ကြည့် လေ့လာကြမှာဖြစ်ပြီး ကျင့်ဝတ်နဲ့မညီဘူးလို့ တိုင်ကြားလာရင် ကော်မတီတွေ ဖြေရှင်းသွားမှာ ဖြစ်ပါတယ်။ အသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြထားပါတယ်။

စက်တင်ဘာလ ၁ ရက်နေ့က ပြည်ထောင်စ ုရွေးကောက်ပွဲ ကော်မရှင် တာဝန်ရှိသူတွေနဲ့ ၂၀၁၅ ရွေးကောက်ပွဲ ပါဝင်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါတီတွေ ရန်ကုန်မြို့မှာ တွေ့ဆုံပြီး မကြာခင် ကျင်းပတော့မယ့် ၂၀၁၅ ရွေးကောက်ပွဲအတွက် ကျင့်သုံးရမယ့် ရွေးကောက်ပွဲဆိုင်ရာ ကျင့်ဝတ်တွေ၊ မကြာခင် ရက်ပိုင်းအတွင်းမှာပဲ စတင်တော့မယ့် မဲဆွယ်စည်းရုံးမှုတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ကြတဲ့အကြောင်း တွေ့ဆုံပွဲမှာ ရွေးကောက်ပွဲဆိုင်ရာ အချက်အလက်တွေကို ရှင်းလင်းပြောပြခဲ့တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က ဦးမြင့်နိုင်က အခုလို ပြောပါတယ်။

“နိုင်ငံရေးပါတီတွေကို သူတို့ရဲ့ မဲဆွယ်စည်းရုံးရေးနဲ့ ပတ်သက်လို့လေ အဲဒါလေးတွေ ဆွေးနွေးပါတယ်။ နောက် မဲပေးပုံပေးနည်း၊ မဲလက်မှတ် လုပ်ပုံလုပ်နည်း၊ အဲဒါလေးတွေနဲ့ ဗွီဒီယို ရိုက်ထားတာလေးတွေလည်း ပြပါတယ်။ နောက် ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီးလို့ အဲဒါဆွေးနွေးပါတယ်။ ဆွေးနွေးမှုတွေလုပ်တော့ အကျိုးရှိတာပေါ့။ ကျနော်တို့ လုပ်မယ့်ဟာလည်း ပြောပြလိုက်တယ်လေ ။ သူတို့လည်း သူ့တို့ဘယ်လိုဘယ်လိုလုပ်ဖို့လည်း ပူးပေါင်းပါဝင်ဖို့လည်း ပြောလိုက်တာပေါ့လေ။ ဆိုတဲ့အခါကျတော့ ကျနော်တို့ဟို အခုဟာက မဲစာရင်းတွေ ကြေညာမယ်၊ မဲရုံမှူးတွေကို သင်တန်းတွေပေးမယ်။ နောက် ကျနော်တို့ ဟို ကိုယ်စားလှယ်လောင်းတွေကို စိစစ်ပြီးတော့ ကြေညာမယ်။ ကြေညာပြီး မဲလက်မှတ်တွေ လုပ်မယ်ဆိုတော့ ဒီဘက်က တောက်လျှောက် ရွေးကောက်ပွဲ မဲပေးနိုင်အောင်အတွက်ကို ကျနော်တို့ လုပ်စရာရှိတာတွေ ဆောင်ရွက်သွားတော့မှာပေါ့။”

စက်တင်ဘာလ ၈ ရက်နေ့ကနေစလို့ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးတဲ့အခါ လိုက်နာကျင့်သုံးရမယ့် ကျင့်ဝတ်နဲ့ အညီ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိ ကို စောင့်ကြည့်မှု ပြုလုပ်နိုင်ရန်နဲ့ တကယ်လို့ ကျင့်ဝတ်နဲ့ မညီဘူးလို့ တိုင်ကြားလာရင် ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးမည့် Monitoring စောင့်ကြည့်မယ့် ကော်မတီက ဖြေရှင်းပေးမှာဖြစ်ပြီး ဒါမှ မရရင်တော့ စေ့စပ်ညှိနှိုင်းရေး ကော်မတီကို တင်ပြပြီး အဲ့ဒီအထိမှ ဖြေရှင်းလို့ မရခဲ့ရင်တော့ ရွေးကောက်ပွဲဆိုင်ရာ လုံခြုံရေးကော်မတီက ဆက်လက် ဆောင်ရွက်မှာဖြစ်ပါတယ်။

အရင် ရွေးကောက်ပွဲတွေ ထက်စာရင် ဒီတကြိမ်ကျင်းပမယ့် ၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေကြား ပိုပြီးတော့မှ နီးစပ်ထိတွေ့မှုတွေရှိပြီး ထဲထဲဝင်ဝင် ဆွေးနွေးတိုင်ပင်ညှိနှိုင်းခဲ့ကြတယ်လို့ တွေ့ဆုံပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF ပါတီ အတွင်းရေးမှူး ဦးနေမင်းကျော်က အခုလို ရှင်းပြပါတယ်။

“ကော်မရှင်နဲ့ မနက်ခင်းပိုင်းမှာတော့ ဒီမီဒီယာကို အသုံးပြုပြီးတော့ ဒီ Voter Education လုပ်တဲ့ကိစ္စတွေ သူတို့ရှင်းပြပါတယ်။ ပြည်သူလူထုကို မဲပေးတာနဲ့ ပက်သက်ပြီးတော့ မဲပေးတာကို မှန်မှန်ကန်ကန် မဲပေးနိုင်အောင် သူတို့ဆုံးဖြတ်ထားတာကို မနက်ခင်းဘက်မှာ ရှင်းပြပါတယ်။ အဲဒါပြီးတော့ မနက်ခင်းပိုင်းမှာပဲ တနိုင်ငံလုံးမှာ သူတို့ မဲစာရင်းပေါ့လေ ပြုစုထားတဲ့ဟာကို သူတို့ စက်တင်ဘာလ ၁၄ ရက်နေ့မှာ ဆက်ပြီးထုတ်ပြန်မယ်ဆိုတာကို ပညာပေးပါတယ်။ နေ့ခင်းပိုင်းကျတော့ ဒီ မဲဆွယ်စည်းရုံးတာနဲ့ ပက်သက်တဲ့ ညွန်ကြားချက်တွေ လိုက်နာရမယ့် အချက်တွေပေါ့လေ၊ ပြီးလို့ရှိရင် ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးတဲ့ ကိစ္စတွေ ၊ ကိုယ်စားလှယ်လောင်း ရွေးကောက်ပွဲ အသုံးစရိတ် ဘယ်လိုသုံးရမယ်ဆိုတဲ့ဟာတွေကို သူတို့ဆွေးနွေးကြပါတယ်။ ကျနော်တို့ ဒီ ၂၀၁၀ ရွေးကောက်ပွဲထက်စာရင်တော့ ကျနော်တို့ ကျေနပ်အားရဖွယ်ရာတွေ အများကြီး တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ၂၀၁၀ ရွေးကောက်ပွဲ ဝင်တုန်းကကျတော့ ဒီ ၂၀၁၀ တုန်းက ဆောင်ရွက်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်က လူတွေနဲ့က အဲဒီလောက်ထိ ထိတွေ့ခဲ့တာ မရှိခဲ့ဘူးပေါ့လေ။ လက်ရှိ ရွေးကောက်ပွဲကော်မရှင် ဥက္ကဌနဲ့ အဖွဲ့ဝင်တွေကျတော့ သူတို့နဲ့က ကျနော်တို့နဲ့က နီးနီးစပ်စပ် ဆွေးနွေးတိုင်ပင်ပြီးတော့ လိုအပ်ချက်ရှိတာတွေကို အပြန်အလှန် ဆွေးနွေးခဲ့တယ်။ ပြီးတော့ ကော်မရှင်အနေနဲ့လည်း နိုင်ငံတကာ အဖွဲ့အစည်းတွေဖြစ်တဲ့ ဒီ အိုက်စက်တို့ Internation IDR တို့ ပြီးလို့ရှိရင် MMDP မြန်မာပါတီစုံ ဒီမိုကရေစီ စသဖြင့်ပေါ့လေ။ IRI တို့ စသဖြင့် သူတို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ လုပ်တဲ့အတွက်ကြောင့်မို့လို့လည်း ဒီ ၂၀၁၀ လုပ်ခဲ့တဲ့ ရွေးကောက်ပွဲ ကော်မရှင်ထက် စာလို့ရှင်ရင်တော့ ဒီကတော့ ပိုပြီး ပွင့်လင်းမြင်သာမှု ရှိတယ်ဆိုတာ တွေ့ရပါတယ်။”

မကြာခင် စတင်တော့မယ့် မဲဆွယ်စည်းရုံးရေး ကာလအတွက် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နဲ့ နိုင်ငံရေးပါတီတွေဘက်က ဆွေးနွေးနေချိန်မှာပဲ နိုင်ငံရေးပါတီတွေဘက်ကလည်း ကြိုတင်ပြင်ဆင်မှုတွေ ဆောင်ရွက်နေတဲ့အကြောင်း ရှမ်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီပြောခွင့်ရ ဦးစိုင်းညွန့်လွင်ကလည်း ပြောပါတယ်။

“ကျနော်သိသလောက်ကတော့ ဒီနေ့နောက်ဆုံးအကြိမ် တွေ့တာခင်ဗျာ။ နောက်တော့ ဟို ပဋိပက္ခဖြေရှင်းရေးဆိုပြီးတော့ လုပ်ထားတဲ့ အဖွဲ့လေးတွေ ရှိတယ်။ အဲဒီအဖွဲ့ကတော့ လွှတ်တော်ကိုယ်စားလှယ်လောင်း အများဆုံး ၁၀ ပါတီပေါ့။ ပါတီတွေက ကိုယ်စားလှယ်တွေနဲ့ ဖွဲ့ပါတယ်။ ကျနော်တို့က သိပ်တော့ ပြဿနာ မရှိဘူးခင်ဗျာ။

မေး - ဟုတ်ကဲ့ အခုလာမယ့် ၈ ရက်နေ့မှာ စမယ့် ပါတီ စည်းရုံးရေးတွေနဲ့ ပက်သက်ပြီးတော့ ဆရာတို့ ဘာတွေများ စီစဉ်ထားပါသလဲ။

ဖြေ - အဲဒီနေ့မှာပဲ ကျနော်တို့ ပင်လုံမှာ အားလုံးတွေ့ကြမှာပါ။ ကိုယ်စားလှယ်လောင်းတွေနဲ့ မြို့နယ်က အောင်နိုင်ရေးအဖွဲ့တွေနဲ့ တွေ့ပြီးတော့ အစီအစဉ် ဆွဲမှာပါ။ ပြည်သူကို ပြောချင်တာတော့ လူရောပါတီရော ကြည့်ရွေးဖို့ပေါ့ဗျာ။ ဒီမှာတော့ ရှုတ်ရှုတ်ထွေးထွေး ရှိတယ်။ ကိုယ့်မဲတမဲက တန်ဖိုးရှိပါတယ်။ တန်ဖိုးရှိတဲ့မဲတွေကို တန်ဖိုးရှိတဲ့ ပုဂ္ဂိုလ်တွေပေးဖို့ပဲ ပြောချင်ပါတယ်။”

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဘက်က နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်ပြည်သူတွေ ဆန္ဒမဲ မှန်ကန်အောင် ပေးနိုင်ရေး မဲပေးနည်းစနစ် မှန်ကန်အောင် ထည့်ဖို့ ပညာပေးမှုတွေမှာ ဝိုင်းဝန်းကူညီဆောင်ရွက်ကြဖို့နဲ့ လွတ်လပ်ပြီး တရားမျှတမှုရှိတဲ့ ရွေးကောက်ပွဲ ဖြစ်မြောက်ရေး နိုင်ငံရေး ပါတီတွေဘက်က ပူးပေါင်းဆောင်ရွက်ကြဖို့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ဥက္ကဋ္ဌက တိုက်တွန်းပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG