သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နော်ခမ်းနဲ့ အပေါင်းအပါသုံးဦး တရုတ်ကွပ်မျက်


ရွှေတြိဂံဒေသမှာ အခြေစိုက်လှုပ်ရှားနေတဲ့ လက်နက်ကိုင်အဖွဲ့ တခုရဲ့ ခေါင်းဆောင် စိုင်းနော်ခမ်းနဲ့ အဖွဲ့ဝင် ၃ ယောက်ကို တရုတ်နိုင်ငံမှာ ဒီကနေ့ပဲ သေဒဏ်ပေးလိုက်ပါတယ်။ မဲခေါင်မြစ်ထဲမှာ တရုတ်သင်္ဘောသား ၁၃ ယောက် သတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ တာဝန်ရှိတယ်လို့ တရုတ်နိုင်ငံတရားရုံးက သေဒဏ် အပြစ်ပေးခဲ့ပြီးနောက် အခုနောက်ဆုံး ကွပ်မျက်လိုက်တာ ဖြစ်ပါ တယ်။ တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့မှာ သေဒဏ်စီရင်ခဲ့တဲ့ အကြောင်းကိုတော့ ကိုအောင်လွင်ဦး ကပြောပြပေးမှာ ဖြစ်ပါတယ်။

မဲခေါင်မြစ်တွင်း တရုတ်သင်္ဘောသား ၁၃ ယောက်ကို သတ်ဖြတ်ခဲ့တယ် ဆိုတဲ့ အမှုနဲ့ မြန်မာနိုင်ငံက ရှမ်းတိုင်းရင်းသား တဦးဖြစ်တဲ့ စိုင်းနော်ခမ်း နဲ့ နောက်လိုက် ၃ ယောက်ကို သေဒဏ် စီရင် လိုက်တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလထဲ တရုတ် သင်္ဘောသားတွေ သေဆုံးမှုမှာ တာဝန်ရှိသူတွေအဖြစ်နဲ့ သေဒဏ်ပေးလိုက်တဲ့ သူတွေထဲမှာတော့ စိုင်းနော်ခမ်းရဲ့အဖွဲ့ဝင် ၃ ဦးဖြစ်တဲ့ ထိုင်းနိုင်ငံက ဆန်ခမ်၊ လာအိုနိုင်ငံက ဂျာရှီခါ နဲ့ အီလိုင်လို့အမည်ရသူ နိုင်ငံမဲ့တဦးတို့ ပါဝင်ကြောင်းလည်း တရုတ် အစိုးရပိုင် သတင်းက ဖော်ပြခဲ့တာပါ။ ရွှေတြိဂံဒေသမှာ မူးယစ်ဆေးဝါး မှောင်ခိုမှုတွေ အပါအဝင် ရာဇဝတ်မှုတွေ ကျူးလွန်နေတယ်လို့ စွပ်စွဲထားတဲ့ စိုင်းနော်ခမ်း ဦးဆောင်တဲ့ အဖွဲ့ဝင်တွေအပေါ် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းက သေဒဏ်စီရင်ချက် ချမှတ်ခဲ့ပြီးတဲ့နောက် ပြန်လည်အယူခံဝင်ခဲ့ပေမဲ့ ပယ်ချခံခဲ့ရပြီးနောက် သူတို့ ၄ ဦးစလုံးကို ဆေးထိုးကွပ်မျက် လိုက်တာလည်း ဖြစ်ပါတယ်။

မြန်မာ၊ ထိုင်းနဲ့ လာအို ၃ နိုင်ငံနယ်စပ် ရွှေတြိဂံဒေသမှာ အခြေစိုက် လှုပ်ရှားနေတဲ့ စိုင်းနော်ခမ်း ကိုတော့ ပြီးခဲ့တဲ့နှစ် ဧပြီလထဲ လာအိုနိုင်ငံက ဖမ်းဆီးမိခဲ့ပြီးနောက် တရုတ်နိုင်ငံကို လွှဲပြောင်းပေးအပ်ထားတာပါ။ တရုတ်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ပြောခွင့်ရသူ Hua Chunying ကတော့ သေဒဏ်စီရင်ချက်ဟာ ဒေသတွင်း နိုင်ငံတွေကြား ရာဇဝတ်မှုတိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ကြဖို့ အချက်ပြလိုက်တဲ့ လုပ်ရပ်တခုဖြစ်တယ် ဆိုပြီး သောကြာနေ့ကပဲ ပြောဆိုလိုက်တာပါ။

“ဒီအမှုကနေ အရေးကြီးတဲ့ အမှာစကား ပါးလိုက်တယ်လို့ ကျမထင်တာကတော့ တရုတ်နိုင်ငံနဲ့ သက်ဆိုင်ရာ အစိုးရတွေကြား နယ်စပ်ဖြတ်ကျော် ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းရာမှာ ကြိုးစားပမ်းစား လုပ်ကြရလိမ့်မယ် ဆိုတာပါပဲ။”

သေဒဏ်မပေးမီ မွန်းလွဲပိုင်းမှာ သူတို့ကို ထိန်းသိမ်းထားတဲ့ တရုတ်နိုင်ငံ အနောက်တောင်ဖက် ယူနန်ပြည်နယ်၊ ကူမင်းမြို့ အကျဉ်းထောင်ကနေ တဦးချင်းခေါ်ထုတ်လာပြီး လက်ပြန်ကြိုးတုပ် အချုပ်ကားပေါ် တင်ဆောင်ပြီး သေဒဏ်ပေးမယ့်နေရာ ကို ခေါ်ဆောင်သွားတာတွေကိုတော့ အစိုးရပိုင် CCTV သတင်းက တိုက်ရိုက်ထုတ်လွှင့်ပြသခဲ့ပါတယ်။ တရုတ်အစိုးရပိုင် သတင်းက ကွပ်မျက်ကာနီး နာရီပိုင်းအလိုအထိ ထုတ်လွှင့်ချက်တွေကိုတော့ တရုတ်နိုင်ငံသားတွေ သာမက နယ်စပ်အခြေစိုက် မြန်မာတွေပါ စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာပါ။ တရုတ်နိုင်ငံသားတွေ ကတော့ ဒေသတွင်း အကျည်းတန်လှတဲ့ ရာဇဝတ်မှုတခုမှာ တာဝန်ရှိသူတွေကို စီရင်ခဲ့တဲ့အပေါ် ကျေနပ်တဲ့ သဘောထားတွေကို ပြသခဲ့ကြပါတယ်။

ဒါပေမဲ့လည်း သတ်ဖြတ်မှုအတွင်း ထိုင်းစစ်တပ်က တပ်ဖွဲ့ဝင်တချို့ပါ ပါဝင်ခဲ့တယ်ဆိုတဲ့ သတင်းတွေ လည်း အစောပိုင်းမှာ ထွက်ပေါ်ခဲ့သလို အမှုနဲ့ ပတ်သက်လို့ ပွင့်လင်းမြင်သာမှုတွေ အားနည်းတယ် လို့လည်း နယ်စပ်အခြေစိုက် မြန်မာနိုင်ငံသားတွေက မြင်နေကြတာပါ။ ကူမင်းမြို့က မြန်မာ့အရေးအကဲခတ်သူ ဦးအောင်ကျော်ဇောကတော့ တရုတ်နိုင်ငံရဲ့စီရင်ချက်မှာ နိုင်ငံရေး ရည်ရွယ်ချက်တွေ ပါဝင်တယ်လို့ ယူဆပါတယ်။

“ဒီ လေးယောက်ကို သတ်လိုက်တဲ့အပေါ် သူ ပေးချင်တဲ့ Message က တရုတ်ပြည်သားတွေ ဘယ်နိုင်ငံရောက်ရောက် သူတို့ကို ထိပါးရင် ရအောင်ပြန်ရှာပြီး စီရင်တယ်ဆိုတာကိုပါ။ သူတို့ အာဏာပိုင်၊ ကြိုးကိုင်မှုရှိတဲ့ ဘယ်နိုင်ငံမဆိုမှာ တရုတ်အစိုးရမှာ သူတို့ တရုတ်ပြည်သားတွေရဲ့ အကျိုးကို ကာကွယ်စောင့်ရှောက်နိုင်တယ် ဆိုတဲ့ အင်အားရှိတယ်ပေါ့။ ဗမာပြည်နယ်စပ်မှာရှိတဲ့ လူ အတော်များများကတော့ သိပ်မကျေနပ်ကြဘူး။ ပြည်တွင်းက လူတွေရော- မကျေနပ်ဘူး ဆိုတာ က နှစ်ခု၊ တခုက အစိုးရကို မကျေနပ်ဘူး။ ဒီလောက် လွယ်လွယ်ကူကူ-တချက်မှ ကိုယ့်ဘက်က ဝင်မပြောဘဲနဲ့ပေါ့နော်- ကိုယ့် နိုင်ငံသားတစ်ယောက်ကို အခုလို သတ်လိုက်တာ။ ခိုင်ခိုင်လုံလုံ သက်သေ ဘယ်သူမှ မရှိဘူး- သူ သတ်တယ်ဆိုတာကို။ သူက အမိန့်ပေးတယ်ပဲ ပြောတာ။ အဲဒီတော့ နယ်စပ်မှာရှိတဲ့ လူတော်တော်များများပေါ့ဗျာ။ အဖွဲ့အစည်း အတော်များများကတော့ သိပ် ကျေနပ်ပုံ မရကြဘူး။ တရုတ်ငွေ သိန်း ၆၀ တရုတ်ကို လျော်ရတယ်။ သေတဲ့ မိသားစုတွေကို ပေးရသေးတာ။ နယ်စပ်နိုင်ငံရေးကို နားလည်တဲ့ လူ အတော်များများက သဘောပေါက်တယ်။ အများစုက တရုတ်ပြည်ရဲ့ လုပ်ကွက်ကြီးတွေလို့ သဘောထားတာ။”

စိုင်းနော်ခမ်း ကတော့ တရုတ်သင်္ဘောသားတွေ သေဆုံးမှုနဲ့ ပတ်သက်လို့ သူ့မှာတာဝန် မရှိကြောင်း ငြင်းဆန်ထားခဲ့ပေမဲ့ တခြားအဖွဲ့ဝင်တွေရဲ့ သက်သေထွက်ချက်တွေအပေါ် မူတည်ပြီး သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။ တရုတ်အစိုးရကတော့ မဲခေါင်မြစ်တွင်း သတ်ဖြတ်မှုအတွက် အလိုရှိနေခဲ့တဲ့ စိုင်းနော်ခမ်းနဲ့အဖွဲ့ကို ချေမှုန်းဖို့ မောင်းသူမဲ့ ဒုံးလေယာဉ် Drone တွေ အသုံးပြုဖို့အထိ စဉ်းစားခဲ့ကြောင်းလည်း သတင်းတွေ ထွက်ပေါ်ခဲ့တာပါ။ ကွပ်မျက်ခံ ခဲ့ရသူ စိုင်းနော်ခမ်းဟာ တချိန်က ဘိန်းဘုရင်ခွန်ဆာရဲ့ မော်ထိုင်း တပ်ဖွဲ့ဝင်တဦး ဖြစ်ခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ ဘိန်းဘုရင်ခွန်ဆာ မြန်မာအစိုးရထံ လက်နက်ချခဲ့ ပြီးတဲ့နောက် ရှမ်းပြည်နယ် တာချီလိတ်မြို့နယ်က ဟောင်လိတ် ပြည်သူ့စစ်အဖွဲ့ရဲ့ခေါင်းဆောင် တဦးလည်း ဖြစ်လာခဲ့ပါတယ်။
XS
SM
MD
LG