သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

(၇) ဇူလိုင် ၅၂ နှစ်ပြည့် ရန်ကုန်မှာကျင်းပ


ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့က (၅၂) နှစ်မြောက် (၇) ဂျူလိုင်အထိမ်းအမှတ် စုဝေးမှုကို ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသားသမဂ္ဂ အဆောက်အဦးရှိခဲ့ရာ မြေကွက်လပ်မှာ ကျင်းပခဲ့ကြစဉ်။ (ဂျူလိုင် ၇၊ ၂၀၁၄/ ဓာတ်ပုံ-စည်သူ)
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂအဖွဲ့က (၅၂) နှစ်မြောက် (၇) ဂျူလိုင်အထိမ်းအမှတ် စုဝေးမှုကို ရန်ကုန်တက္ကသိုလ်အတွင်း ကျောင်းသားသမဂ္ဂ အဆောက်အဦးရှိခဲ့ရာ မြေကွက်လပ်မှာ ကျင်းပခဲ့ကြစဉ်။ (ဂျူလိုင် ၇၊ ၂၀၁၄/ ဓာတ်ပုံ-စည်သူ)

ကျောင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတောင်းဆိုမှုတွေကို အာဏာပိုင်တွေအနေနဲ့ အမျိုးမျိုးပယ်ချမှုတွေ ရှိနေသေးပြီး ဖိနှိပ်အရေးယူမှုတွေလည်း ရှိနေတုန်းပဲလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ပြောလိုက်ပါတယ်။ ၁၉၆၂ ခုနှစ်အတွင်း ရန်ကုန်တက္ကသိုလ် ကျောင်းသားတွေ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ကျောင်းသားသမဂ္ဂအဆောက်အဦး ဖြိုချ ဖျက်ဆီးခံခဲ့ရတဲ့ 7 July အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားတစ်ခုကို ရန်ကုန်တက္ကသိုလ် ပရဝုဏ်အတွင်း သမဂ္ဂအဆောက်အဦးတည်ရှိခဲ့ရာနေရာမှာ ပြုလုပ်ခဲ့တာပါ။ အပြည့်အစုံကို ကိုယ်တိုင်သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုစည်သူက တင်ပြပေးထားပါတယ်။

ရန်ကုန်တက္ကသိုလ်ပရဝုဏ်အတွင်း တည်ရှိခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးဖျက်ဆီးခံခဲ့ရတဲ့ 7 July အမှတ်တရ အောက်မေ့ဖွယ်အခမ်းအနားကို ရန်ကုန်တက္ကသိုလ်အတွင်းက ကျောင်းသားသမဂ္ဂအဆောက်အဦးနေရာရှေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။ (၅၂) နှစ် ပြည့်မြောက်ခဲ့တဲ့ 7 July အောက်မေ့ဖွယ် အခမ်းအနားမှာ ကျောင်းသားသမဂ္ဂအဖွဲ့ဝင် ကျောင်းသားလူငယ် (၁၀၀) လောက် စုဝေးခဲ့ကြတာပါ။ ဒီအခမ်းအနားမှာ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေ အတွင်း ကျဆုံးခဲ့တဲ့ ကျောင်းသားတွေအတွက် ပန်းခွေချ ဆုတောင်းခဲ့ကြပါတယ်။ ကျောင်းသားသမဂ္ဂအပါအဝင် ကျောင်းသားလူငယ်တွေရဲ့ အခွင့်အရေးတွေကို နည်းအမျိုးမျိုးနဲ့ ဖိနှိပ်မှုတွေ ရှိနေသေးတယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

“လက်ရှိ ကျောင်းသားလှုပ်ရှားမှုရဲ့ အခက်အခဲကတော့ ရှင်းရှင်းပြောရလို့ရှိရင် အာဏာပိုင်တွေရဲ့ အမျိုးမျိုး နှိပ်ကွပ်မှုပေါ့။ အဓိကအခက်အခဲက အဲဒါတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျောင်းထဲမှာ ကျနော်တို့ ကျောင်းသားတွေက ကိုယ့်အခွင့်အရေးကိုယ်တောင်းဆိုတဲ့အခါ နည်းမျိုးစုံနဲ့ ကြိုးစားရသလို နည်းမျိုးစုံနဲ့လည်း ပိတ်ပင်ခံထားရပါတယ်။ သို့သော် နိုင်ငံရေး လုပ်ခွင့်မရှိဘူး၊ ကျောင်းသားလှုပ်ရှားမှုကို နိုင်ငံရေးလှုပ်ရှားမှုလို့ သူတို့က မြင်တယ်။ အဲဒါကြောင့်မို့လို့ ကျောင်းသားလှုပ်ရှားမှု မှန်သမျှကို နှိပ်ကွပ်ဖို့အတွက် စည်းကမ်းတွေ၊ ဥပဒေ ပုဒ်မတွေ ထုတ်တယ်။ ကျောင်းထုတ်ပစ်မယ်လို့ ခြိမ်းခြောက်တာတွေ ရှိတယ်။ အဲဒါဟာ အရေးအကြီးဆုံး အခက်အခဲပဲ။ အဲဒီအခက်အခဲကို ကျော်လွှားနိုင်မယ်ဆိုလို့ရှိရင် ကျနော်တို့က ပိုပြီးတော့ လုပ်ရကိုင်ရ လွယ်ကူသွားလိမ့်မယ်လို့ မြင်တယ်။”

ကျောင်းသားတွေရဲ့လှုပ်ရှားမှုတွေကို သက်ဆိုင်ရာ အစိုးရတွေအနေနဲ့ ယုံကြည်မှုထားဖို့ မျှော်လင့်ကြောင်း မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဥက္ကဋ္ဌ ကိုကျော်ကိုကိုက ပြောပါတယ်။

“အဓိက ကတော့ ယုံကြည်မှုဆိုတာ ကျနော်တို့လုပ်တဲ့အပေါ်မှာ ကျနော်တို့က ရိုးရိုးသားသား မဟုတ်တာ မလုပ်ဘူးလို့ ယုံကြည်ထားတယ်။ အဲဒီဟာကို အာဏာပိုင်တွေရဲ့ Sense က လက်ခံနိုင်ပေးဖို့ လိုအပ်တယ်။ ဒါကတော့ သူတို့စိတ်ထဲမှာ ဘယ်လောက်ရှိလဲလို့ ကျနော်တို့ မသိဘူး။ ဒါပေမယ့် ကျနော်တို့ စောင့်ကြည့်လေ့လာမှုတွေ အမြဲတမ်းရှိနေတုန်း၊ ကျနော်တို့လုပ်တာတွေကို မှတ်တမ်းတွေ၊ Record တွေ လိုက်ထားတုန်းပဲ။ ကျနော်တို့ ဘယ်နေ့၊ ဘယ်ရက်မှာ ဘာလုပ်မယ်ဆိုတာကိုတောင် မပြောနိုင်သေးဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဟိုအရင်တုန်းကလောက် ချက်ခြင်း လက်ငင်း ကောက်ခါငင်ကာ ဖိနှိပ်တာမဟုတ်ပေမယ့်လည်း ဒီနေ့မှာတော့ သူတို့က စိတ်ချယုံကြည်မှုအတိုင်းအတာ ကျနော်တို့အပေါ်မှာ နည်းနေသေးတယ်လို့ပဲ ပြောချင်တယ်။”

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့နည်းတူ တက္ကသိုလ်ကျောင်းသားသမဂ္ဂများ (တကသ) ကလည်း ဒီကနေ့မှာပဲ (၇) ဇူလိုင် အောက်မေ့ဖွယ်အခမ်းအနား ကျင်းပခဲ့ပါတယ်။

“7 July အပေါ်မှာ ခံယူချက်ကတော့ နံပါတ် (၁) အချက်က ဆဲဗင်း ဂျူလိုင်ဆိုတာ မမေ့အပ်တဲ့ ရက်စွဲတခုပါ။ ကျမတို့ ကျောင်းသားသမိုင်းမှာပဲဖြစ်ဖြစ်၊ ဗမာပြည်နိုင်ငံရေးမှာပဲဖြစ်ဖြစ် ဆဲဗင်းဂျူလိုင် ဆိုတာ မမေ့အပ်တဲ့ နေ့တစ်နေ့ပါ၊ အဲဒီ အပြင် ကျမတို့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ စိတ်ထဲမှာ မှတ်ထားရမှာက ဆဲဗင်းဂျူလိုင်ကသည် (၈) ရက်ဂျူလိုင်ကလည်း ကျမတို့အတွက် အင်မတန့်ကို ရာဇဝင်မှာ တကယ့်ကို ဝမ်းနည်းစရာကောင်းတဲ့ နေ့တစ်ခုပါပဲ။ ကျမတို့ အထွဋ်အမြတ်ထားတဲ့ သမဂ္ဂအဆောက်အဦးကြီး မိုင်းခွဲပြီး ဖြိုချခံလိုက်ရတယ်။ ဆိုတော့… ဒါတွေအားလုံးဟာ မမေ့သင့်ဘူး၊ ကျောင်းသားတွေအားလုံးအတွက် ဝမ်းနည်းစရာ ရက်စွဲတွေ ဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်ရှင့်။”

ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ်၊ တက္ကသိုလ်သမဂ္ဂများ (တကသ) ရဲ့ ဒုတိယဥက္ကဋ္ဌ မငြိမ်းချမ်းမေ ပြောသွားတာပါ။

ခေတ်အဆက်ဆက် ကျောင်းသားလှုပ်ရှားမှုတွေအတွင်း ပါဝင်ခဲ့ကြတဲ့ ကျောင်းသားတွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ ရှိခဲ့တာပါ။ ၁၉၆၂ ခုနှစ်၊ ဂျူလိုင်လ ၈ ရက်နေ့ မနက်ခင်းပိုင်းမှာ ဖြိုချ ဖျက်စီးခံခဲ့ရတဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦးနေရာကို ကျောင်းသားသမဂ္ဂ အဆောက်အဦးသစ် ပြန်လည် တည်ဆောက်ခွင့်ရရေး ကြိုးပမ်းခဲ့ကြတဲ့ ကိုဒီငြိမ်းလင်း၊ မဖြိုးဖြိုးအောင် နဲ့ ကျောင်းသားတစ်ချို့ကို ၂၀၁၂ ခုနှစ်အတွင်း ဖမ်းဆီးမှု ရှိခဲ့ပါတယ်။ သမဂ္ဂ အဆောက်အဦးဖြိုချခံရတဲ့ နှစ်(၅၀)ပြည့် 7 July အောက်မေ့ပွဲအခမ်းအနားစီစဉ်ခဲ့လို့ ဖမ်းဆီးစစ်ဆေးခဲ့တာပါ။ ကျောင်းသားတချို့ ဖမ်းဆီးခံခဲ့ရတာတွေ ရှိခဲ့ပေမယ့် သမဂ္ဂအဆောက်အဦး ပြန်လည် ဆောက်လုပ်ခွင့်ရရေးကို ဆက်လက် ကြိုးပမ်းနေဆဲ ဖြစ်ကြောင်း ကျောင်းသားတွေက ပြောပါတယ်။

၁၉၆၂ ခုနှစ် မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းအစိုးရကို ပထမဆုံးဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ တက္ကသိုလ်ကျောင်းသားတွေကို ဖမ်းဆီးခဲ့ပြီး သမဂ္ဂအဆောက်အဦးကိုလည်း ဒိုင်းနမိုက်နဲ့ ဖြိုချ ဖျက်ဆီးခဲ့တာဖြစ်ပါတယ်။ ဇူလိုင် (၇) ရက်နေ့ ကျောင်းသားအရေးတော်ပုံနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချမှုကြောင့် တက္ကသိုလ်ကျောင်းသား (၁၀၀) ကျော် အပြစ်မဲ့ သေဆုံးခဲ့ကြရပါတယ်။

XS
SM
MD
LG