သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ ကနေဒီ အမှတ်တရ သမိုင်းအမွေ


အမေရိကန်သမ္မတဟောင်း John F. Kennedy နဲ့ သမ္မတဟောင်းကတော် Jackie Kennedy.
အမေရိကန်သမ္မတဟောင်း John F. Kennedy နဲ့ သမ္မတဟောင်းကတော် Jackie Kennedy.
အမေရိကန်သမိုင်းမှာ မေ့ဖျောက်လို့ မရနိုင်တဲ့ စိတ်ထိခိုက်စရာအဖြစ်တွေထဲက တခုကတော့ ၁၉၆၃ ခုနှစ် နိုဝင်ဘာလ ၂၂ ရက်နေ့မှာ သမ္မတကနေဒီတစ်ယောက် တက္ကဆက်ပြည်နယ်၊ ဒါးလက်စ်မြို့မှာ လုပ်ကြံခံခဲ့ရတဲ့အဖြစ်ပါ။

အခုဆိုရင် သမ္မတကနေဒီ လုပ်ကြံခံခဲ့ရတာ နှစ် ၅၀ ပြည့်တော့မှာဖြစ်ပေမဲ့ သူဟာ အခုထိ အမေရိကန်ပြည်သူတွေကြားမှာ ရေပန်းစားနေဆဲဖြစ်ကြောင်း လူထုစစ်တမ်းတွေမှာ တွေ့ရပါတယ်။ နောက်ပြီး အမေရိကန်ပြည်သူတွေဟာ သူ့ရဲ့ နိုင်ငံအပေါ်ထားတဲ့ တွေးဆကြံစည်မှုတွေအတွက်လည်း အတုယူ အားကျနေကြဆဲလည်း ဖြစ်ပါတယ်။

သမ္မတ ကနေဒီ လုပ်ကြံခံရတဲ့ နှစ် ၅၀ ပြည့် အထိမ်းအမှတ်အကြောင်း ဗွီအိုအေသတင်းထောက် Jim Malone က ရေးသားချက်ကို မခွာညိုက အပြည့်အစုံ တင်ပြထားပါတယ်။

အာကာသစူးစမ်းလေ့လာရေးဟာ သမ္မတ ဂျွန်ကနေဒီရဲ့ သမ္မတရွေးကောက်ပွဲ ကာလတွေအတွင်း အသုံးပြုခဲ့တဲ့ new Frontier စာမျက်နှာသစ်ဆိုတဲ့
ကြွေးကြော်သံရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတရပ် ဖြစ်ခဲ့ပါတယ်။

ကနေဒီရဲ့လက်ထက်မှာ သိသာထင်ရှားတဲ့ ကောင်းကျိုးရလဒ်တွေထဲ မာကျူရီ အာကာသစူးစမ်းလေ့လာရေးအဖွဲ့ရဲ့ အောင်မြင်မှုတွေဟာ နောင် ၁၀ နှစ်အခါ လကမ္ဘာကို ဆင်းသက်နိုင်ဖို့ အစပျိုးတဲ့ ခြေလှမ်းအဖြစ် အမှတ်ထင်ထင် ကျန်ရစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ကက်သလင်းကနေဒီ တောင်ဆဲန်းက သမ္မတကနေဒီရဲ့ ညီအကိုတော်စပ်သူ ရောဘတ်ကနေဒီရဲ့ သမီးအကြီးဆုံးပါ။

“သူပြောခဲ့တာက - အခက်တွေ့နေတဲ့ လူတစ်ဦးကို အကူပေးဖို့ မေးမယ့်အစား အဲဒီခက်ခဲတာကို မဖြစ်မနေ ကိုယ်တိုင် လုပ်ယူရဖို့ အားပေးရမယ် ဆိုတာပါပဲ။ လကမ္ဘာကြီးကို သွားဖို့ဆိုတာ ခက်ခဲတဲ့အလုပ်ပါ။ ဒါပေမဲ့ ကျမတို့အားလုံး အစွမ်းကုန် ကြိုးစားကြရမှာပါပဲ။ အဲဒီလို လုပ်နိုင်ခဲ့ပြီဆိုရင် ကျမတို့က ပိုပြီး အရည်အချင်း ပြည့်ဝတဲ့ လူသားတွေအဖြစ် ကိုယ့်ကိုကိုယ် မြှင့်တင်နိုင်ကြ တယ်ဆိုတာ သေချာသွားမှာပါ။”

သမ္မတကနေဒီ တာဝန်ထမ်းဆောင်ခဲ့ချိန်မှာ ရင်ဆိုင်ရတဲ့ ဦးနှောက်ခြောက်စရာအကောင်းဆုံး ကိစ္စတွေထဲက တစ်ခုကတော့ လူမှု အခွင့်အရေးပဲ ဖြစ်ပါတယ်။ သူ မကွယ်လွန်ခင် လပိုင်းလောက်မှာ သမ္မတကနေဒီဟာ အရေးယူ ဆောင်ရွက်စရာ တင်ပြချက်အသစ်တခုကို လွှတ်တော်မှာ တင်ပြခဲ့ပါတယ်။

“ကျနော်တို့ဟာ ကျင့်ဝတ်ဆိုင်ရာ ကိစ္စတွေနဲ့ အဓိက ရင်ဆိုင်ခဲ့ကြရတာ ဖြစ်ပါတယ်။ နောက်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေလိုပဲ အလွန်ရှင်းပါတယ်။ အဓိကကျတဲ့မေးခွန်းက ဘာလဲဆိုတော့ အမေရိကန်တွေဟာ တန်းတူညီမျှတဲ့ အခွင့်အရေး၊ တန်းတူညီမျှ လုပ်ပိုင်ခွင့်တွေ ရကြတော့မလား ဆိုတာပါပဲ။”

သမ္မတကနေဒီရဲ့ ထူးခြားတဲ့အောင်မြင်မှုတွေအနက် နောက်တစ်ခုကတော့ Peace Corps လို့ခေါ်တဲ့ ဆယ်စုနှစ်နဲ့ချီပြီး ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ သွားရောက် အမှုထမ်းဆောင်တဲ့ အမေရိကန်လူငယ်တွေရဲ့ စေတနာ့ဝန်ထမ်း အဖွဲ့အစည်းကြီးကို မတည်ခဲ့တာပဲ ဖြစ်ပါတယ်။ ၁၉၆၁ ခု ဇန်နဝါရီလက သူ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုတဲ့ အခမ်းအနားမိန့်ခွန်းမှာ ထိုစဉ်က သမ္မတ ဂျွန်အက်ဖ်ကနေဒီက

“အမေရိကန်နိုင်ငံသားတွေကို ကျနော် ပြောချင်တာက ကိုယ့်နိုင်ငံက ကိုယ့်အတွက် ဘာလုပ်ပေးနိုင်မလဲလို့ မေးမယ့်အစား ကိုယ်က ကိုယ့်နိုင်ငံအတွက် ဘာလုပ်ပေးရမလဲ ဆိုတာကို မေးဖို့ ဖြစ်ပါတယ်။”

သမ္မတကနေဒီရဲ့ အခုလို ပြောကြားခဲ့တဲ့ အမှာစကားကြောင့် Peace Corps လူငယ် စေတနာ့ဝန်ထမ်းအဖွဲ့ကြီး စတင် သန္ဓေတည်လာခဲ့တာ ဖြစ်ပါတယ်။ သမ္မတကနေဒီရဲ့ အခုလို အမှတ်ရစရာ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ ပင်ဆဲလ်ဗေးနီးယားမှာ နေထိုင်တဲ့ သမိုင်းသုတေသီ ဒေါ်ဖြူဖြူ က အခုလို ပြောပါတယ်။

“သမ္မတကနေဒီက အသက်ငယ်ငယ်လေးနဲ့ လုပ်ကြံခံရတယ်ပေါ့နော်။ အခုထက်ထိ အမေရိကန် ပြည်သူလူထုတင် မကဘူး။ ကမ္ဘာတဝှမ်းက ရှိတဲ့လူတိုင်းကလည်း သူ့နာမည်ကို ကြားလိုက်တယ်ဆိုရင်ပဲ သူပြောခဲ့တဲ့စကားတွေကို အမြဲပဲ မှတ်မိသေးတယ်။ သူ့ရဲ့ကျမ်းသစ္စာဆိုပွဲမှာ အမေရိကန် ပြည်သူလူထုကို ဘာပြောလဲဆိုတော့ အမေရိကန်နိုင်ငံက အမေရိကန် ပြည်သူလူထုတွေအတွက် ဘာလုပ်ပေးမလဲ မေးတာထက် အမေရိကန် ပြည်သူလူထုက ပြည်သူအတွက် ဘာလုပ်ပေးရမလဲ ဆိုတာမျိုး မေးခွန်း ကိုယ့်ကိုယ်ကို ပြန်ထုတ်သင့်တယ်လို့ သူက ပြောတယ်ပေါ့လေ။”

“နောက် ကမ္ဘာနဲ့ယှဉ်ပြီး သူက ဘာပြောသလဲဆိုတော့ အမေရိကန်နိုင်ငံကနေပြီး တော့ ကမ္ဘာအတွက် ဦးဆောင်ပြီး ဘာလုပ်ပေးမလဲ မေးတာထက် အမေရိကန်နိုင်ငံနဲ့အတူ ကမ္ဘာအသိုင်းအဝိုင်းမှာရှိတဲ့ နိုင်ငံတွေက အတူတကွ ပူးပေါင်းပြီးတော့ နိုင်ငံတိုင်း၊ နိုင်ငံတိုင်းမှာ ရှိတဲ့လူတွေရဲ့ လွတ်လပ်မှုအတွက်ကို ဘယ်လိုလုပ်ကြမလဲ၊ အဲဒါကို မေးခွန်းမေးသင့်တယ်တဲ့။ အဲဒါလေးက သမိုင်းတွင်ရစ်မယ့် စကားလေးတစ်ခု ဖြစ်ပါတယ်ပေါ့နော်။

“သူ့လက်ထက်မှာပေါ့နော် လူငယ်တွေကို နိုင်ငံကို ကိုယ်စားပြုပြီးတော့ လုပ်ပေးနိုင်ဖို့အတွက်ကို အဲဒီ Peace Corps ဆိုပြီး စပြီးတော့ လုပ်ခဲ့တဲ့အတွက်ကြောင့် အမေရိကန်ပြည်ထောင်စုမှာရှိတဲ့ လူငယ်တွေဟာ နောက်ပိုင်းမှာ မဖွံ့ဖြိုးတဲ့ လက်တင်အမေရိကားတို့၊ တောင်အမေရိကတို့ အာဖရိက၊ အေရှားအပိုင်း တချို့နိုင်ငံတွေမှာ သွားပြီး Peace Corps အနေနဲ့သွားပြီး နိုင်ငံတော်ကို ကိုယ်စားပြုပြီး လုပ်ဆောင်ခဲ့တာလည်း တွေ့တယ်ပေါ့နော်။”

တကယ်လို့များ ဂျွန်အက်ဖ်ကနေဒီ သက်ရှိထင်ရှား ရှိခဲ့ဦးမယ်ဆိုရင် ကမ္ဘာကြီးရဲ့ အနေအထားဟာ အခုလက်ရှိ အနေအထားနဲ့ ကွာခြားနေနိုင်တယ်လို့ လူအများက တွေးဆနေကြဆဲပါ။

“ဒါက တကယ့်ကို ဝမ်းနည်းကြေကွဲစရာအဖြစ်ပါ။ ကျမတို့တိုင်းပြည်ဟာ ၁၉၆၃ ခုနှစ်၊ နိုဝင်ဘာလမှာ အများကြီး ဆုံးရှုံးခဲ့ရပြီး ကျမအဖေ လုပ်ကြံခံရချိန်မှာလည်း တကြိမ် ထပ်ပြီးတော့ ဆုံးရှုံးမှု ကြီးမားခဲ့ပါတယ်။ တကယ်လို့များ သူတို့ သက်ရှိထင်ရှား ရှိနေခဲ့ကြမယ်ဆိုရင် ကျမတို့တိုင်းပြည်ဟာ အခုထက် အများကြီး ပိုပြီး ကောင်းနေမှာပဲလို့ တွေးမိပါတယ်။ ကျမက အယူသည်းသူတစ်ယောက်တော့ မဟုတ်ပါဘူး။ အဆိုးတွေကုန်သွားရင် အကောင်းတွေ လာနိုင်တယ်လို့ သိထားပေမဲ့လည်း ကျမတို့တိုင်းပြည်မှာ ထိခိုက်နာကျင်ရမှုတွေ အများကြီးဖြစ်လာခဲ့ပြီး အဆိုးတွေကို အများကြီး ကြုံတွေ့ခဲ့ကြရပါတယ်။”

သမ္မတ ဂျွန်ကနေဒီရဲ့ ပြောစကားတွေဟာ အခုချိန်ထိ ပဲ့တင်ရိုက်ခတ်နေဆဲဖြစ် ပြီး ကမ္ဘာကြီးကို ပိုပြီး သာယာလှပအောင် အားထုတ်ကြိုးပမ်းမယ့် သူတွေအတွက်လည်း သူဟာ မီးရှူးတန်ဆောင်သဖွယ် ထွန်းလင်းတောက်ပနေ ဆဲဖြစ်ပါတယ်။
XS
SM
MD
LG