အမေရိကန်ပြည်ထောင်စု နဲ့ လူဝင်မှုကြီးကြပ်ရေးသဘောတူညီချက်အသစ်က ရွှေ့ပြောင်းအခြေချနေထိုင်သူတွေရဲ့ လူ့အခွင့်အရေးကို ကာကွယ်ဖို့ နဲ့ အမေရိကန် နဲ့ မက္ကဆီကိုနိုင်ငံကြား ကောင်းမွန်တဲ့ဆက်ဆံရေးကို ဆက်လက်ထိန်းသိမ်းလိုက်နိုင်စေတယ်လို့ မက္ကဆီကို သမ္မတ Andres Lopez Obrador က ပြောကြားလိုက်ပါတယ်။ မက္ကဆီကိုသမ္မတ Obrador ဟာ နိုင်ငံမြောက်ပိုင်းက Tijuana မြို့မှာ မနေ့က ပြုလုပ်တဲ့ လူထုစုဝေးမှုအတွင်း အဲဒီလိုပြောလိုက်တာဖြစ်ပါတယ်။
တကယ်လို့ အမေရိကန် နဲ့ မက္ကဆီကို ၂ နိုင်ငံကကိုယ်စားလှယ်တွေ ဝါရှင်တန်မှာ ဆွေးနွေးမှု မအောင်မြင်ခဲ့ရင် သူ့အနေနဲ့ မလုပ်ချင်ပေးမယ့်လည်း အမေရိကန်ကုန်ပစ္စည်းတွေအပေါ်မှာ တန်ပြန်ပြီးတော့ သွင်းကုန်ခွန်တွေကောက်ဖို့အတွက် ပြင်ဆင်ခဲ့ရတယ်လို့ Lopez Obrador က ပြောပါတယ်။ အလွန်ကိုခက်ခဲတဲ့အခြေအနေအောက်မှာ အခုလို အရေးပါတဲ့ သဘောတူညီမှုကိုရခဲ့တဲ့အတွက် သူတို့အောင်ပွဲခံခဲ့ကြတယ်လို့ သမ္မတ Obrador က ပြောပါတယ်။
ဒီသဘောတူညီချက်အရ၊ မက္ကဆီကိုက နိုင်ငံရေးခိုလှုံခွင့်လျှောက်ထားတဲ့သူတွေကို အမေရိကန်က ပြန်ပို့တဲ့ ၂ နိုင်ငံ နယ်စပ်တလျှောက်မှာ လုံခြုံရေးတွေ တိုးမြှင့်ချထားဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။ မက္ကဆီကိုနိုင်ငံထဲမှာ ဆက်ပြီးရှိနေဖို့ ဆိုတဲ့ ဒီအစီအစဉ်ကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ကတည်းက နယ်စပ်မြို့တွေဖြစ်တဲ့ Tijuana, Mexicali နဲ့ Ciudad Juarez မြို့တွေမှာ လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် မက္ကဆီကိုအနေနဲ့ ဂွါတီမာလာနဲ့ ထိစပ်နေတဲ့ သူတို့နိုင်ငံတောင်ပိုင်းနယ်စပ်ကိုလည်း နိုင်ငံတော်အရံတပ်ဖွဲ့ထောင်နဲ့ချီပြီး စေလွှတ်သွားမှာဖြစ်ပါတယ်။ အမေရိကန် နဲ့ မက္ကဆီကို ၂ နိုင်ငံကြား ဝါရှင်တန်မှာ ၃ ရက်ကြာ ဆွေးနွေးပြီးတဲ့နောက် အခုလို ၂ နိုင်ငံကြားသဘောတူညီချက်ကို သောကြာနေ့က လက်မှတ်ရေးထိုးခဲ့ကြတာဖြစ်ပါတယ်။