သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူ့အခွင့်အရေး ကျဆင်းလာမှု MHRC လက်ခံ


ရှမ်းစစ်ပြေးဒုက္ခသည်များ (၂၀၁၆-နိုဝင်ဘာ)

မြန်မာနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်း လူ့အခွင့်အရေးချိုးဖောက်မှုနှုန်းဟာ အရင်နှစ်ကထက် စာရင် နှစ်ဆနီးပါး မြင့်တက်သွားတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ထုတ်ပြန်လိုက်တဲ့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)ရဲ့အစီရင်ခံစာ မှာဖေါ်ပြထားပါတယ်။ လူမှုရေးနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ၊ ပဋိပက္ခဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေမှာ ဆက်ပြီးဖြစ်နေတဲ့ တိုက်ပွဲတွေ စတဲ့ အကြောင်းအမျိုးမျိုးကြောင့် လူ့အခွင့်အရေးချိုးဖောက်မှုတွေ ပိုပြီးများလာတာဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဘက်ကလည်း သုံးသပ်ပါတယ်။ အပြည့်အစုံကို မအင်ကြင်းနိုင်က ဆက်ပြီးပြောပြမှာပါ။

၂၀၁၅ ခုနှစ် မှတ်တမ်းအရ လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ မှုရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်အတွင်း တိုင်းနဲ့ ပြည်နယ် ဆယ်ခုအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၅၄ မှုအထိရှိလာကြောင်း လူ့အခွင့်အရေးမှတ်တမ်း ကွန်ယက်-မြန်မာနိုင်ငံ ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

တိုက်ပွဲတွေဖြစ်နေတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ မြန်မာ တပ်မတော်ဘက်က ကျူးလွန်မှုတွေ ပိုပြီးများပြားကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)ရဲ့ စီမံအဖွဲ့ဝင် မမွန်းနေလီက ပြောပါတယ်။

" များသောအားဖြင့် စစ်တပ်ဘက်က ကျူးလွန်တာ အများဆုံးဖြစ်တယ်။ အဲ့ဒီ့အထဲမှာမှ ပြည်သူ့စစ်တွေ နောက် ရဲတွေပေါ့ ကျူးလွန်တာတွေရှိပါတယ်။ ပြီးလို့ရှိရင် လက်နက်ကိုင်အဖွဲ့တွေပေါ့နော် ရှမ်းပြည်ဘက်မှာ ဆိုရင်လည်း လက်နက်ကိုင်အဖွဲ့တွေက ချိုးဖောက်တဲ့ကိစ္စတွေလည်း အဲ့လိုမျိုးတွေ တွေ့ရပါတယ်။"

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးရဟာ သူတို့လိုချင်တဲ့ ဒီမိုကရေစီအစိုးရလို့ ပြောလို့ရပေမဲ့ အဟန့်အတားတွေ အများကြီးရှိနေတဲ့အပေါ်မှာ လူ့အခွင့်အရေး အခြေအနေ တိုးတက်လာ အောင် ဆောင်ရွက်နိုင်ခဲ့ခြင်း မရှိဘူးလို့ မမွန်းနေလီက ပြောပါတယ်။

ND- Burma ရဲ့ အစီရင်ခံစာပါ အချက်တွေကို အမျိုးသားလူ့အခွင့်အရေးကော်မရှင် ဘက်ကလည်း လေ့လာနေကြောင်း အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။ ဒါပေမယ့် လူ့အခွင့်အရေး ချိုးဖောက်မှု ပိုပြီးများလာတဲ့ အချက်ကိုတော့ သူတို့ လက်ခံကြောင်းနဲ့ လူမှုရေးနဲ့ မူးယစ်ဆေးဝါးပြဿနာတွေ၊ နှစ်ဘက်တိုက်ပွဲတွေဖြစ်နေတဲ့ ကိစ္စတွေဟာ အဓိကအကြောင်းအရာဖြစ်ကြောင်း သူက အခုလိုသုံးသပ်ပါတယ်။

" လူမှုရေးနဲ့ လူတွေရဲ့ နေထိုင်မှုပုံစံကလည်း တော်တော်လေးပြောင်းလာတဲ့အခါကျတော့ အဲ့ဒီ့မှာလည်း လူမှုရေးဆိုင်ရာပြသနာတွေက တော်တော်လေးများလာတာရှိတယ်။ နောက် မူးယစ်ဆေးဝါးပြသနာကလည်း များလာတဲ့အတွက် ဒီမှာလည်း လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ထိခိုက်မှုတွေကလည်း များလာတယ်။ နောက် တိုင်းရင်းဒေသတွေမှာလည်း တချို့ဒေသတွေမှာ တိုက်ပွဲတွေက ဖြစ်ပွားနေဆဲ ဖြစ်တဲ့ အတွက် တိုက်ပွဲဖြစ်တဲ့နယ်မြေတွေ ပဋိပက္ခဖြစ်တဲ့ နယ်မြေတွေကတော့ သူ့ရဲ့သဘောသဘာဝအရကို လူ့အခွင့်အရေး ထိခိုက်မှုတွေ ဖြစ်တတ်တဲ့သဘောရှိပါတယ်။ ဆိုတော့ ခုနကပြောတဲ့ များလာတယ်ဆိုတဲ့အနေအထားကတော့ အကြောင်းအမျိုးမျိုးကြောင့်သာ သုံးသပ်ရင် ပိုပြီးတော့ သဘာဝကျတယ်လို့ ကျနော်ကမြင်ပါတယ်။ "

တဖက်မှာလည်း NLD အစိုးရလက်ထက် ပွင့်လင်းမြင်သာမှုရှိလာတဲ့အတွက် အာဏာပိုင်တွေဘက်က လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ လာဘ်စားမှုတွေကို လူမှုကွန်ယက်၊ သတင်းမီဒီယာတွေကနေတဆင့် ထုတ်ဖေါ် တင်ပြခွင့်ရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။

ND-Burma က ထုတ်ပြန်တဲ့ အစီရင်ခံစာထဲမှာ စစ်ဘေးဒုက္ခသည်တွေအပေါ် လူသားချင်းစာနာတဲ့ အကူအညီတွေတားဆီးခံရမှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူတာမျိုး မရှိတာ၊ ဖိနှိပ်တဲ့ ဥပဒေပုဒ်မတွေ ဆက်ပြီးရှိနေတာတွေကို အဓိကဝေဖန်ထောက်ပြထားပါတယ်။ ဒါအပြင် လူ့အခွင့် ချိုးဖောက်မှုတွေထဲမှာ ညှဉ်းပန်းနှိပ်စက်မှု ၆၇ ခုနဲ့ သတ်ဖြတ်မှု ၂၈ ခု ပါဝင်ပြီး ကချင်၊ ကရင်၊ မွန်၊ သျှမ်း(ရှမ်း)ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ တနင်္သာရီတိုင်းစတဲ့ တိုင်းဒေသကြီးအတွင်း ချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ ဖေဖေါ်ဝါရီလ(၈)ရက်နေ့စွဲနဲ့ ND-Burma ရဲ့ အစီရင်ခံစာမှာဖေါ်ပြထားပါတယ်။

ဒီအတောအတွင်းမှာပဲ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ မွတ်စလင် ရိုဟင်ဂျာ ကလေးတွေ၊ အမျိုးသမီးတွေနဲ့ အမျိုးသားတွေအပေါ် လုံခြုံရေးတပ်တွေဘက်က ညှမ်းပမ်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ စတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ အစီရင်ခံစာတစောင်လည်း ပြီးခဲ့တဲ့ သတင်းပတ်အတွင်း ထုတ်ပြန်ခဲ့ပါတယ်။

မြန်မာအစိုးရဘက်ကတော့ အဲ့ဒီ့အစီရင်ခံစာမှာပါတဲ့ စွပ်စွဲချက်တွေကို ဒုသမ္မတ ဦးမြင့်ဆွေဦးဆောင်တဲ့ ရခိုင်စုံစမ်းရေးကော်မရှင်က တဆင့် စစ်ဆေးနေကြောင်းနဲ့ ကျူးလွန်ကြောင်း တွေ့ရှိပါက အရေးယူမှာဖြစ်တယ်လို့ ကုလသမဂ္ဂကို တုန့်ပြန်ပြောဆိုထားပါတယ်။

လူ့အခွင့်အရေး ကျဆင်းလာမှု MHRC လက်ခံ
please wait

No media source currently available

0:00 0:03:37 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG