သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လူ့အခွင့်အရေး အခြေအနေ ND-Burma အစီရင်ခံစာ ထုတ်ပြန်


မြန်မာ့လူ့အခွင့်အရေး အခြေအနေ ND-Burma ၂၀၁၆ အစီရင်ခံစာ
မြန်မာ့လူ့အခွင့်အရေး အခြေအနေ ND-Burma ၂၀၁၆ အစီရင်ခံစာ

NLDအစိုးရသစ်လက်ထက်၂၀၁၆ခုနှစ်မှာ မြန်မာနိုင်ငံရဲ့လူ့အခွင့်အရေးအခြေအနေဟာတိုးတက်မှု မရှိလာဘဲ ၂၀၁၅ ခုနှစ်ကထက် လူ့အခွင့်အရေးချိုးဖောက်မှုတိုးမြင့်လာတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)ကနေ ၂၀၁၆ခုနှစ် အစီရင်ခံစာ ထုတ်ပြန်ခဲ့တာပါ။ မြန်မာ့တပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ ပဋိပက္ခဖြစ်ပွါးရာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖောက်မှု ပိုတိုးများနေပြီး လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်တွေမှာ လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ပြစ်မှုတွေပိုများတယ်လို့လဲ လူ့အခွင့်အရေးစောင့်ကြည့် သူတွေကဆိုပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက်နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုဟာ ၂၀၁၆ ခုနှစ်အတွင်း သိသိသာသာ မြှင့်တက်လာတယ်လို့ လူ့အခွင့်အရေးမှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)က ထုတ်ပြန်ခဲ့တာပါ။

အထူးသဖြင့် စစ်မက်ဖြစ်ပွါးရာ ရှမ်းပြည်နယ်နဲ့ ကချင်ပြည်နယ်ဘက်မှာ လူ့အခွင့်အရေး ချိုးဖောက်မှု ပိုတိုးများ လာတယ် လို့ လူ့အခွင့်အရေး မှတ်တမ်းကွန်ယက်-မြန်မာနိုင်ငံ (ND-Burma)ရဲ့ စီမံအဖွဲ့ဝင် မမွန်းနေလီကပြောပါတယ်။

" ၂၀၁၅ မှာ ကျမတို့ လက်လှမ်းမှီသလောက် ပြုစုထားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ ဒီ ၂၀၁၆မှာ ဖြစ်ခဲ့တဲ့ကိစ္စကို နှှိုင်းယှဉ်ကြည့်လိုက်မယ်ဆိုရင် တဝက်လောက် ဆိုးဆိုးရွားရွား တိုးမြင့်လာတာကို တွေ့ရတယ်။ အထူးသဖြင့်တော့ ဒီ စစ်ဖြစ်နေတဲ့ ဒေသ ရှမ်းမြောက်ပိုင်းနဲ့ ကချင်ပြည်နယ်ဘက်က ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေ အများဆုံးဖြစ်တာပေါ့။ ကျမတို့ NLD အစိုးရဖြစ်ပေမဲ့ ကျမတို့လိုချင်တဲ့ ဒီမိုကရေစီအစိုးရလို့ ပြောပေမဲ့ အဟန့်အတားတွေ အများကြီး ရှိနေတဲ့အပေါ်မှာ လူ့အခွင့်အရေးမြှင့်တင်ဖို့ မလုပ်ဆောင်နိုင်ဖူးဆိုတဲ့ အချက်ကိုလည်း ကျမတို့မြင်ရတယ်ပေါ့။"

ယခင် ၂၀၁၅ ခုနှစ် မှတ်တမ်းအရ လူ့အခွင့်အရေးချိုးဖောက်မှု ၈၄ မှုရှိခဲ့ရာကနေ ၂၀၁၆ ခုနှစ်အတွင်း တိုင်းနှင့်ပြည်နယ် ဆယ်ခုအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှုပေါင်း ၁၅၄ မှုအထိရှိလာပြီး ယခင်နှစ်ထက် ချိုးဖောက်မှု နှစ်ဆနီးပါး မြှင့်တက် လာတယ်လို့ မမွန်းနေလီက ဆိုပါတယ်။

လူ့အခွင့်အရေး ချိုးဖောက်မှုဖြစ်စဉ်တွေမှာ လက်နက်ကိုင်အဖွဲ့တွေက ကျူးလွန်တဲ့ပြစ်မှုတွေ ပိုများတယ်လို့ မမွန်းနေလီ က ပြောပါတယ်။

" များသောအားဖြင့် စစ်တပ်ဘက်က ကျူးလွန်တာ အများဆုံးဖြစ်တယ်။ အဲ့ဒီ့အထဲမှာမှ ပြည်သူ့စစ်တွေ နောက် ရဲတွေပေါ့ ကျူးလွန်တာတွေရှိပါတယ်။ ပြီးလို့ရှိရင် လက်နက်ကိုင်အဖွဲ့တွေပေါ့နော် ရှမ်းပြည်ဘက်မှာ ဆိုရင်လည်း လက်နက်ကိုင်အဖွဲ့တွေက ချိုးဖောက်တဲ့ကိစ္စတွေလည်း အဲ့လိုမျိုးတွေ တွေ့ရပါတယ်။"

၂၀၁၆ခုနှစ်အတွင်းရှမ်းပြည်နယ်ဘက်မှာ လူ့အခွင့်အရေးချိုးဖေါက်မှု ခံနေရတဲ့ဖြစ်စဉ်တွေကိုတော့ ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်အဖွဲ့ကပြောရေးဆိုခွင့်ရှိသူ မနန်းလွန်လှိုင်းကအခုလိုပြောပါတယ်။

"အပြစ်မဲ့ပြည်သူတွေကို ဒီအတိုင်း သေနတ်နဲ့ပစ်သတ်တာပေါ့နော်။ ပြည်သူတွေကို လက်နက်ကိုင်အဖွဲ့တွေနဲ့ မှားပြီးတော့မှ အဲ့လိုမျိုး အကြောင်းပြချက်ပေးပြီးတော့မှ ခံနေရတဲ့အဲ့လိုမျိုးတွေလည်း ရှိတယ်။ အရမ်းသိသာလာတာကတော့ တိုက်ပွဲဖြစ်တဲ့ အချိန်အတွင်းမှာ လူတွေနဲ့ လက်နတ်ကိုင်တွေကို သွားတိုက်တဲ့အခါ လက်နက်ကိုင်သူတွေကို မထိပဲနဲ့ ပြည်သူတွေကို သွားထိတာပေါ့နော်။ "

လူ့အခွင့်အရေးချိုးဖောက်မှုမြှင့်တက်လာတဲ့အပေါ် လက်ရှိNLD အစိုးရအနေနဲ့လူ့အခွင့်အရေးကို ပိုပြီးမြှင့်တင်ဖို့နဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လှမ်းနိုင်ရေး လူ့အခွင့်အရေးမြှင့်တင်ရေးနှင့် တရားမျှတမှု ကိုရှာဖွေဖို့အရေးကြီးကြောင်း ကိုလဲ ND-Burma က ထောက်ပြထားပါတယ်။

လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပက်သက်ပြီး လက်ရှိNLDအစိုးရလက်ထက်မှာ ပွင့်လင်းမြင်သာမှုရှိလာတဲ့အတွက် လူမှု ကွန်ယက် သတင်းမီဒီယာတွေကနေ တဆင့် ပြည်သူတွေပိုသိလာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ရဲ့ ညွှန်ကြားရေး မှူး စောအဲလ်ဘတ်ကဆိုပါတယ်။

"ပွင့်လင်းလာတဲ့အခြေအနေမှာ လူတွေနဲ့ မီဒီယာ ပူးပေါင်းလိုက်တဲ့အခါမှာ ဖြစ်လာပြီဆိုရင် ချက်ခြင်း ချက်ခြင်း သိရတာပေါ့နော်။ အရင်တုန်းကဆိုရင် အဲ့လိုမျိုး ချက်ခြင်း၊ ချက်ခြင်း မသိရဘူးပေါ့နော်။ "

ND-Burmaရဲ့အစီရင်ခံစာမှာ တိုင်းရင်းသားလက်နက်ကိုင်အင်အားစုတွေနဲ့တပ်မတော်တို့ အကြားဖြစ် ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေ စစ်ဘေးရှောင်တွေအပေါ် လူသားချင်းစာနာတဲ့ အကူအညီတွေတားဆီးခံရမှုတွေ လူ့အခွင့်အရေးချိုးဖောက်သူတွေကို အပြစ်ပေးအရေးယူမှုမရှိခြင်း တရားမျှတမှုမရှိခြင်း၊ တိုင်းရင်းသားပြည်သူ လူထု တွေအပေါ် ဖိနှိပ်တဲ့တရားဥပဒေပုဒ်မတွေကို အဓိကဝေဖန်ထောက်ပြထားပါတယ်။

ND-Burma ရဲ့အစီရင်ခံစာပါ လူ့အခွင့်အရေးချိုးဖောက်မှု အမျိုးအစားတွေမှာ သတ်ဖြတ်ခြင်း၊ မတရားဖမ်းဆီးထိန်းသိမ်း ချုပ်နှောင်မှုလူကုန်ကူးမှု လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အတင်းအဓမ္မပြုကျင့်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ကလေးစစ် သား အသုံးပြုခြင်းနှင့် မတရားအခွန်ကောက်ခြင်းတို့ ပါဝင် ပါတယ်။

အဆိုပါ ချိုးဖောက်မှုတွေအနက်က ညှဉ်းပန်းနှိပ်စက်မှု ၆၇ ခုနှင့် သတ်ဖြတ်မှုမှာ ၂၈ ခု ဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ကချင်၊ ကရင်၊ မွန်၊ သျှမ်း(ရှမ်း)ပြည်နယ်၊ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ မကွေး၊ တနင်္သာရီတိုင်းစတဲ့ တိုင်းဒေသကြီးအတွင်း ကချိုးဖောက်မှုတွေကို မှတ်တမ်းတင်ထားတယ်လို့ ဖေဖေါ်ဝါရီလ(၈)ရက်နေ့စွဲနဲ့ ND-Burma က အစီရင်ခံစာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG