သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လက်ထောက် ဝန်ကြီး ၈၈ ခေါင်းဆောင်တွေနဲ့တွေ့


အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael Posner
အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး Michael Posner
မြန်မာ လူ့အခွင့်အရေးကိစ္စတွေအပါအဝင် ပြုပြင်ပြောင်းလဲရေးအတွက် အဟန့်အတားဖြစ်နေ တဲ့ ပြဿနာတွေ ဖြေရှင်းနိုင်ဖို့ ကျယ်ကျယ် ပြန့်ပြန့် ဆွေးနွေးကြဖို့အတွက် မြန်မာနိုင်ငံကို ရောက်နေ တဲ့ အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မိုက်ကယ် ပေါ့စ်နာ (Michael Posner) နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဝင် တချို့ဟာ မနေ့က ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ တွေ့ဆုံခဲ့ကြပါတယ်။ အဲဒီလို တွေ့ဆုံရာမှာ ဘာတွေ ဆွေးနွေးခဲ့ကြလဲဆိုတာကို မမိုးဖြူက တင်ပြပေးထားပါတယ်။

မြန်မာနဲ့အမေရိကန် ဆက်ဆံရေးလမ်းပွင့်လာတဲ့အချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ်နဲ့ မြန်မာနိုင်ငံ ထဲမှာ လူ့အခွင့်အရေးကိစ္စတွေကို ထိထိ ရောက်ရောက် ဆွေးနွေးဖို့အတွက် အမေရိကန်အစိုးရ ဒီမိုကရေစီ၊ လူ့အခွင့်အရေးနဲ့ အလုပ်သမားရေးရာ အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ်စနာက ဦးဆောင်ပြီး သမ္မတအိမ်ဖြူတော်နဲ့ ဒု သမ္မတရုံးကေ အကြီးတန်း အရာရှိတွေ၊ အမျိုးသား လုံခြုံရေးဌာန၊ အမိမြေ လုံခြုံရေးဌာနက တာဝန်ရှိသူတွေ၊ အမေရိကန် အကူအညီပေးရေး အဖွဲ့ USAID စတဲ့ အဖွဲ့အစည်းတွေက ပုဂ္ဂိုလ်တွေ အပြင် အမေရိကန် ကာကွယ်ရေးဌာနက ထိပ်တန်း အရာရှိတွေပါတဲ့ အမေရိကန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ မြန်မာနိုင်ငံကို ရောက်နေပါ တယ်။

ဒီ်အဖွဲ့ဟာ မြန်မာအစိုးရ တာဝန်ရှိသူတွေနဲ့ ဆက်တိုက် တွေ့ဆုံသွားမှာဖြစ်သလို တရားဥပဒေ စိုးမိုးမှု က စလို့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဆိုင်ရာကိစ္စတွေ၊ သတင်းနဲ့ ဘာသာရေးလွတ်လပ်ခွင့်၊ နိုင်ငံရေး အကျဉ်းသား စတဲ့ လူ့အခွင့်အရေးနဲ့ သက်ဆိုင်တဲ့ အကြောင်းအရာတွေ အများအပြားကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အောက်တိုဘာ လ ၁၅ ရက်နေ့ ညနေပိုင်းမှာတော့ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး မိုက်ကယ် ပေါ်စနာနဲ့ အဖွဲ့ဝင်တချို့ဟာ ကိုမင်းကိုနိုင်၊ ကိုဌေးကြွယ်၊ ကိုဂျင်မီ၊ ကိုပြုံးချိုတို့ပါဝင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့နဲ့ တွေ့ဆုံခဲ့ပါတယ်။ နှစ်နာရီလောက် ကြာအောင် ပွင့်ပွင့် လင်းလင်း ဆွေးနွေးကြတဲ့အထဲမှာ အဓိက ဘာတွေပါဝင်လဲဆိုတာ ကိုပြုံးချိုက အခုလိုပြောပြပါတယ်။

“အဓိကအကြောင်းအရာတွေကတော့ သူတို့အဖွဲ့ နောက်တနေ့မှာ နေပြည်တော်ကို ရောက်ပြီးတော့ အစိုးရအဆင့်မြင့် အရာရှိတွေနဲ့ တွေ့ဆုံတဲ့ အခါမှာ ဘယ်လို အချက်အလက်တွေကို အဓိကဆွေးနွေးသင့်တယ်ဆိုတာ အကြံဉာဏ်ပေးဖို့နဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး အခြေအနေတွေကို ဒေါင့်စုံကနေ သူတို့ လေ့လာနေတယ်၊ အဲဒီအချက်အလက်တွေနဲ့ ပတ်သက်ပြီး သိရှိအောင် ကျနော်တို့နဲ့ ဆွေးနွေးခဲ့ပါတယ်။ ကျနော်တို့ကတော့ ကျန်နေသေးတဲ့ နိုင်ငံရေး အကျဉ်းသားတွေ အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်နိုင်ရေး၊ ပြည်ပရောက်နေ တဲ့ မြန်မာနိုင်ငံသားတွေ ဂုဏ်သိက္ခာရှိရှိနဲ့ ပြန်လာနိုင်ရေး၊ နောက်ပြီးတော့ အရေးတကြီး လိုအပ်နေတဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ဖြေရှင်းမှု နည်းလမ်းတွေကို နှစ်ဘက် ညှိနှိုင်းပြီးတော့ ကောင်းမွန်တဲ့ နည်းလမ်းတွေ ရှာဖွေနိုင်ရေးအတွက်ကို ဆွေးနွေးခဲ့ကြပါတယ်။”

လက်ရှိ နိုင်ငံရေးအခြေအနေတွေထဲက မေးခွန်းထုတ်စရာရှိနေတဲ့ အချက်တွေနဲ့ ဖြေရှင်းဖို့ ကြိုးစားနေပုံတွေကိုလည်း သူက ဆက်ရှင်းပြပါတယ်။

“မြန်မာနိုင်ငံမှာ ငြိမ်းချမ်းရေးက မေးခွန်းထုတ်စရာတွေ အများကြီး ရှိနေသေးတယ်။ လောလော ဆယ်မှာ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေရှိတဲ့ အတွက် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက် မှုနဲ့ ပြုပြင်ပြောင်းလဲရေးတွေကို စဉ်ဆက်မပြတ်လုပ်နိုင်ဖို့အတွက် ငြိမ်းချမ်းရေးဆိုင်ရာကိစ္စတွေကို အမြန်ဆုံး အရေးတကြီး ဖြေရှင်းသင့်တယ်ဆိုတာ သူတို့အနေနဲ့လည်း လက်ခံတယ်၊ လက်ရှိ အခက်အခဲတွေ ကို ကျော်လွှားနိုင်ဖို့နဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ဘယ်လိုနည်းလမ်းနဲ့ ချဉ်းကပ်သင့်သလဲ၊ ဘယ်လိုမျိုး အကူအညီပေးနိုင်မလဲ၊ အခက်အခဲတွေ အဟန့်အတားတွေ၊ ငြိမ်းချမ်းရေးမရနိုင်တဲ့ အတားအဆီးတွေက ဘာတွေလဲဆိုတာတွေကို သူတို့အနေနဲ့ ဒီမှာ လေ့လာဆန်းစစ်နေတဲ့အတွက် ကျနော်တို့ရဲ့ အမြင်တွေကိုလည်း ရအောင် သူတို့ ကြိုးပမ်းခဲ့ကြပါတယ်။”

မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးရေးမှာ အဟန့်အတားဖြစ်နေတဲ့ ပြဿနာတွေကို ဖြေရှင်းတဲ့နေရာမှာ လူထုအခြေပြု လူ့အဖွဲ့အစည်းတွေနဲ့အတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေက အမေရိကန်အပါအဝင် နိုင်ငံတကာနဲ့ လက်တွဲဆောင်ရွက်နိုင်တဲ့အကြောင်းကို ကိုပြုံးချိုက တဆက်တည်း ပြောပြပါတယ်။

“ကျနော်တို့အနေနဲ့လည်း ငြိမ်းချမ်းရေးကိစ္စကိုသာမက ကျန်တဲ့ကိစ္စတွေအားလုံးကို ဖြေရှင်းနိုင်ဖို့ တတ်နိုင်တဲ့အကူအညီတွေ ပေးဖို့ကို ကျနော်တို့ ကြိုးပမ်းဆောင်ရွက်နေတယ်၊ ထိတွေ့ ဆက်ဆံ သင့်တဲ့ ပြုပြင်ရေးသမားတွေနဲ့လည်း ထိတွေ့ဆက်ဆံနေသလို တဘက်က တိုင်းရင်းသား အဖွဲ့ အစည်းတွေက နေပြီးတော့ အရေးပါတဲ့ ခေါင်းဆောင်ပိုင်းတွေနဲ့လည်း ဒီကိစ္စတွေဖြေရှင်းနိုင်ဖို့ နည်းလမ်းတွေကို ကျနော်တို့ ရှာဖွေနေတယ်။ လိုအပ်ရင် လိုအပ်သလို ကူညီမှုတွေကို ကျနော်တို့ လုပ်ပေးနိုင်တယ်။ အဲဒီတော့ ကျနော်တို့အပြင်ကို အခု အမေရိကန်နိုင်ငံလို အစိုးရအဖွဲ့က နေပြီးတော့ ဒီကိစ္စကို စိတ်ဝင်တစား ဆောင်ရွက်နေတဲ့အတွက် သူတို့နဲ့ ကျနော်တို့ အပြန်အလှန်နားလည်မှုနဲ့ အချက်အလက်တွေ မျှဝေနိုင် အောင်အတွက်၊ ဒီကိစ္စကို တွန်းအားရှိရှိနဲ့ ဆောင်ရွက်နိုင်ဖို့အတွက် တိုက်တွန်းခဲ့တာတော့ ရှိပါတယ်။

ကျနော်တို့ ဆွေးနွေးခဲ့တဲ့ အချက်အလက်တွေကတော့ အင်မတန် ကျယ်ပြန့်ပါတယ်။ လယ်သမားရေးရာကိစ္စရော၊ အလုပ်သမားရေးရာ ကိစ္စရော၊ လူ့အခွင့်အရေးချိုးဖောက်မှုဆိုင်ရာ ကိစ္စတွေရော၊ လောလောဆယ် နိုင်ငံမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေ၊ လာမယ့် ၂၀၁၅ မှာ ရွေးကောက်ပွဲ အခြေအနေတွေ ဘယ်လို ဖြတ်သန်းကြမလဲ၊ ကျနော်တို့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အခန်းကဏ္ဍက ဘယ်လို ဖြစ်လာနိုင်သလဲဆိုတဲ့ အချက်တွေကိုပါ ကျနော်တို့ ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ပါတယ်။”

၂၀၁၅ ခုနှစ်၊ မြန်မာ့ နိုင်ငံရေးအနာဂတ်နဲ့ပတ်သက်လို့ ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အမြင်နဲ့ ပြင်ဆင်မှု ဘယ်လိုရှိသလဲ ဆိုတဲ့အမေးကိုတော့ သူက အခုလိုဖြေပါတယ်။

“ကျနော်တို့က ဖြစ်လာနိုင်တဲ့နည်းလမ်းတွေကို စဉ်းစားထားရမှာ ရှိပါတယ်။ သို့သော်လည်းပဲ လောလောဆယ်မှာ အရေးတကြီး အာရုံစိုက်ရမယ့် နယ်ပယ်ကိုပဲ အလေးထားနေတဲ့အကြောင်း ဆွေးနွေးခဲ့ပါတယ်။”

အမေရိကန်ပြည်ထောင်စုက မြန်မာ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ အသိအမှတ်ပြုတဲ့ အနေနဲ့ သာမက ဒီ အပြောင်းအလဲတွေ အရှိန်အဟုန်နဲ့ ရှေ့ဆက်နိုင်ဖို့ အားပေးတဲ့အနေနဲ့ပါ တဘက်က မြန်မာ အပေါ်ထားရှိတဲ့ ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ပေါ့ ပေးခဲ့သလို တဘက်မှာလည်း လူ့အခွင့်အရေးအပါအဝင် အပြောင်းအလဲလုပ်ရမယ့် ကိစ္စတွေကို သက်ဆိုင်ရာ အစိုးရထိပ်တန်း အရာရှိတွေရဲ့ ခရီးစဉ်တွေနဲ့ ဆက်တိုက်ဆိုသလို ဆွေးနွေးအားပေးမှုတွေ လုပ်နေတာပါ။ အာရှငါးနိုင်ငံ ခရီးထွက်နေတဲ့ အမေရိကန် ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး William Burns ကလည်း ဒီသတင်းပတ်ထဲမှာပဲ မြန်မာနိုင်ငံကို လာပြီး အောက်တိုဘာလ ၁၈ ရက်နေ့ ကျရင် နေပြည်တော်မှာ မြန်မာ သမ္မတ ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့ကိုလည်း တွေ့ဆုံမှာဖြစ်ပါတယ်။
XS
SM
MD
LG