သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

" မြန်မာနိုင်ငံတွင်းလူလတ်တန်းစားပျောက်ကွက်လာ" UNDP အစီရင်ခံစာ


ရန်ကုန် ကျူးကျော်တဲများ
ရန်ကုန် ကျူးကျော်တဲများ

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ စစ်အာဏာသိမ်း (၃) နှစ်အတွင်း မလုံခြုံမှု၊ စစ်ပွဲ ပဋိပက္ခတွေနဲ့ ဆိုးရွားတဲ့ စီးပွားရေးအကျပ်အတည်းကြားမှာ လူလတ်တန်းစား အရေအတွက်ဟာ ၅၀ ရာခိုင်နှုန်း ကျဆင်းသွားပြီး ဆင်းရဲမွဲတေမှု မြင့်တက်လာနေတယ်လို့ ဧပြီလ (၁၁) ရက်၊ ကြာသပတေးနေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂ ဖွံ့ဖြိုးမှုရေး အစီအစဥ် (UNDP) အစီရင်ခံစာသစ်မှာ ဖော်ပြထားပါတယ်။ လူလတ်တန်းစား ပျောက်ကွယ်လာနေပြီး အမျိုးသမီးနဲ့ ကလေးငယ်တွေ အထိခိုက်ဆုံးဖြစ်ကာ နိုင်ငံတကာ အနေနဲ့အလျင်အမြန် ကူညီကြဖို့ ကုလသမဂ္ဂက တိုက်တွန်းထားပါတယ်။

“ကိန်းဂဏန်းအသစ်တွေအရ မြန်မာနိုင်ငံရဲ့ လူဦးရေရဲ့ ၂၅ ရာခိုင်နှုန်းအောက်ကပဲ ဆင်းရဲမွဲတေမှုမျဉ်း အထက်မှာနေနိုင်ရုံ တည်ငြိမ်တဲ့ ၀င်ငွေရရှိနေပါတယ်။ ငွေကြေး၊ စားနပ်ရိက္ခာနဲ့ အခြေခံဝန်ဆောင်မှုတွေ အလျင်အမြန် ထောက်ပံ့မပေးနိုင်ရင် ဒီအားနည်းချက်ဟာ ဆက်လက်ကြီးထွားလာမှာ ဖြစ်သလို သက်ရောက်မှုတွေဟာ နောင်မျိုးဆက်တွေ အထိ ခံစားလာရလိမ့်မယ်” လို့ UNDP အုပ်ချုပ်ရေးမှူး Achim Steiner က ပြောပါတယ်။

"ဆင်းရဲမွဲတေမှုနဲ့ အိမ်ထောင်စုတွေရဲ့ စီးပွားရေး၊ မြန်မာနိုင်ငံမှာ ကွယ်ပျောက်လာနေတဲ့ လူလတ်တန်းစားတခု" ခေါင်းစဉ်တပ်ထားတဲ့ အစီရင်ခံစာထဲမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေရဲ့ (၇၆) ရာခိုင်နှုန်း အနိမ့်ဆုံးအဆင့် စားဝတ်နေရေး အခြေအနေ မသေရုံတမယ် အခြေအနေမျိုးအောက်မှာ ဒါမှမဟုတ် အဲဒီလိုမျိုးဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရတယ်လို့ ဆိုပါတယ်။ ဆင်းရဲမွဲတေမှုနှုန်းကလည်း ၂၀၁၇ ခုနှစ်မှာ ၂၄.၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၄၉.၇ ရာခိုင်နှုန်းအထိ နှစ်ဆနီးပါး တိုးလာခဲ့ပြီး ဒါဟာလူဦးရေရဲ့ ထက်ဝက်နီးပါးရှိပါတယ်။ နောက်ထပ် ၂၅ ရာခိုင်နှုန်းက ကလည်းအလွန်အမင်း ကျပ်တည်းပြီး အန္တရာယ်ရှိတဲ့ အခြေအနေအောက်မှာ ရှိနေတယ်လို့ ဆိုပါတယ်။ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတွေလည်း ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

လူဦးရေရဲ့ ၂၀% ကသာ ပိုင်ဆိုင်မှုနဲ့ တိုင်းတာပြီး တဦးချင်းဝင်ငွေ ပိုမြင့်မားကြောင်း ပြောပါတယ်။ ဒါပေမယ့် ဒီဝင်ငွေဟာလည်း လူလတ်တန်းစားတွေရဲ့ လူနေမှုအဆင့်အတန်းအတွက် လိုအပ်တဲ့ ပမာဏထက် အဆမတန် နိမ့်ကျနေပါသေးတယ်။

မြန်မာနိုင်ငံက အိမ်ထောင်စုတွေရဲ့ ထက်ဝက်ဟာ ဒုတိယ ၀င်ငွေရတဲ့ ရင်းမြစ်မရှိဖြစ်နေသလို အမျိုးသမီးတွေ ဦးဆောင်အိမ်ထောင်စုတွေဟာ အမျိုးသား ဦးဆောင်တဲ့ အိမ်ထောင်စုတွေနဲ့ ယှဥ်ရင် ဆင်းရဲနွမ်းပါးမှုက ၁.၂ ဆ ပိုများတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု (FDI) ကတိကဝတ်တွေဟာလည်း ၂၀၂၁ ခုနှစ်မှာ အမေရိကန်ဒေါ်လာ ၂ ဘီလျံ အောက်ကို ကျဆင်းသွားခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် တုန်းကဆိုရင် FDI က ၅ ဘီလျံ ထက်မှာ ရှိပါတယ်။

နိုင်ငံတဝန်း ဆင်းရဲမွဲတေမှုက ကျယ်ပြန့်နေပြီး ကယားပြည်နယ်မှာ ဝင်ငွေကျဆင်းမှု ကြုံတွေ့နေရတဲ့ အိမ်ထောင်စုဝင်က အမြင့်ဆုံး ဖြစ်နေပြီး ၅၀ ရာခိုင်နှုန်း ရှိပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီးနဲ့ ရခိုင်ပြည်နယ်တွေမှာ လည်း ဝင်ငွေ ကျဆင်းခဲ့ပြီး ၄၀ ရာခိုင်နှုန်း၊ ၃၇ ရာခိုင်နှုန်းနဲ့ ၃၆ ရာခိုင်နှုန်း အသီးသီး ကျဆင်းသွားကြောင်း ကုလသမဂ္ဂ မှတ်တမ်းမှာ ဖော်ပြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG