သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှေ့အလယ်ပိုင်းတင်းမာမှု အန္တရာယ်ကြီးလာဟု ကုလအတွင်းရေးမှူးချုပ် သတိပေး


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres

အစ္စရေးရဲ့ပစ်မှတ်ထားတိုက်ခိုက်မှုအတွင်း လက်ဘနွန်နိုင်ငံ ဘေရွက်မြို့မှာ ဟက်ဇ်ဘိုတပ်မှူးတဦးသေဆုံးခဲ့တာနဲ့ အီရန်မှာ ဟာမတ်စ်နိုင်ငံရေးခေါင်းဆောင်တဦး လုပ်ကြံခံရတာတွေကြောင့် အရှေ့အလယ်ပိုင်းဒေသမှာ တင်းမာမှုတွေ အန္တရာယ်ကြီးကြီး တိုးမြင့်လာတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Antonio Guterres က သတိပေးလိုက်ပါတယ်။

၁၀ လနီးပါးကြာ ဂါဇာဒေသက အစ္စရေး-ဟာမတ်စ်တိုက်ပွဲတွေ အပစ်အခတ်ရပ်စဲရေးနဲ့ ပါလက်စတိုင်းတွေကို လူသားချင်းစာနာကူညီမှု တိုးမြှင့်ပေးနိုင်ဖို့ အားလုံးက ကြိုးစားနေကြချိန်မှာပဲ ဒီ ရည်မှန်းချက်တွေကို အနှောင့်အယှက်ဖြစ်စေမယ့် ကြိုးပမ်းအားထုတ်မှုတွေ ဖြစ်လာရတယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ ဖြစ်ရပ်မှာ ပတ်သက်သူအားလုံးအနေနဲ့ အမြင့်ဆုံး ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းသလိုပဲ အခုလို အထိအရှမခံတဲ့အခြေအနေမှာ ထိန်းထိန်းသိမ်းသိမ်း‌ဆောင်ရွက်ရုံနဲ့လည်း မလုံလောက်ဘူးလို့ ကုလ အတွင်းရေးမှူးချုပ်က ပြောပါတယ်။

အရှေ့အလယ်ပိုင်းဒေသတခုလုံး ချောက်ထဲတွန်းပို့မယ့်လုပ်ရပ်တိုင်းကို နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အရေးတကြီး ပူးပေါင်းဟန့်တားရမယ်လို့လည်း သတိပေးပါတယ်။

အစ္စရေးဟာ ဟက်ဇ်ဘိုလာ ထိပ်တန်းတပ်မှူး Fouad Shukur ကိုပစ်မှတ်ထားပြီး အင်္ဂါနေ့က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့ လူဦးရေထူထပ်တဲ့လမ်းပေါက် အဆောက်အဦးတခုကို လေကြောင်းတိုက်ခိုက်ခဲ့ပါတယ်။ အစ္စရေးထိန်းချုပ်ရာ ဂိုလန်ကုန်းမြင့်က ဘောလုံးကွင်းတခုကို လက်ဘနွန်ဘက်က ဒုံးကျည်နဲ့တိုက်ခိုက်ခဲ့တာကြောင့် ကလေးနဲ့ ဆယ်ကျော်သက်အရွယ် ၁၂ ဦး ပြီးခဲ့တဲ့အပတ်က သေဆုံးခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုမှာ Shukur တာဝန်ရှိတယ်လို့ အစ္စရေးဘက်က ပြောပါတယ်။ အဲဒီနောက် နာရီပိုင်းအတွင်းမှာပဲ ဟာမတ်စ် နိုင်ငံရေးခေါင်းဆောင် Ismail Haniyeh ကို အစ္စရေးက အီရန်နိုင်ငံအတွင်းမှာ လုပ်ကြံသတ်ဖြတ်လိုက်တယ်လို့ ဟာမတ်စ်ကကြေညာပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG