သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ပရောက် မြန်မာနိုင်ငံသားတွေ အိမ်ပြန်နိုင်မယ့် အလားအလာ


ထိုင်း-မြန်မာနယ်စပ်။
ထိုင်း-မြန်မာနယ်စပ်။

(မူလသတင်းမှာ အချက်အလက် အမှားအယွင်းတချို့ ပါဝင်ခဲ့တဲ့အတွက် ပြန်လည်ပြင်ဆင် ဖော်ပြလိုက်ပါသည်။)

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD ပါတီက အနိုင်ရလိုက်တဲ့ အတွက် ထိုင်းနိုင်ငံရောက်ရွှေ့ပြောင်း လုပ်သားတွေကြား အိမ်ပြန်နိုင်ဖို့ အရေး မျှော်လင့်ချက်တွေတိုးလာနေကြပါတယ်။ ဒါပေမယ့်လည်း ဆယ်စုနှစ်ချီကြာအောင် ဖြစ်ပါွးနေတဲ့ စစ်ပွဲတွေကနေ ထွက်ပြေးလာကြသူ ဒုက္ခသည်တွေကြားမှာတော့ သံသယတွေနဲ့ စိုးရိမ်မှုတွေ ရှိနေကြဆဲဖြစ်ပါတယ်။ Ron Corben ရဲ့ သတင်းလွှာကို အခြေ ခံပြီး နန်းလောင်ဝ် က တင်ပြထားပါတယ်။

မြန်မာ စစ်အစိုးရကို ဆန့်ကျင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ နဲ့ ဖြစ်ပွါးနေတဲ့ ပြည်တွင်းစစ်ကြောင့် ဒုက္ခသည်ပေါင်း တသိန်း နှစ်သောင်းလောက်ဟာ နေရပ်စွန့်ခွါထွက်ပြေးခဲ့ကြရတာပါ။ ဒုက္ခသည်အများစုဟာ ထိုင်းနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေခဲ့ရပြီး အနည်းစုလောက် ကသာ နေရပ်ပြန်ဖို့ မျှော်လင့်ချက် နည်းနည်းလေးသာထားနေကြတာပါ။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD က အပြတ်အသတ် အနိုင်ရလိုက်တဲ့အတွက် ဒုက္ခသည်တွေကြား အမြင်တွေ ပြောင်းလာနေကြပါတယ်။ ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြသူ အများစုက မြန်မာစစ်အစိုးရကို အချိန်လုံး ဆန့်ကျင်နေခဲ့ကြ သလို ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ထောက်ခံနေကြတာဖြစ်ပါတယ်။

Burma Border Consortium ရဲ့ ညွှန်ကြားရေးမှုးဖြစ်တဲ့ Sally Thompson ဟာ မြန်မာ့စစ်ဘေးဒုက္ခသည်တွေရဲ့အရေးကို နှစ်ပေါင်း ၂၀ ကျော်ကြာအောင် လုပ်ကိုင်လာခဲ့သူဖြစ်ပါတယ်။ နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့တဲ့ မြန်မာ့ရွေးကောက်ပွဲ ရလဒ်ကြောင့် ဒုက္ခသည်စခန်းတွေ အမှန်တကယ်ပဲ ပိတ်ရတော့မလားဆိုတဲ့ ထင်မြင်ယူဆမှုတွေရှိလာနေတယ်လို့ သူက ခုလိုပြောပါတယ်။

"ဒုက္ခသည်စခန်းတွေ တကယ်ဘဲ ဆက်ရှိနေတော့မှာ မဟုတ်ဘူးဆိုတာ နားလည်မှုတွေရှိလာကြပါပြီ။ ဒါကသေချာပါတယ်။ မြန်မာနိုင်ငံအတွင်း အခြေအနေတွေပြောင်းလဲလာနေသလို ဒုက္ခသည်တွေအိမ်ပြန်နိုင်ဖို့ အချိန်ကလည်း နီးကပ်လာနေပါပြီ။ ဒါကဖြစ်နိုင်ခြေကိုပြောတာပါ။ ဘယ်အချိန်မှာ ပြန်ဖို့ အကောင်းဆုံးလဲ ဆိုတာ အတိအကျပြောဖို့တော့ မလွယ်ပါဘူး။ မတူတဲ့ လူမှုအသိုင်းအဝိုင်းကြား ပြန်ပြီး အခြေချဖို့ အချိန်ကလည်းကွဲပြားပါလိမ့်မယ်။"

ဒုက္ခသည်အများစုကတော့ နေရပ်ပြန်ဖို့ နောက်တွန့်နေကြတယ်လို့ သူကဆက်ပြောပါတယ်။ ရေရှည် စစ်ရေးပဋိပက္ခတွေဖြစ်နေတဲ့ ဒေသ ကလူတွေဟာ သူတို့ရဲ့ လုံခြုံရေးအတွက် စိုးရိမ်မှုတွေရှိနေကြတာပါ။

"သူတို့ရဲ့ဘဝတွေ လုံခြုံမှုရှိပါ့မလားဆိုတာ သူတို့ ခုချိန်ထိ သိချင်နေကြပါတယ်။ သူတို့နဲ့ သူတို့ရဲ့မိသားစုတွေ၊ မြေယာတွေနဲ့ သူတို့ အသက်ရှင် ရပ်တည်ရေးအတွက် အကာအကွယ်ဖြစ်မယ့်ကိစ္စတွေ အကြောင်း စဉ်းစားနေကြတာပါ။ဒုက္ခသည်တွေ နေရပ်ရင်း ပြန်ဖို့ အဆင်သင့်မဖြစ်သေးခင်ဖြေရှင်းရမယ့် အကြောင်းအရာတွေက အများကြီးရှိနေပါသေးတယ်။"

တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ (၈) ဖွဲ့နဲ့ သမ္မတ ဦးသိန်းစိန်တို့ အောက်တိုဘာလ အတွင်း လက်မှတ်ရေးထိုးလိုက်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် NCA ကြောင့်လည်း အခြေအနေတွေက အကောင်းဘက်ကို တိုးလာပါတယ်။ ဒါပေမယ့်လည်း လောလောဆယ် ရေးထိုးခဲ့တဲ့ NCA စာချုပ်မှာ လက်နက်ကိုင် ၁၅ ဖွဲ့ထဲက၇ ဖွဲ့ ပါဝင်လက်မှတ်ရေးထိုးခဲ့ခြင်း မရှိတာဟာ မြန်မာ အစိုးရနဲ့ စစ်တပ်ကို ယုံကြည်မှုမရှိတဲ့ သဘောလည်းဖြစ်ပါတယ်။

ရွေးကောက်ပွဲကျင်းပချိန်ကတည်းက NCA မှာ လက်မှတ်ရေးထိုးခဲ့ခြင်း မရှိတဲ့တိုင်းရင်းသား လက်နက်ကိုင်တပ်တွေက နောင်တက်လာမယ့် NLD ဦးဆောင်တဲ့ အစိုးရနဲ့ အနာဂတ်မှာ ဆွေးနွေးဖို့ ပိုပြီး လိုလားတယ် လို့ ပြောဆိုထားကြပါတယ်။ ဒါပေမယ့်လည်း စစ်ရေး ပဋိပက္ခတွေရှိနေဆဲ တိုင်းရင်းသား ဒေသတွေ အရေးကိုင်တွယ်ဖို့ကတော့ မြန်မာ စစ်တပ်နဲ့ လာမယ့်အစိုးရသစ်က ဆက်ဆံရဦးမှာပါ။

ဒုက္ခသည်တွေ နေရပ်ရင်းပြန်မယ့် ဆုံးဖြတ်ချက်ဟာ အပစ်အခတ်ရပ်စဲရေး စာချုပ်အပေါ် အဓိမူတည်နေတယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR ရဲ့ ပြောခွင့်ရ Vivian Tan ဆိုပါတယ်။

"တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးသဘောတူညီမှုက ဒုက္ခသည်တွေအတွက် သိပ်ကိုအရေးကြီးပါတယ်။ ဒီသဘောတူညီမှုကို ဘယ်လောက်အထိ လိုက်နာမှုရှိသလဲဆိုတာကို သူတို့တွေ့မြင်ချင်ကြပါတယ်။ ဒါမှလည်း ပဋိပက္ခတွေအဆုံးသတ်ပြီး သူတို့လည်းအိမ်ပြန်နိုင်ကြမှာပါ။"

UNHCR အနေနဲ့ကတော့ ဒုက္ခသည်တွေ နေရပ်ရင်းကို ပြန်တဲ့အခါမှာ ကိုယ့်သဘောဆန္ဒ အလျောက်သာ ဖြစ်စေလိုပြီး၊ ဒီလို ဆောင်ရွက်ရာမှာလည်း နိုင်ငံတကာ အလှူရှင်တွေရဲ့ အကူအညီတွေ ဆက်လက်ပေးအပ်ဖို့ လိုအပ်တယ်လို့ ပြောခွင့်ရ ကပြောဆိုခဲ့ပါတယ်။ ဒါပေမဲ့လည်း ဒုက္ခသည်တွေအတွက် ကာလကြာရှည် ဘဏ္ဍာရေးအရ အကူအညီပေးနေခဲ့တဲ့ နိုင်ငံတကာ အလှူရှင်တချို့က အထောက်အပံ့တွေ လျှော့ချလာနေတဲ့အတွက် ဒုက္ခသည်စခန်းတွေကို မြန်မြန်ဆန်ဆန် ပိတ်ရမယ့် အခြေအနေမျိုးနဲ့ ကြုံနေရတယ်လို့လည်း အကူအညီပေးရေး အဖွဲ့တွေကပြောဆိုကြပါတယ်။

မြန်မာနိုင်ငံက ထွက်ပြေးလာတဲ့ဒုက္ခသည်တွေဟာ မှတ်ပုံတင်လို တရားဝင် စာရွက်အထောက်အထားတွေမရှိကြ တဲ့အတွက်နေရပ်ပြန်ဖို့ အခက်အခဲရှိနေကြတာပါ။ ဒါကြောင့်လည်း ဒီလိုလူတွေအတွက် ထိုင်းနိုင်ငံနဲ့ အခြားနိုင်ငံတွေမှာ အခြေချနေထိုင်ဖို့ လိုအပ်လာပါတယ်။

၂၀၀၅ ခုနှစ်ကတည်းက ထိုင်းနိုင်ငံအတွင်း ဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေတဲ့ မြန်မာဒုက္ခသည်ပေါင်း ၁ သိန်းကျော်ဟာ တတိယနိုင်ငံတွေမှာ ပြောင်းရွှေ့ အခြေချခဲ့ကြပြီး၊ ဒီအထဲမှာတော့ အမေရိကန်နိုင်ငံကို သွားရောက်အခြေချခဲ့ကြတဲ့ ဒုက္ခသည်ပေါင်း ၇ သောင်းခွဲလည်း ပါဝင်ပါတယ်။

တချိန်ထဲမှာဘဲ ထိုင်းနိုင်ငံနယ်စပ်က ဒုက္ခသည်စခန်းတွေပိတ်သိမ်းဖို့နဲ့ ဒုက္ခသည်တွေ အိမ်ပြန်နိုင်ဖို့ မျှော်လင့်ချက်တွေတိုးလာနေပေမယ့်လည်း ရှမ်းနဲ့ ကချင်ပြည်နယ်တွေမှာ မြန်မာစစ်တပ်က ဆက်တိုက်ဆိုသလို လေကြောင်းကပါ ထိုးစစ်တွေဆင်နွဲနေတာကြောင့် ကျေးရွာအတော်များများက ထောင်နဲ့ချီတဲ့ ရွာသား တွေဟာ စစ်ဘေးလွှတ်ရာကို ထွက်ပြေးနေကြရဆဲဖြစ်ပါတယ်။

XS
SM
MD
LG