သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Trump ရွေးခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီးသစ် Mike Pompeo


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကို ရာထူးကနေ ဖယ်ရှားလိုက်ပြီး သူ့ရဲ့နေရာမှာ CIA အမေရိကန်ဗဟို ထောက်လှမ်းရေးအဖွဲ့ရဲ့ ညွှန်ကြားရေးမှူး Mike Pompeo ကို အစားထိုးလိုက်တယ်လို့ သမ္မတ ဒေါ်နယ်ထရမ့်က မနေ့ကပဲ အမှတ်မထင် ကြေညာခဲ့ပါတယ်။ ဆိုတော့ Mike Pompeo ဆိုတာ ဘယ်လိုလူလဲ။ ပြောစရာရှိတာကို တဲ့တိုး ပြောတတ်တဲ့ ရှေးရိုးစွဲသမား Mike Pompeo က သမ္မတထရမ့်နဲ့ အလုပ်ကောင်းကောင်း တွဲလုပ်နိုင်မယ့်သူလို့ မျှော်လင့်ရတဲ့ အကြောင်း ဗွီအိုအေ သတင်းထောက် Jeff Custer ရဲ့ သတင်းပေးပို့ချက်ကို ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါမယ်။

အမေရိကန် အောက်လွှတ်တော်သက်တမ်း သုံးနှစ် တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ Mike Pompeo ဟာ Kansas ပြည်နယ်က ရီပါဘလစ်ကန် လွှတ်တော်ကိုယ်စားလှယ် တဦးပါ။ သူက သမ္မတထရမ့်ကို ခပ်စောစောပိုင်းကတည်းက ထောက်ခံအားပေးခဲ့သ ဖြစ်ပြီး CIA အမေရိကန် ဗဟိုထောက်လှမ်းရေး အဖွဲ့ရဲ့ ညွှန်ကြားရေးမှူး အဖြစ် တာဝန်ယူနေတဲ့ ကာလတလျှောက်မှာလည်း သမ္မတထရမ့်နဲ့ နီးနီးကပ်ကပ် ရှိနေခဲ့သူတဦးဖြစ်ပါတယ်။

သူ လွှတ်တော်အမတ်ဘ၀ သမ္မတ ဘားရက်အိုဘားမား လက်ထက်မှာတုန်းကလည်း သမ္မတအိုဘားမား အစိုးရရဲ့ ဈေးသက်သာတဲ့ ကျန်းမာရေး စောင့်ရှောက်မှု ဆိုင်ရာ ဥပဒေ ကိစ္စ၊ အီရန်ရဲ့ နျူကလီးယားဆိုင်ရာ အမေရိကန်အစိုးရရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီး Mike Pompeo က အပြင်းအထန် ဝေဖန်ခဲ့တဲ့သူတဦး အဖြစ် လူသိများပါတယ်။ အီရန်ရဲ့ နျူကလီးယားအရေးနဲ့ ပတ်သက်ပြီး သမ္မတထရမ့်နဲ့ Mike Pompeo တို့က တသဘောထားထဲ ဖြစ်ကြပေမဲ့ ဝန်ကြီး တေလာဆန်နဲ့တော့ သဘောထား ကွဲလွဲတဲ့ အကြောင်း သမ္မတ ထရမ့်က မနေ့ကပြောခဲ့ပါတယ်။

“ အီရန်အရေး အမေရိကန်နဲ့ သဘောတူချက်ကို ကြည့်တဲ့အခါမှာ တော်တော် အခြေအနေဆိုးတယ်လို့ ကျနော်ထင်ပါတယ်။ ကျနော်က ဒီသဘောတူချက်ကို ဖျက်ရင်ဖျက် ဒါမှမဟုတ် တခုခုလုပ်ချင်တာပါ။ ဒါပေမဲ့ Rex Tillersonက ဒီကိစ္စမှာ ကျနော်နဲ့ နည်းနည်း သဘောထားကွဲပါတယ်။ ကျနော်တို့နှစ်ဦးရဲ့ အမြင်က တကယ်တမ်းမှာ မတူညီကြပါဘူး။ Mike Pompeo နဲ့ ကျနော်ကတော့ အီရန်ကိစ္စမှာ သဘောထား တော်တော်တိုက်ဆိုင်ပါတယ်”

မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ တွေ့ဆုံဖို့ ကမ်းလှမ်းချက်ကို သမ္မတထရမ့်က လက်ခံတဲ့ အကြောင်း ပြီးခဲ့တဲ့ တနင်္ဂနွေနေ့တုန်းက ကြေညာခဲ့တာနဲ့ ပတ်သက်လို့ Mike Pompeo အခုလိုပြောပါတယ်။

“ မြောက်ကိုရီးယားရဲ့ အခုလို အခြေအနေမျိုး ကျနော်တို့အရင်က မကြုံခဲ့ဖူးပါဘူး။ သူတို့ရဲ့ စီးပွါးရေး အခြေအနေက စိုးရိမ်ရတဲ့ အနေအထားမှာ ရှိနေပြီး သူတို့ရဲ့ ခေါင်းဆောင်ကလည်း ဖိအားတွေ အကြီးအကျယ် အပေးခံနေရတာပါ။ ဒီလို အနေ အထားမျိုးမှာ ကင်ဂျုံအွန်း အနေနဲ့ စကားပြောဆို ဆွေးနွေးမယ့်အခြေအနေကို လက်အလွတ်မခံပဲ လုပ်ဆောင်လာမယ့် သဘောရှိပါတယ်လို့ ပြောသွားခဲ့တာပါ”

Mike Pompeo အနေနဲ့ သူ့ရဲ့ရာထူးအသစ် နေရာအတွက် အမေရိကန် အထက်လွှတ်တော်က အတည်ပြုချက် ပေးရပါလိမ့်မယ်။ အထက်လွှတ်တော် နိုင်ငံခြား ဆက်ဆံရေးကော်မီတီ ဥက္ကဌ Bob Corkerရဲ့ မနေ့က ထုတ်ပြန်တဲ့ ကြေညာချက်မှာ တော့ ဧပြီလထဲမှာ Mike Pompeo ကို လွှတ်တော်ကြားနာမှု လုပ်ဖို့ မျှော်လင့်ရတယ်လို့ ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG