သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်သူတွေကို စစ်မှန်စွာ ကူညီပံ့ပိုးဖို့ Tom Andrews တောင်းဆို


ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews

မြန်မာပြည်သူတွေရဲ့ အိပ်မက်ဆိုးတွေအဆုံးသတ်သွားအောင် နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ဝိုင်းကူချိန်တန်ပြီလို့ မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန်က ပြောလိုက်ပါတယ်။

စစ်အာဏာသိမ်းအုပ်ချုပ်မှု (၄) နှစ်မြောက်ချိန်မှာ အပြစ်မဲ့ အသက်ဆုံးရှုံးသူ ထောင်ပေါင်းများစွာကို အောက်မေ့အမှတ်ရသလို ရက်စက်တဲ့စစ်အုပ်ချုပ်သူတွေကို သတ္တိရှိရှိ ဆက်လက်တွန်းလှန်နေတဲ့ ပြည်သူတွေကို ဂုဏ်ပြုထောက်ခံရမဲ့အချိန်လည်း ဖြစ်တယ်လို့ လူ့အခွင့်အရေး အထူးသံတမန် Tom Andrews က အာဏာသိမ်း နှစ်ပတ်လည်ကြေညာချက် ထုတ်ပြန်ပါတယ်။ စစ်တပ်ရဲ့ နှစ်ရှည် ဖိနှိပ်မှု တွေ၊ အကြမ်းဖက်မှုတွေနဲ့ အုပ်ချုပ်မှု ညံ့ဖျင်းမှုတွေကြောင့် မြန်မာနိုင်ငံဟာ အဆုံးမရှိ ချောက်ထဲ ကျတဲ့ အခြေအနေမျိုးဖြစ်နေပြီလို့ Tom Andrews က ပြင်းထန်တဲ့ စကားလုံးတွေသုံးပြီး စစ်တပ် ဖိနှိပ်မှုကို ရုန်းကန်ဆန့်ကျင်နေတဲ့ ပြည်သူတွေကို စစ်မှန်တဲ့လက်တွဲမှုတွေနဲ့ ထောက်ခံကူညီဖို့ တောင်းဆိုထားပါတယ်။

စစ်တပ်က အရပ်သားပြည်သူ ထောင်နဲ့ချီကို သတ်ဖြတ်၊ ရွာတွေအပေါ် ဗုံးကြဲ၊ မီးရှို့နေချိန်၊ နိုင်ငံရေး အကျဉ်းသား နှစ်သောင်း (၂၀,၀၀၀) ကျော် ထောင်ထဲဆက်ရှိနေချိန်၊ စီးပွားရေးနဲ့ အများပြည်သူ ဝန်ဆောင်မှုတွေ ပြိုလဲနေချိန်၊ တချို့နေရာတွေမှာ ငတ်မွတ်မှုကြုံရနိုင်တဲ့ အခြေအနေတွေအောက်မှာ စစ်ကောင်စီလုပ်မယ့် ရွေးကောက်ပွဲဟာ ပိုဆိုးဝါးတဲ့အခြေအနေကိုသာ တွန်းပို့နိုင်တယ်လို့ Tom Andrews က ထောက်ပြထားပါတယ်။ ဒီလောက်ခက်ခဲတဲ့ အခြေအနေတွေကြား မြန်မာပြည်သူတွေရဲ့ ရဲစွမ်းသတ္တိနဲ့ ခံနိုင်ရည်စွမ်းဟာ ကမ္ဘာတဝန်းကသူတွေကို အံ့ဩ၊ အတုယူစရာဖြစ်စေတယ်လို့လည်း သူက ချီးမွမ်းထားပါတယ်။ ကမ္ဘာ့နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကို အားပေးထောက်ခံပြီး စစ်တပ်ရဲ့ ကြီးလေးတဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် နိုင်ငံတကာ ရာဇဝတ်တရားရုံး ICC အပါအဝင် ဥပဒေကြောင်းကနေ အရေးယူနိုင်အောင် ကမ္ဘာ့နိုင်ငံတွေအနေနဲ့ ထောက်ခံ ပံ့ပိုးကြဖို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံတမန် Tom Andrews က တိုက်တွန်းထားပါတယ်။

မြန်မာပြည်သူတွေကို စစ်မှန်စွာ ကူညီပံ့ပိုးဖို့ Tom Andrews တောင်းဆို
please wait

No media source currently available

0:00 0:01:44 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG