မြန်မာနိုင်ငံမှာဖြစ်နေတဲ့ ပြည်တွင်းစစ်ကို ရပ်တန့်အောင် နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ကြိုးပမ်းဆောင်ရွက်မှုတွေဟာ လုံးဝအလုပ်မဖြစ်ဘူးလို့ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာလူ့အခွင့်အရေးဆိုင်ရာ အထူးကိုယ်စားလှယ် Tom Andrews က ဒီနေ့ ပြောလိုက်ပါတယ်။
မြန်မာပြဿနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာရဲ့ တုံံ့ပြန်မှုတွေဟာ အောင်မြင်မှုမရှိဘဲ အဲဒီအတွက် နိုင်ငံတကာအနေနဲ့ မဟာဗျူဟာကျကျ ညှိနှိုင်းဆောင်ရွက်မှုတွေ အရေးပေါ်လုပ်ဆောင်ပြီး၊ မြန်မာစစ်ကောင်စီကို ငွေကြေး၊ လက်နက် နဲ့ တရားဝင်မှုတွေရအောင် ထောက်ပံ့ ကူညီတာတွေ မလုပ်ဘဲ ဖြတ်တောက်ပစ်ဖို့ လိုအပ်တယ်လို့ လည်း Tom Andrews က တိုက်တွန်းလိုက်ပါတယ်။
မစ္စတာ Tom Andrews ဟာ သြစတြေးလျနိုင်ငံကို ၁၀ ရက်ကြာ သွားရောက်ခဲ့ပြီး၊ မြန်မာ့ပဋိပက္ခနဲ့ ပတ်သက်ပြီး ဒေသတွင်း နဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ ပိုပြီးတော့ ထိရောက်တဲ့ အရေးပေါ် တုံ့ပြန်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် သြစတြေးလျအနေနဲ့ ဦးဆောင်သင့်ဖို့ ဆော်ဩတိုက်တွန်းခဲ့ပါတယ်။
မြန်မာနိုင်ငံရဲ့ အခြေအနေတွေဟာ ဆိုးသထက်ဆိုးလာနေပြီး၊ ပြည်တွင်းမှာ အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့သူတွေဟာ ၃ သန်းကျော်အထိ ရှိလာနေပြီလို့ သူက ပြောလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစပြီး စစ်ကောင်စီဘက်က အတိုက်အခံအင်အားစုတွေကို ဖမ်းဆီးနှိမ်နှင်းတာတွေအပြင် ရွာတွေကို မီးရှို့တာ ၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်တာတွေလုပ်ခဲ့တယ်လို့ Tom Andrews က ပြောပါတယ်။ စစ်ကောင်စီဘက်က အရပ်သားတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေ တိုးလာနေပြီ စစ်ကောင်စီရဲ့ လက်ချက်ကြောင့် အရပ်သား ၅၆၀၀ ကျော်သေဆုံးပြီး၊ ၂ သောင်းကျော် ဖမ်းဆီးခံခဲ့ရပါတယ်။
တချိန်တည်းမှာပဲ လာအိုနိုင်ငံမှာကျင်းပနေတဲ့ အာဆီယံထိပ်သီးအစည်းအဝေးအတွင်းမှာလည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြပြီး ၊ မြန်မာစစ်ကောင်စီနဲ့ အတိုက်အခံအဖွဲ့တွေအနေနဲ့ နိုင်ငံတွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေအဆုံးသတ်ဖို့အတွက် ခိုင်မာတဲ့ခြေလှမ်းတွေလုပ်ဆောင်ဖို့ အာဆီယံခေါင်းဆောင်တွေက တိုက်တွန်းလိုက်ပါတယ်။
Forum