[[Zawgyi/Unicode]]
စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတာ ၁ နှစ်ပြည့်တော့မယ့်အချိန်မှာ စစ်ကောင်စီကို ထောက်ခံကြောင်း ချီတက်ဆန္ဒပြပွဲတွေ မြို့တချို့မှာ လုပ်နေကြပါတယ်။ စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်ကျရင် စစ်ကောင်စီကို ဆန့်ကျင်တဲ့ အသံတိတ်ဆန္ဒပြပွဲတွေ၊ လှုပ်ရှားမှုတွေမှာ ပါကြဖို့ စစ်ကောင်စီက သတိပေးထားချိန် တပ်ထောက်ခံပွဲတွေကို လုပ်နေကြတာဖြစ်ပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်က သတင်းပေးပို့ထားပါတယ်။
စစ်အာဏာသိမ်းမှု တနှစ်ပြည့်တဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ အသံတိတ်သပိတ်ဆင်နွှဲဖို့ စစ်အာဏာရှင်ဆန့်ကျင်သူတွေက ဆော်သြနေချိန်မှာ အဲဒီလှုပ်ရှားမှုမှာ မပါကြဖို့ စစ်ကောင်စီက သတိပေးနေပါတယ်။ ဒါပေမယ့် တပ်ထောက်ခံပွဲတွေကိုတော့ တိုင်းနဲ့ ပြည်နယ် မြို့တချို့မှာ လုပ်နေကြတာမှာ တချို့နေရာတွေမှာ ချီတက် အင်အားပြသူ ရာဂဏန်းလောက် အထိရှိပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အာဏာရှင်ဆန့်ကျင်လှုပ်ရှားမှုတွေ မရှိသလောက် နည်းပါးခဲ့တဲ့ ရခိုင်ပြည်နယ်က မြို့နယ်တချို့မှာ ဒီကနေ့ စစ်ကောင်စီကို ထောက်ခံပွဲတွေ လုပ်ခဲ့ကြပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ တပ်ထောက်ခံပွဲမှာ တပ်မိသားစုဝင်တွေနဲ့ ဝန်ထမ်းတွေ စုပေါင်းပြီး ပြုလုပ်ခဲ့ကြတာဖြစ်ပြီး ဒေသခံတွေ မပါဘူးလို့ ဘူးသီးတောင် ဒေသခံတဦးကပြောပါတယ်။
“သတင်းတွေမှာ တက်နေတာ ရခိုင်ပြည်နယ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း နိုင်ငံတကာ သတင်းမီဒီယာတွေမှာလည်း ထုတ်ပြောထားတယ်။ သူတို့ ရက္ခိုင့်တပ်တော်က ရခိုင်ပြည် နယ်ကို ၇၅ % လွှမ်းမိုးနေပြီး အုပ်ချုပ်ရေးတို့၊ တရားစီရင်ရေးတို့ ရဲတပ်ဖွဲ့တွေကို ဖွဲ့စည်းပြီးတော့ အကုန် အဆင်သင့်ဖြစ်နေပြီဆိုတဲ့ စကားတွေကြားတော့ သူတို့လည်း မနေသာ မထိုင်သာဖြစ်တော့ သူတို့ တပ်ထောက်ခံပွဲတွေ လုပ်ကြတာထင်တယ်။ တပ်ထောက်ခံပွဲ လုပ်တဲ့ထဲမှာတော့ ဘူးသီးတောင် ဒေသခံတယောက်မှ ပါတာကိုမတွေ့ရဘူး။ သူတို့ တပ်မိသားစုတွေပဲ။ ဒီမှာ တပ်ရင်းတွေရှိတယ်။ စခက ၁၅ က တပ်ရင်းဆယ်ရင်း ရှိတယ်။ ပြီးရင် အခြေချ စစ်ဗျူဟာက တပ်ရင်း သုံးရင်းရှိတယ်။ အဲဒီတပ်တွေက ပြီးတော့ လက်ရင်းတပ်တွေရှိတယ်။ အဲဒီတပ်ရင်းက မိသားစုတွေကို စုပြီးတော့ ဘူးသီးတောင်မြို့ ပေါ်မှာ ပြတာပဲ ရှိတယ်။ ကြည့်လိုက်တော့ ဘူးသီးတောင် ဒေသခံေတွေ တယောက်မှ ပါတာကို မတွေ့ရဘူး။”
ရခိုင်ပြည်နယ်ရဲ့ စစ်ကောင်စီရုံးစိုက်ရာမြို့ဖြစ်တဲ့ စစ်တွေမြို့နယ်မှာလည်း ရာနဲ့ချီတဲ့ သူတွေ စစ်ကောင်စီထောက်ခံပွဲကို ဒီကနေ့မနက်ပိုင်းကပြုလုပ်ခဲ့ကြတာလည်းဖြစ်ပါတယ်။ ရခိုင်ပြည်နယ်မှာ တပ်ထောက်ခံပွဲတွေလုပ်လာကြတာနဲ့ ပတ်သက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းတဦးဖြစ်တဲ့ ကိုဇော်ဇော်က အခုလိုပြောပါတယ်။
“စစ်တပ်ထောက်ခံပွဲတွေ ဆက်တိုက်လုပ်လာတာနဲ့ ပတ်သက်ပြီး ကျနော့်အမြင် ပြောရရင်တော့ ဒါ ရခိုင်ပြည်နယ်မှာ သူတို့ ကောင်းကောင်းမွန်မွန်စီမံ အုပ်ချုပ်ထားတယ်ဆိုတာကို ပြချင်လို့ သံသယဖြစ်တယ်။ တခြားနေရာတွေမှာ ထူးခြားမှုဖြစ်နေတဲ့ နေရာတွေ ပြည်မမှာဖြစ်နေတယ်။ မန္တလေး၊ ရန်ကုန်၊ စစ်ကိုင်း၊ မကွေးတို့လိုနေရာတွေမှာ စစ်တွေဖြစ်နေတယ်။ တချို့တိုင်းရင်းသားဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်နေတယ်။ ဒါပေမယ့်ဒီမှာ အာဏာသိမ်းပြီးနောက်ပိုင်း AA နဲ့သော်လည်း ကောင်း တိုက်ပွဲ ကြီးကြီးမားမားမဖြစ်ခဲ့ဘူး။ ထိတွေ့မှု တကြိမ်နှစ်ကြိမ် လောက်တော့ ဖြစ်နိုင်တယ်။ အဲဒါတောင်သူတို့က ARSA နဲ့ ဖြစ်သလိုလို လွှဲချသေးတာ။ အခုက ရခိုင်ပြည်နယ်မှာ တပ်ထောက်ခံပွဲတွေ ကြီးကြီးမားမား လုပ်လာတာကတော့ ရခိုင်ပြည်နယ်မှာ သူတို့ ကောင်းကောင်းစီမံအုပ်ချုပ်ထားနိုင်တယ်ဆိုတာ ပြချင်တာဖြစ်တယ်လို့ ကျနော်ထင်တယ်။”
ရခိုင်ပြည်နယ်အတွင်းက ကျောက်ဖြူ၊ တောင်ကုတ်၊ သံတွဲ၊ အမ်း၊ ဘူးသီးတောင်၊ မောင်တောနဲ့ စစ်တွေမြို့နယ်တွေမှလည်း တပ်ထောက်ခံပွဲတွေကို တနင်္လာနေ့ မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။ ရခိုင်ပြည်နယ်အပြင်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်ထဲက မြို့နယ်တချို့မှာလည်း စစ်တပ်နဲ့ စစ်ကောင်စီအပေါ် ထောက်ခံကြောင်း ပြသတဲ့ပွဲတွေလုပ်ခဲ့ကြပါတယ်။
စစ်အာဏာသိမ်းမှု ဆန့်ကျင်သူတွေကတော့ နက်ဖြန်ကျရင် အသံတိတ်သပိတ်ဆင်နွဲကြဖို့ ဆော်သြထားပါတယ်။ နိုင်ငံတော်တည်ငြိမ်ရေးကို ပျက်ပြားစေတဲ့ အသံတိတ်သပိတ်၊ လက်ခုပ်တီး၊ သံပုံးတီး၊ ကားဟွန်းတီး စတဲ့ အသံထွက်သပိတ်တွေလုပ်တာ၊ ဒါမှမဟုတ် လှုံ့ဆော်ဝါဒဖြန့်မှုတွေကို ထပ်ဆင့်မျှဝေတာတွေလုပ်ရင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နဲ့ ပုဒ်မ ၅၀၅-က၊ အီလက်ထရွန်းနစ် ဆက်သွယ်ဆောင်ရွက်ရေး ဥပဒေပုဒ်မ ၃၃ (က) စတဲ့ ဥပဒေတွေနဲ့ အရေးယူမယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။ တချို့ရပ်ကွက်တွေမှာ အော်လံနဲ့ လိုက်အော် သတိပေးနေတာတွေလည်းရှိပါတယ်။ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ဈေးဆိုင်တွေပိတ်မယ်လို့ ကြေညာထားတဲ့ တချို့ဈေးဆိုင်ပိုင်ရှင်တွေကို ဖမ်းဆီးခဲ့ပြီး ဆိုင်တွေကိုပါ ချိတ်ပိတ်တာတွေလည်းရှိပါတယ်။ ရန်ကုန်၊ မန္တလေးနဲ့ ကလေးမြို့တွေမှာ အဲလိုဖမ်းဆီးခံရသူတွေကို အကြမ်းဖက်မှု၊ မတရားအသင်းဆက်သွယ်မှုတွေနဲ့ တရားစွဲတယ်လို့ မိသားစုဝင်တွေက ဗွီအိုအေကို ပြောပြကြပါတယ်။
=============
[[Unicode]]
=============