သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၄ လကြာစစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ တပ်မတော်ကြေညာ


တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ရဲ့ထုတ်ပြန်ကြေညာချက်ကို တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင် ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီ ဖတ်ကြားစဉ်။
တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ရဲ့ထုတ်ပြန်ကြေညာချက်ကို တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင် ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီ ဖတ်ကြားစဉ်။

တရုတ်-မြန်မာနယ်စပ်ဒေသတလျှောက် စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးလှုပ်ရှားမှုတွေကို ဒီနေ့ကစလို့ ၄ လ ကျော်ကြာ ရပ်ဆိုင်းမှာဖြစ်ကြောင်း မြန်မာစစ်တပ်က ကြေညာလိုက်ပါတယ်။ တချိန်တည်းမှာပဲ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေနဲ့ရော၊ မထိုးရ သေး တဲ့ အဖွဲ့တွေနဲ့ပါ တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားမှာ ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဒီနေ့ပဲ ကြေညာလိုက်တာပါ။ဒီအကြောင်း ရန်ကုန်မြို့ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။

မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် သုံးဖွဲ့ဖြစ်တဲ့ တအာင်း ပလောင်တပ်ဖွဲ့ (TNLA) ၊ ကိုးကန့် တပ်ဖွဲ့ (MNDAA) နဲ့ ရခိုင်တပ်ဖွဲ့ (AA) တို့က စစ်ရေးဆိုင်ရာဆောင်ရွက်မှုတွေကို ဦးစွာရပ်တန့်ပြီး စစ်ရေး နည်းလမ်းမှအပ နိုင်ငံရေးနည်းလမ်းနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်မှာ ဆက်လက် ပါဝင်သွားမယ်လို့ ဒီဇင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ကြေညာထားတာကို တပ်မတော်ကာကွယ်ရေး ဦးစီး ချုပ်ရုံးရဲ့ ကြေညာချက်မှာ အရင်ဆုံး ဖော်ပြထားပါတယ်။ အဲဒီ ကြေညာချက်ကို ငြိမ်းချမ်းရေးကော်မရှင်က ကြိုဆိုထောက်ခံကြောင်းနဲ့ ဆက်ပြီး ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ကြေညာထားတာကိုလည်း ဖော်ပြပြီး အဲဒါနဲ့ စပ်လျဉ်းပြီးတော့ -

“တပ်မတော်အနေဖြင့် မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့ ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေနှင့် တြိဂံဒေသတိုင်း စစ်ဌာနချုပ် နယ်မြေများရှိ NCA လက်မှတ်ရေးထိုးရန် ကျန်ရှိနေသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံးနှင့် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးအတွက် အဖွဲ့တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေးသွားရန် လိုအပ်မည်ဟု ယူဆပါသည်။

အပိုဒ် (၃)။ ။ တပ်မတော်အနေဖြင့် ယင်းသို့ ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်နိုင်ရန် ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်မှ ၂၀၁၉ ခုနှစ် ဧပြီလ ၃၀ ရက်အထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးပါမည်။”

အဲဒါကတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံး ရဲ့ထုတ်ပြန်ကြေညာချက်ကို တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ် စစ်ဆင် ရေးညွှန်ကြားရေးမှူး ဗိုလ်ချုပ် ထွန်းထွန်းညီက ဒီဇင်ဘာလ ၂၁ ရက်၊ သောကြာနေ့မှာ သတင်း မီဒီယာ သမားတွေကို ဖတ်ပြသွားတာပါ။

အဲဒီလိုစစ်ဆင်ရေးရပ်ဆိုင်းထားစဉ်ကာလအတွင်း စစ်ဆင်ရေးနယ်မြေအလိုက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အနေနဲ့ ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေး ဆိုင်ရာတွေကို အမျိုးသား ပြန်လည် သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) နဲ့ ညှိနှိုင်း ဆွေးနွေးသွားဖို့ဖြစ်ပြီး လိုအပ်တယ်ဆိုရင် တပ်မတော်ကလည်း သက်ဆိုင်ရာနယ်မြေအလိုက် တိုင်းမှူးတွေပါဝင်တဲ့ ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့နဲ့ ဆွေးနွေးပေးသွားမယ်လို့ ထုတ်ပြန်ချက်မှာပါရှိပါတယ်။

အဲဒီ ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ကို ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် က ဦးဆောင်ပြီးတော့ သက်ဆိုင်ရာ တိုင်းမှူးတွေအပါအဝင် တပ်မတော်အဆင့်မြင့်အရာရှိကြီး ၈ ဦးနဲ့ ဖွဲ့စည်းထားပါတယ်။

ဒါ့အပြင် -

“NCA လက်မှတ်ရေးထိုးပြီးဖြစ်သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နှင့်လည်း NCA သဘောတူ စာချုပ်ပါ အချက်အလက်များအတိုင်း ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ပြီး လိုအပ်ပါက ညှိနှိုင်းဆွေးနွေးရေး အဖွဲ့မှ တဖွဲ့ချင်းအလိုက် ဆွေးနွေးပေးမည်ဖြစ်ပါသည်။”

အဲဒီလို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ညှိနှိုင်းဆွေးနွေးတဲ့နည်းတူ တဖက် မှာ လည်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ ငြိမ်းချမ်းရေး မူဝါဒ ၆ ချက်ထဲက အချက် ၂ ကနေ ၅ အထိ အချက် ၄ ချက်ကို အလေးအနက်ထား လိုက်နာဖို့ လိုမယ်ဆိုပြီး သီးခြားရွေးနုတ်ဖော်ပြထားပါတယ်။

အဲဒီလေးချက်ကတော့ သဘောတူစာချုပ်တွေအတိုင်း ကတိတည်ဖို့၊ ငြိမ်းချမ်းရေးသဘောတူညီချက်တွေ အပေါ် အမြတ်မထုတ်ဖို့၊ ဒေသခံ ပြည်သူတွေအပေါ် ဝန်ထုပ်ဝန်ပိုးမဖြစ်စေဖို့နဲ့ နိုင်ငံတော်က ထုတ်ပြန်ထားတဲ့ တည်ဆဲဥပဒေတွေကို တိတိကျကျလိုက်နာဖို့ ဆိုတဲ့ အချက်တွေဖြစ်ပါတယ်။ အထူးတလည်လိုက်နာဖို့ ထည့်သွင်း ဖော်ပြမထားတဲ့ အချက်တွေကတော့ နံပါတ် ၁ အချက်ဖြစ်တဲ့ ထာဝရငြိမ်းချမ်းရေး ရယူရန်အတွက် အမှန်တကယ်ဆန္ဒရှိရန်ဆိုတာနဲ့ နံပါတ် ၆ အချက်ဖြစ်တဲ့ ဒို့တာဝန်အရေးသုံးပါးနှင့် ဒီမိုကရေစီ အနှစ်သာရကို လက်ခံပြီး ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ဒီမိုကရေစီလျှောက်လှမ်းမှုကို လိုက်ပါဆောင်ရွက်ဖို့ဆိုတဲ့ အချက်တွေပါ။

ဒါ့အပြင် တဖွဲ့နဲ့တဖွဲ့ တိုက်ခိုက်တာ၊ ဒေသခံတွေအပေါ် အနိုင်ကျင့်တာတွေ မလုပ်ဖို့၊ အစိုးရ အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်၊ လမ်းပန် ဆက်သွယ်မှုလုံခြုံချောမွေ့စေရေး၊ လူထုရဲ့ အသက် အိုးအိမ် စည်းစိမ် အကျိုး စီးပွားတွေကို ထိခိုက်မှုမရှိစေရေး တာဝန်ယူဖို့ ပြောထားပြီး အဲဒီလို ဖြစ်ရပ်တွေပေါ်လာရင်တော့ တပ်မတော် အနေနဲ့ လိုအပ်သလို တားဆီးဆောင်ရွက်မယ်လို့လည်း သတိပေးထားပါတယ်။

တဆက်တည်းမှာပဲ -

“ပစ်ခတ်တိုက်ခိုက်မှုဖြစ်ပွားခဲ့သော နယ်မြေများအတွင်းရှိ တိုက်ပွဲရှောင်ပြည်သူများအတွက် ယင်းတို့၏ မူလနေရပ်များသို့ အမြန်ဆုံး ပြန်လည်ရွှေ့ပြောင်း နေရာချပေးနိုင်ရေး ဆောင်ရွက်ရန်ဖြစ်ပြီး တပ်မတော်က လိုအပ်သလို ပူးပေါင်းကူညီ စောင့်ရှောက်ပေးသွားပါမည်။”

တပ်မတော် ပြည်သူ့ဆက်ဆံရေးနဲ့ စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး ဗိုလ်ချုပ်ထွန်းထွန်းညီပါ။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အရင်ကပြောထားဖူးတဲ့ ၂၀၂၀ ပြည့်နှစ်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် တွေ ပြီးမြောက်စေဖို့ သန္နိဋ္ဌာန်ချ ထားတယ်ဆိုတာကို ထပ်ဖော်ပြထားပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း အားလုံးအနေနဲ့လည်း အဲဒီအတိုင်း ကတိပြုကြပြီးတော့ လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းရေး၊ ပြည်ထောင်စု သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး သတ်မှတ်လုပ်ငန်းစဉ်တွေအတိုင်း ပြီးမြောက် အောင်မြင်တဲ့ အထိ ဆက်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားကြရမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG