အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြဋ္ဌာန်းလိုက်တယ်ဆိုတဲ့ သတင်း ထွက်လာပါတယ်။ မြန်မာနိုင်ငံမှာ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို မြန်မာစစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာ ပြဋ္ဌာန်းခဲ့တာပါ။ မကြာခင် ခေါ်ယူတော့မယ့် လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးရမှာ ဖြစ်ပေမဲ့ လွှတ်တော် မခေါ်ခင်မှာ စစ်အစိုးရက ဒီဥပဒေကို ပြဋ္ဌာန်းလိုက်တာက ဥပဒေနဲ့ မညီဘူးလို့ သုံးသပ်တာတွေ ရှိပါတယ်။ အပြည့်အစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံက အရွယ်ရောက်ပြီးသူ အမျိုးသား၊ အမျိုးသမီးတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို စစ်အစိုးရက ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က တရားဝင် ပြဋ္ဌာန်းလိုက်တယ်လို့ ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။ စစ်အစိုးရ သတင်းစာတွေမှာတော့ ဒီဥပဒေကို ထုတ်ပြန်ထားတာ မရှိသေးပါဘူး။
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ ဒီဖွဲ့စည်းပုံ အခြေခံဥပဒေကို လက်တွေ့ကျင့်သုံးမယ့် အစိုးရသစ် မပေါ်ပေါက်ခင်မှာ အခုလို လုပ်ဆောင်တာက ဥပဒေချိုးဖောက်မှုတခု ဖြစ်တယ်လို့ ဒီမိုကရေစီနဲ့ ဖွံ့ဖြိုုးတိုးတက်ရေး အင်အားစု (NDD) ရဲ့ သုတေသနမှူး ဦးဌေးအောင်က ပြောပါတယ်။
“ဒါမျိုးတော့ လုပ်လို့မရဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒါမျိုးက စစ်အာဏာရှင်စနစ် ဆက်ကျင့်သုံးနေတဲ့ စစ်အစိုးရဆိုရင်တော့ သူတို့ဥပဒေအရပေါ့ဗျာ၊ သူတို့ပါးစပ်ထဲကထွက်တာ ဥပဒေဆိုတော့ သူတို့ပြဋ္ဌာန်းချင်ရင် ပြဋ္ဌာန်းလို့ ရတာပေါ့။ ဒါပေမဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့အညီ လုပ်မယ်ဆိုရင်တော့ အဲဒီအချက်တွေကို လွှတ်တော်မှာ တင်ပြီးတော့ပေါ့လေ ဥပဒေပြုရလိမ့်မယ်လို့ ကျနော်ထင်တယ်။ အဲဒီ ဥပဒေပြုပြီးတော့မှပဲ ဒီဟာက ပြဋ္ဌာန်းရမယ့်ဟာမျိုးပေါ့ဗျာ။
“အခုကတော့ လွှတ်တော်တောင် မခေါ်ရသေးဘူး၊ အစိုးရတောင် မဖွဲ့ရသေးဘဲနဲ့ ဒီ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ ပါတယ်ဆိုပြီးတော့ အခုလို ပြဋ္ဌာန်းတာကတော့ ဒါ တရားဥပဒေဘောင်နဲ့ ကြည့်မယ်ဆိုလို့ရှိရင် ဘောင်မဝင်ဘူးလို့ ကျနော်တော့ ထင်ပါတယ်။”
အခုကျင့်သုံးမယ့် ဥပဒေအရ အမျိုးသမီးတွေက အသက် ၁၈ နှစ်နဲ့ ၃၅ နှစ်ကြား၊ အမျိုးသားတွေက အသက် ၁၈ နှစ်နဲ့ ၄၅ နှစ်ကြား အရွယ်ရောက်သူတိုင်း စစ်မှုထမ်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်း သက်တမ်းက ၂ နှစ်ကနေ ၃ နှစ်အထိ ဖြစ်ပါတယ်။ ဒီလို စစ်မှုထမ်းဖို့အတွက် ကိုယ်တိုင် အာဏာပိုင်တွေထံကို စာရင်းပေးသွင်းရမှာ ဖြစ်ပါတယ်။ စစ်မှုထမ်းရေး စာရင်းပေးသွင်းဖို့ ပျက်ကွက်မယ် ဆိုရင်တော့ ထောင်ဒဏ် ၅ နှစ်ထိ ကျခံရမှာ ဖြစ်ပါတယ်။
အမြဲတမ်း စစ်တပ်အင်အားကို လျှော့ချဖို့ အရွယ်ရောက်သူတိုင်း စစ်မှုမထမ်းမနေရ ဥပဒေကို ဒီမိုကရေစီ ထွန်းကားတဲ့ တိုင်းပြည်တချို့မှာ ပြဋ္ဌာန်းထားပေမဲ့ မြန်မာစစ်အစိုးရကတော့ အမြဲတမ်း စစ်အင်အားကို မလျှော့ဘဲ အခုလို စစ်မှုမထမ်းမနေရ ဥပဒေကို ပြဋ္ဌာန်းတာ ဖြစ်တဲ့အတွက် စစ်အင်အားကြီးထွားအောင် လုပ်ဆောင်မှုတခုသာ ဖြစ်တယ်လို့လည်း ဦးဌေးအောင်က ရှုမြင်ပါတယ်။
“အမြဲတမ်း စစ်အင်အားကို လျှော့ချနိုင်မယ်ဆိုရင် တိုင်းပြည်အတွက်၊ စစ်တပ်အတွက် အသုံးပြုနေရတဲ့ ငွေကြေးတွေမှာ ကျနော်တို့ အများကြီး လျှော့ချနိုင်မယ့် အနေအထားမျိုး ရှိပါတယ်။ နောက်တခုကလည်း ပြည်သူလူထု တရပ်လုံးက ဒီစစ်ပညာကို တတ်ကျွမ်းထားခြင်းအားဖြင့်ပေါ့ဗျာ၊ ပြည်ပကျူးကျော်မှုကို ရင်ဆိုင်လာရတဲ့ အချိန်မျိုးမှာ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်နိုင်တဲ့ အနေအထားမျိုးရှိတော့ ဒါက တပိုင်းကကြည့်မယ် ဆိုလို့ရှိရင်လည်း ကောင်းတဲ့အနေအထား ရှိပါတယ်။
“ဒါပေမဲ့ ဒီစစ်အာဏာရှင်တွေ အခုလို အတင်းအကျပ် ပြဋ္ဌာန်းတာကျတော့ သူတို့ရဲ့ စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်အောင်၊ နောက်တခုကလည်းပဲ ပြည်သူလူထု ကိုယ်နှိုက်က ဒီစစ်တပ်ရဲ့ ပုံစံအရ သူတို့ရဲ့အမိန့်တွေကို နာခံတတ်တဲ့အကျင့် ဖြစ်လာအောင် သူတို့က ရည်ရွယ်ပြီး လုပ်ဆောင်တာ ဆိုရင်တော့ ဒါ သူတို့ရဲ့ ရည်ရွယ်ချက်က မှားနေတယ်၊ ဒီလုပ်ဆောင်ချက်က အကျိုးမရှိဘူးလို့ပဲ ကျနော်တို့ ပြောချင်ပါတယ်။”
နိုင်ငံတကာက ကျူးကျော်ရန်စမှုကို တွန်းလှန်နိုင်ဖို့နဲ့ စစ်တပ်အသုံးစရိတ်ကို လျှော့ချနိုင်ဖို့ နိုင်ငံတချို့က ဒီဥပဒေကို ကျင့်သုံးလေ့ ရှိကြပေမဲ့ လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားက တိုင်းရင်းသား လက်နက်ကိုင် တပ်တွေလည်း ရှိနေသေးတာကြောင့် စစ်တပ်အင်အား တိုးချဲ့ဖို့ ကြိုးစားလာတာက ပြည်တွင်းစစ်မီး တိုးပွားလာမယ့် အရေးကိုလည်း စိုးရိမ်မှုတွေ ရှိနေပါတယ်။
အခုလို စစ်မှုမထမ်းမနေရ လုပ်လိုက်တာကလည်း တပ်မတော်အတွက်ရော ပြည်သူအတွက်ရော ကောင်းတဲ့ အကျိုးရလဒ် ဖြစ်လာမှာ မဟုတ်ဘူးလို့ ဦးဌေးအောင်က ဆိုပါတယ်။
“လူတွေရဲ့ စိတ်ဆန္ဒ မပါဘဲနဲ့ အတင်းအကျပ် လုပ်ခိုင်းလို့ လုပ်ရတဲ့ ကိစ္စမှန်သမျှက အကျိုးသက်ရောက်မှု ရှိသင့်သလောက် ရှိမယ်လို့ ကျနော် မထင်ပါဘူး။ အဲဒီတော့ ဘာပဲဖြစ်ဖြစ် တိုင်းပြည်ကို ချစ်မြတ်နိုးလို့ တိုင်းပြည်ကို ကာကွယ်ဖို့ ကိုယ့်ရဲ့စိတ်ဆန္ဒ ဆုံးဖြတ်ချက်နဲ့ တပ်မတော်ထဲကို ဝင်တာမျိုးမှသာလျှင် ဒါဟာ တိုင်းပြည်အတွက် တကယ်လည်း အကျိုးရှိမယ်လို့ ကျနော် ယူဆပါတယ်။ တပ်မတော်အတွက်လည်း ဒါမျိုးမှ အကျိုးရှိမှာ ဖြစ်ပါတယ်။”
လတ်တလော အနေအထားမှာတော့ မြန်မာ့တပ်မတော်မှာ အသက်မပြည့်သေးတဲ့ ကလေးငယ်တွေကို စစ်သားစုဆောင်းမှုတွေ ရှိနေတဲ့အတွက် ကုလသမဂ္ဂ အပါအဝင် လူ့အခွင့်အရေး အဖွဲ့တွေက ဝေဖန်မှုတွေ ဖြစ်နေတာ ရှိပါတယ်။