သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် အပစ်ရပ်ကြေညာချက် TNLA ကြိုဆို


တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံ။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံ။

လက်နက်ကိုင်ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဒေသတွေမှာ ၄ လကြာ တိုက်ပွဲတွေ ရပ်ဆိုင်းထားပြီး၊ ဆွေးနွေးဖို့ မြန်မာစစ်တပ်က ကြေညာလိုက်တဲ့အပေါ် လတ်တလော တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပွားနေတဲ့ TNLA တအန်း (ပလောင်) အဖွဲ့က ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း အပစ်အခတ်ရပ်စဲရေး ကြေညာတဲ့အထဲမှာ စစ်ရေးတင်းမာမှုတွေ ကြုံနေရတဲ့ ရခိုင်ဒေသ မပါဝင်တာကြောင့် ငြိမ်းချမ်းရေး အလားအလာအပေါ် စိုးရိမ်မကင်းတဲ့ သဘောထားတွေလည်း ထွက်ပေါ်နေတာပါ။ နှစ်ပေါင်း ၃၀ လောက်အတွင်း ပထမဆုံးအကြိမ် မြန်မာစစ်တပ်ဖက်က အပစ်အခတ် ရပ်စဲကြောင်း ကြေညာလိုက်တဲ့အပေါ် သဘောထားအမြင်တွေကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုမိုးဇော်က စုစည်းတင်ပြထားပါတယ်။

ဟုတ်ကဲ့။ တပ်မတော်က ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာ TNLA ခေါ် တအာန်း(ပလောင်)၊ MNDAA ခေါ် ကိုးကန့်နဲ့ AAခေါ် ရခိုင်အဖွဲ့တွေနဲ့ ဆွေးနွေးမှာဖြစ်သလို တစ်နိုင်ငံလုံးပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် မရေးထိုးသေးတဲ့အဖွဲ့တွေ အပါအဝင် ထိုးပြီးအဖွဲ့တွေနဲ့ ပါဆွေးနွေးသွားမှာဖြစ်ကြောင်း ဖော်ပြထားတာဖြစ်ပါတယ်။

ဒီလို ထုတ်ပြန်ချက်နဲ့ပတ်သက်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က နေပြည်တော်က သတင်းမီဒီယာတွေနဲ့ တွေ့ဆုံစဉ်မှာ အခုလို ပြောကြားပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံအရှေ့မြောက်ဒေသမှာ ရှိတဲ့ TNLA အဖွဲ့၊ MNDAA အဖွဲ့ နောက် AA အဖွဲ့ အဲဒီအဖွဲ့ကနေပြီးတော့ သူတို့တပ်ကနေပြီးတော့ စစ်ရေးနဲ့ပတ်သက်ပြီးတော့ စွန့်လွှတ်ဖို့ ဆန္ဒရှိတဲ့အကြောင်းနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ဆန္ဒရှိကြောင်းလည်း ထုတ်ပြန်ခဲ့တာ ကျနော်တို့ သတိပြုမိပါတယ်။ နိုင်ငံတော်ပိုင်းကလည်း ဒါကို ကြိုဆိုတဲ့အပိုင်းကိုထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ ဒါကိုလည်း ကျနော်တို့ သုံးသပ်ပါတယ်။ သုံးသပ်တဲ့အခါ ကျနော်တို့ ဒါဆိုလို့ရှိရင်လည်း ဒီ ၃ ဖွဲ့တင် မလုံလောက်ဘူး။ ကျန်တဲ့ကိစ္စတွေလည်း စဉ်းစားဖို့လိုတယ်လို့ ကျနော်တို့ယူဆတဲ့အတွက်ကြောင့် တပ်မတော်ကနေပြီးတော့ ကျနော်တို့ ဆုံးဖြတ်ချက်တစ်ခု ချခဲ့တာ ရှိပါတယ်။ကျနော်ဦးစီးပြီးတော့ ဒီဟာကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်ကို ကျနော်တို့ဖတ်ကြားပြီးတော့ ပေးပါမယ်။”

ဒီလို ပြောကြားပြီးမှ တပ်မတော်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ ကြေညာချက်အပြည့်အစုံကို ဗိုလ်ချုပ်ထွန်းထွန်းညီက ဖတ်ကြားပြခဲ့တာဖြစ်ပါတယ်။

ဒါဟာ ကောင်းမွန်တဲ့ ခြေလှမ်းတရပ်လို့ မြင်တဲ့အကြောင်း TNLA ခေါ် တအာန်း(ပလောင်)အဖွဲ့ရဲ့ အထွေထွေအတွင်းရေးမှူး တာ့ဘုန်းကျော်က ဗွီအိုအေကို ပြောပါတယ်။

“အဲဒီကြေညာချက်အပေါ်မှာတော့ ဒါ ကောင်းမွန်တဲ့ ခြေလှမ်းတစ်ရပ်အနေနဲ့ ကျနော်တို့ မြင်ပါတယ်။ ဒီထက်ပိုပြီးတော့မှ တနိုင်ငံလုံးကို တိုက်ခိုက်တာတွေ ရပ်ဆိုင်းမယ်လို့ ကြေညာရင်တော့ ဒါ အတိုင်းထက်အလွန် ဒီထက်ပိုပြီးတော့ ကောင်းတယ်လို့ မြင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အခု ရခိုင်မှာ တိုက်ပွဲတကယ်ပြင်းနေတယ်။ ကြေညာတဲ့ပုံစံကတော့ ရခိုင်တော့ မပါတဲ့သဘောရှိပါတယ်။ ကြေညာထားတဲ့အတိုင်း တကယ်အလုပ်လုပ်ကြမယ်ဆိုရင် အထူးသဖြင့် ကျနော်တို့ မဟာမိတ် AA နဲ့ စကားပြောကြမယ်ဆိုရင် အခုလို တိုက်ပွဲဖြစ်နေတဲ့အချိန် ဆိုရင်တော့ ဒီကြေညာချက်က ရှေ့ကို သွားချင်သော်ငြားလည်းပဲ ရပ်တန့်သွားနိုင်တဲ့အနေအထားတွေ ဖြစ်နိုင်တဲ့အခြေအနေတွေ ရှိပါတယ်။”

ရခိုင်ပြည်နယ်မှာ အခြေစိုက်တဲ့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) နယ်မြေမှာ အပစ်ရပ်ဖို့ မထည့်သွင်းတဲ့အပေါ်မှာတော့ ARSA ခေါ်မူဆလင် လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာကြောင့် လို့ သုံးသပ်တာတွေလည်း ရှိနေပါတယ်။

နိုင်ငံရေးသုံးသပ်သူ ဦးမောင်မောင်စိုးကတော့ ဒီအခြေအနေတွေနဲ့ပတ်သက်လို့ သူ့ရဲ့ အမြင်ကို အခုလို ပြောဆိုပါတယ်။

“ဒီမှာ မပါတာတစ်ခုကတော့ နပခ တခုပဲ မပါတာပါ။ နပခ တစ်ခုပဲ မပါတဲ့အခါကျတော့ အဲဒါကတော့ ဆွေးနွေးပြီးမှ ဖြေရှင်းမှ ရမယ်။ တိုက်ရိုက်ထုတ်မှာ မဟုတ်ဘူးထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တကယ်လို့ သူက နပခကို အပစ်ရပ်တယ်လို့ စစ်ဆင်ရေးမလုပ်ပါဘူးလို့ ကြေညာလိုက်ရင် AA ရဲ့ တပ်ဖွဲ့တွေ အခု ကျောက်တော်တို့၊ ရသေ့တောင်၊ ဘူးသီးတောင်၊ ပုဏ္ဏားကျွန်းတို့ အဲဒီနယ်တွေ အစပ်တွေထိ ဝင်လာတဲ့ AA တပ်ဖွဲ့တွေတည်ရှိမှုကို သူက အသိအမှတ်ပြုရာ ရောက်သွား လိမ့်မယ်။ အဲလို အနေအထားမျိုးမှာတော့ သူက ဆွေးနွေးပွဲမှာ ရလဒ်အပေါ်မှာ မူတည်ပြီးမှ ဒီအဖြေကို ထုတ်မယ်လို့ ထင်ပါတယ်။ စိုးရိမ်ပူပန်မှုက ဘာပေါ်လာလည်း ဆိုတော့ ရှမ်းပြည်နဲ့ ကချင်ပြည်နယ်မှာ အပစ်ရပ်ပြီး AA ကို ဖိတိုက်မလားဆိုတဲ့ စိုးရိမ်ပူပန်မှုတော့ ရှိတာပေါ့။ ”

NCA ကို လက်မှတ်ထိုးပြီးအဖွဲ့တွေနဲ့ပါ ဆွေးနွေးမှာဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြထားတဲ့အတွက် လတ်တလော ကရင်အမျိုးသား အစည်းအရုံး KNU နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တို့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်ဖို့ ယာယီရပ်ဆိုင်းထားတာကို ဖြေရှင်းနိုင်ဖွယ်ရှိကြောင်းလည်း သုံးသပ်ပါတယ်။

ဒီကြေညာချက်အပေါ်မှာတော့- “ အခု ဒီကြေညာချက် မထွက်ခင်အထိတော့ ၂၀၁၈ မှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ရပ်တန့်ပြီး လျောကျတာပေါ့။ တကယ်တော့ ဒီကြေညာချက် သက်သက်တော့ မဟုတ်ပါဘူး။ ငြိမ်းချမ်းရေးကော်မရှင်က တောက်လျောက်ဆွေးနွေးခဲ့တာတွေ ရှိတယ်လေ။ တောက်လျောက်ဆွေးနွေးခဲ့ပြီးတော့ ၃ ဖွဲ့နဲ့ အပြန်အလှန် ကြေညာချက်တွေ ထုတ်ပြီး သဘောတူညီချက် ရထားတဲ့အခြေခံအပေါ်မှာ အခု စစ်ဆင်ရေးရပ်ဆိုင်းတယ်ဆိုတာ နောက်ဆက်တွဲပါလာတာပေါ့။ ပြောမယ်ဆိုရင် လျောကျနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်ပြီး တွန်းတင်တယ်လို့ပဲ ပြောရပါလိမ့်မယ်။”

တပ်မတော်ရဲ့ ကြေညာချက်ကို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာနက ကြိုဆိုလိုက်ပြီး NCA လက်မှတ် ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့နဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးခိုင်မာဖို့နဲ့ ကျန် ၈ ဖွဲ့ကိုလည်း NCA လက်မှတ်ရေးထိုးဖို့ ဆက်လက် ကြိုးပမ်းသွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

တပ်မတော်က အခု ထုတ်ပြန်လိုက်တဲ့ကြေညာချက်မျိုးဟာ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဖျက်သိမ်းခဲ့တဲ့ ၁၉၈၈ ခုနှစ်နောက်ပိုင်းမှာ ပထမဆုံးတရားဝင် ထုတ်ပြန်တာဖြစ်သလို ပြီးခဲ့တဲ့ ရက်ပိုင်းက ပြီးဆုံးသွားတဲ့ တရုတ်- မြန်မာနှစ်နိုင်ငံ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးဝန်ကြီးဌာနတွေရဲ့ 2+2 စတုတ္ထအကြိမ် ဆွေးနွေးပွဲနဲ့ ဆက်စပ်နေနိုင်ကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG