စစ်ဆင်ရေးနယ်မြေတွေအလိုက် တပ်ဘက်က စစ်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို လေးလကြာ ရပ်ဆိုင်းပေး မယ်လို့ စစ်တပ်ရဲ့ ကြေညာချက် အပေါ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အသီးသီးက အပြုသဘောအဖြစ် ကြိုဆို လိုက်ကြပေမဲ့ တနိုင်ငံလုံးအတိုင်းအတာနဲ့ အပစ်ရပ်သင့်တယ်လို့ ထောက်ပြကြပါတယ်။ လမ်းလွဲ တစ်ဆို့နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် လမ်းကြောင်းမှန် ရှေ့ဆက်လှမ်းနိုင်ဖို့ စစ်ရေးနည်းနဲ့မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းကြပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ ရှေ့ဆက်ဖို့လိုတယ်လို့လည်း တိုက်တွန်းကြပါတယ်။ မဆုမွန် စုစည်းတင်ပြထားပါတယ်။
၂၀၁၈ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ဧပြီ ၃၀ ရက်နေ့ထိ စစ်ဆင်ရေးနယ်မြေအလိုက် စစ်ရေးဆိုင်ရာ လှုပ်ရှားမှုများအားလုံးကို ရပ်ဆိုင်းပေးမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန်ချက်အပေါ် NCA အပစ်ရပ်တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ အပါအဝင် တိုင်းရင်းသားအဖွဲ့တွေဘက်က အပြုသဘော ဆောင်တဲ့ လုပ်ဆောင်ချက်အဖြစ် ကြိုဆိုကြောင်း အသီးသီး သဘောထား ထုတ်ပြန်လိုက်ကြပါတယ်။
တပ်ဘက်ကနေ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားပြီးသား အဖွဲ့တွေနဲ့ရော၊ မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ပါ တဖွဲ့ချင်းအလိုက် ညှိနှိုင်းဆွေးနွေး သွားမှာ ဖြစ်ကြောင်းလည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ကြေညာခဲ့တာဟာ နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးမှုကို လမ်းဖွင့်ပေးပြီး အပေါင်းလက္ခဏာဆောင်တဲ့ ဖြေလျှော့မှုအဖြစ်နဲ့ KNU ကရင်အမျိုးသား အစည်းအရုံးက ရှုမြင်ကြောင်း KNU ဗဟိုဌာနချုပ် ကော်သူးလေကလည်း သဘောထားထုတ်ပြန်ပါတယ်။
အလားတူ NCA အပစ်ရပ်လက်မှတ်ထိုးထားတဲ့ သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS ဘက်က လည်း ဒီလိုစစ်တပ်ရဲ့ ကြေညာချက်ဟာ လမ်းလွဲတစ်ဆို့နေတဲ့ မြန်မာ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လမ်းကြောင်း မှန်အပေါ် ပြန်လည်တွန်းတင် တည့်မတ်စေတဲ့ လုပ်ရပ်အဖြစ် ကြိုဆိုပါတယ်လို့ ပြောပါတယ်။ RCSS အနေနဲ့ တပ်ပိုင်းဆိုင်ရာကိစ္စရပ်တွေကို တပ်မတော်နဲ့သီးသန့်တွေ့ဆုံဆွေးနွေးဖို့ အစဉ်တစိုက်ကြိုးပမ်းနေတဲ့ကာလ ဖြစ်တာမို့ ဒီကြေညာချက်ကို ကြိုဆိုတာလို့လည်း ဆိုထားပါတယ်။
စစ်တပ်နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေ ရှေ့ဆက်ဆွေးနွေးဖို့ သဘောတူခဲ့ကြတဲ့မြောက်ပိုင်း မဟာမိတ်အဖွဲ့ ထဲက တဖွဲ့ဖြစ်တဲ့ ဝပြည်နယ်သွေးစည်းညီညွတ်ရေးတပ်မတော် U.W.S.A အဖွဲ့ဘက်ကလည်း အလားအတူ ကြိုဆိုပြီး ငြိမ်းချမ်းလုပ်ငန်းစဉ်တွေမှာ ပါဝင်ဆောင်ရွက်သွားကြမယ်ဆိုတာကိုလည်း ဒီကနေ့ ဒီဇင်ဘာလ ၂၂ရက်နေ့ နေ့စွဲနဲ့ ကြေညာခဲ့ပါတယ်။
ရခိုင်ပြည်လွတ်မြောက်ရေးပါတီကတော့ ဒီကြေညာချက်အပေါ် အပြုသဘောဆောင်တဲ့လုပ်ရပ်အဖြစ် ရှုမြင် ပေမယ့်လို့ အပစ်ရပ်မယ့်နယ်မြေတွေထဲမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်မပါဝင်တဲ့အပေါ်မှာတော့ စိုးရိမ်မိ ကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်သင့် ပါဝင်ထိုက်သူများအားလုံး ပါဝင်စေလိုတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက အခုလိုပြောပါတယ်။
“အဲဒါကြောင့်မို့လို့ အခုလို ထုတ်ပြန်လိုက်တာကို ကြိုဆိုသလိုပဲ ဒိထက်ပိုပြီးတော့မြင့်တဲ့- အရှိန်အဟုန်မြင့်တဲ့၊ အနှစ်သာရမြင့်တဲ့ တတိုင်းပြည်လုံး၊ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ပစ်ခတ်တိုက်ခိုက်မှုမျိုးကို အားလုံး ရပ်တန့်လိုက်ခြင်းအားဖြင့် ပိုပြီးတော့ အကျိုးရှိနိုင်တယ်လို့ ကျမအနေနဲ့သုံးသပ်ပါတယ်။ ဒါပေမယ့် ကျမ ပြောချင်တာကတော့ ရခိုင်ပြည်နယ်ဘက်မှာလည်း တိုက်ပွဲတွေ ရှိနေသေးတဲ့အပေါ်မှာ စိုးရိမ်ပူပန်မှုတွေ ရှိပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေဘက်တော့ ဒီ statement မှာ ပါလာတာ မရှိသေးပါဘူး။ ကျမအနေနဲ့ ပြောချင်တာကတော့ တနိုင်ငံလုံးအတိုင်းအတာဆောင်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲကြောင်းကို ကြေညာခြင်းအားဖြင့် ပိုပြီးတော့ အကျိုးရှိနိုင်တယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပိုပြီးတော့ အထောက်အကူပြုနိုင်တယ်။ တနည်းအားဖြင့် ပြောမယ်ဆိုလို့ရှိရင်လည်း NCA ပါ ပြဌာန်းချက်တွေကို ပိုပြီးတော့ အကောင်အထည်ဖော်နိုင်မယ်လို့ ယုံကြည်ပါတယ်။”
ရခိုင်ပြည်နယ်အပါအဝင် တိုင်းရင်းဒေသတွေမှာ စစ်ရေးတင်းမာမှုတွေဖြစ်နေဆဲအချိန်မှာ အခုလို တပ်ဘက်က တပ်ဘက်က စစ်ဆင်ရေးဆိုင်ရာလှုပ်ရှားမှုအားလုံးကို ရပ်ဆိုင်းပေးမယ်လို့ ကြေညာချက်အပေါ် တိုင်းရင်းသား လက်နက်ကိုင်တွေဘက်က ကြိုဆိုကြတာဟာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ရှေ့ဆက်အလားအလာကောင်းအဖြစ် ရှုမြင်ပေမယ့်လို့ အခြေအနေတွေကိုတော့ စောင့်ကြည့်ရဦးမယ်လို့ မြန်မာ့ငြိမ်းချမ်းရေးလေ့လာအကဲခတ်နေတဲ့ သတင်းစာဆရာဦးစည်သူအောင်မြင့်က သုံးသပ်ပါတယ်။
“အပစ်ရပ်ထားမယ် ဆိုတဲ့ကိစ္စက ဒီဘက်ကစစ်တိုင်းတွေပေါ့နော်-အဖွဲ့ ၈ ဖွဲ့ရှိတဲ့ စစ်တိုင်း ၅ ခုက ရပ်တယ်ဆိုတော့ ဒါက ဘာပဲပြောပြော လောလောဆယ် တိုက်ပွဲတွေ ဘာတွေလည်း အဲဒီဘက်မှာဖြစ်နေတော့ ကောင်းတဲ့ကိစ္စပေါ့။ ဒါပေမယ့် မပြည့်တော့ မပြည့်စုံဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရခိုင်ပြည်နယ်မှာဆိုရင် တိုက်ပွဲတွေဖြစ်တယ်။ အဲဒီစစ်တိုင်းက မပါဘူး။ အဲဒါ တချက်ပေါ့။ တဘက်မှာကလည်း NCA စာချုပ်နဲ့သွားနေတာရှိတယ်။ အဲဒီဥစ္စာကိုလည်း ဟန်ချက်ညီညီပေါ့နော်၊ မထိခိုက်ဖို့တော့ လိုတာပေါ့။ ဒါပေမယ့် နှစ်ဘက်မှာ ဘယ်လို သွားမလဲဆိုတာတော့ မသိသေးဘူး။”
မြန်မာ့နိုင်ငံရေးအကဲခတ် ဒေါက်တာရန်မျိုးသိမ်းကလည်း- လှုပ်လှုပ်ခတ်ခတ်ဖြစ်လာနေတဲ့ မြန်မာ့ငြိမ်းချမ်းရေး လက်ရှိအနေအထားအပေါ် အခုလို ရှုမြင်ပါတယ်။
“လက်ရှိ အစိုးရတပ်မတော်နဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း ခေါင်းဆောင်တွေကြားမှာ ဒီ သဘော တူညီချက်တရပ်ရတဲ့အထိ မျက်နှာစုံညီ တွေ့ဆုံဆွေးနွေး အဖြေရှာနိုင်ဖို့က ပိုပြီးတော့ အရေးကြီးတယ်လို့ မြင်တယယ်။ တပ်မတော်အနေနဲ့ ဖြစ်နိုင်တယ်ဆိုရင် ဒီ အပစ်အခတ်ရပ်စဲမှုကို တနိုင်ငံလုံးအတိုင်းအတာနဲ့ လွှမ်းခြုံပြီးတော့ …ထုတ်ပြန်ပေးဖို့ လိုအပ်တယ်။ အဲဒိလို ထုတ်ပြန်ပြီးတာနဲ့ တပြိုင်နက်တည်း တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း တပ်မတော်နဲ့ထပ်တူ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲကြောင်း ထုတ်ပြန်ဖို့ လိုအပ်တယ်။ နောက် စစ်ရေးလှုပ်ရှားမှုတွေကို တနိုင်ငံလုံးမှာ ရပ်စဲထားနိုင်ဖို့ လိုအပ်တယ်။ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်တာဟာ ပိုပြီးတော့ အကျိုးရှိနိုင်တယ်။ ပိုပြီးတော့ အဓိပ္ပာယ်ရှိနိုင်တယ်လို့ ကျနော်သုံးသပ်ပါတယ်။”
သဘောထားအသီးသီးထုတ်ပြန်ခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဘက်ကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်နိုင်ရေးနဲ့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးရဖို့ အင်အားသုံး စစ်ရေးနည်းနဲ့ မဖြေရှင်းဘဲ နိုင်ငံရေးနည်းလမ်းနဲ့ ငြိမ်းချမ်းစွာဖြေရှင်းကြပြီး လက်တွေ့ကျတဲ့ လုပ်ရပ်တွေနဲ့ ခိုင်မာတဲ့ ယုံကြည်မှုတည်ဆောက်ပြီး ရှေ့ဆက်ဖို့လိုတယ်လို့လည်း တိုက်တွန်းထားကြပါတယ်။