သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲရလဒ်ကြောင့် အာဏာပြန်သိမ်းဖို့မရှိ ကာချုပ်ကတိပေး


ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၂၁၊ ၂၀၁၅)
ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် သတင်းစာရှင်းလင်းပွဲ (စက်တင်ဘာ ၂၁၊ ၂၀၁၅)

တပ်မတော်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ပြဋ္ဌာန်းချက်အတိုင်းသာ လုပ်ဆောင်လိုတယ်လို့ ကာကွယ်ရေး ဦးစီးချုပ်ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောဆိုလိုက်ပါတယ်။ လာမယ့် ရွေးကောက်ပွဲမှာ တရားမျှတရေးအတွက် တပ်မတော်အနေနဲ့ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ရွေးကောက်ပွဲရလဒ်နဲ့ပတ်သက်ပြီးအာဏာပြန်သိမ်းဖို့ တပ်မတော်မှာ လုံးဝအစီစဉ် မရှိကြောင်းလည်းပြောဆိုလိုက်ပါတယ်။ ဒီသတင်းကို ဗီအိုအေမြန်မာပိုင်းသတင်းထောက် မေခက ပေးပို့ ထားပါတယ်။

ဒီကနေ့ နေပြည်တော်မှာလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ကာကွယ်ရေးဦးစီးချုပ်ကခုလိုပြောကြားခဲ့တာပါ။ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ တပ်မတော်အနေနဲ့ဘယ်လိုသဘောထားသလဲဆိုတာ သူကခုလိုပြောခဲ့ပါတယ်။

“၅၉ (စ) နဲ့ပတ်သက်ပြီး ကျနော့သဘောထားက - ဒါကလည်း ပုဂ္ဂိုလ်တစ်ယောက်ကိုရည်ရွယ်တာမဟုတ်ဘူးဆိုတာ ကျနော်တို့ ရိုးရိုးတန်းတန်းပဲ ပြောချင်ပါတယ်။ အနာဂတ်တိုင်းပြည်ကို တာဝန်ယူမယ့်ပုဂ္ဂိုလ်တစ်ယောက်ဟာ သံသယကင်းကင်းနဲ့ သံသယရှင်းရှင်းနဲ့လုပ်တဲ့သူဖြစ်တာ ပိုကောင်းပါတယ်- ကျနော်တို့ဒီလိုပဲ မြင်ပါတယ်။ ၄၃၆ (က) တို့၊ ၁၀၉ (ခ) တို့၊ ၁၅၁ (ခ) တို့ သုံးချက်ကတော့ တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းရေးကို ကာကွယ်ဖို့ အများကြီးစဉ်းစား…ဒါတွေကို အတည်ပြုလို့ရှိရင်တော့ ခုနကပြောတဲ့ သုံးချက်ကို အခြေအနေတွေကို မူတည်ပြီးပြောင်းမယ်လို့ ….ကျနော် ပြောခဲ့ပါတယ်။ ဒါကြီးကို တရားသေဆုတ်ကိုင်ပြီးတော့ …. ။”

တပ်မတော်အနေနဲ့ ရွေးကောက်ပွဲရလဒ်အပေါ်မှာ ကော်မရှင်အဆုံးဖြတ်ကိုလက်ခံမှာဖြစ်ကြောင်း၊ ရွေးကောက်ပွဲ ရလဒ်တစုံတရာအပေါ်မှာ အာဏာပြန်သိမ်းမယ်ဆိုတဲ့အစီစဉ်တပ်မတော်မှာ လုံးဝမရှိပါကြောင်း၊ ဒီ့အပြင် တပ်မတော် အနေနဲ့ တက်လာတဲ့အစိုးရတိုင်းနဲ့လည်း လက်တွဲလုပ်ဆောင်မှာ ဖြစ်တယ်လို့ပြောလိုက်ပါတယ်။

“ကျနော့်အနေနဲ့လည်း ကြိုဆိုပါတယ်။ ဘယ်သူပဲဖြစ်ဖြစ်ပါ၊ တာဝန်ထမ်းဆောင်ရမယ့် အမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲဖြစ်ဖြစ် ကြိုဆိုတဲ့အကြောင်း ပြောလိုပါတယ်။ နေရာပေးဖို့လည်း အဆင်သင့်ရှိကြောင်း ကျနော်ပြောလိုတယ်။ အဲဒီတော့ ဖြစ်လည်းဖြစ်စေချင်ပါတယ်။”

လက်ရှိလုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး မြန်မာဆိုတဲ့စိတ်နဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့လူတိုင်းလက်တွဲ လုပ်ဆောင်ပေး စေချင်ကြောင်းသူကခုလို မှတ်ချက်ပေးခဲ့ပါတယ်။

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကျနော်တို့က …… အကုန်လုံးတိုင်းပြည်အေးအေးချမ်းချမ်းဖြစ်အောင် လုပ်စေချင်တဲ့ဆန္ဒ တပ်မတော်မှာအပြည့်အဝရှိတယ်။ ကျနော့်ရဲ့ ပုဂ္ဂိုလ်ရေးဆန္ဒ ပြောရလို့ရှိရင် ….တိုင်းပြည်တည်ငြိမ်အေးချမ်းရေး ….တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်လိုလားပါတယ်။ တပ်မတော်ရဲ့ဆန္ဒကလည်း ဒီအတိုင်းပါပဲ။ တိုင်းရင်းသားလက်နက်ကိုင် ပြဿနာတွေက ပြီးခဲ့တဲ့လွတ်လပ်ရေးမရခင် ကာလတွေတုန်းက ကိုလိုနီဖြစ်ခဲ့တဲ့အခြေအနေမှာ ပေါ်ထားတဲ့ သံသယတွေရဲ့ နောက်ဆက်တွဲဖြစ်လာတာတွေဖြစ်ပါတယ်။ ကျနော်တို့ လည်း ကြိုးစားပြီး ရှင်းပြပါတယ်။ ပြေလည်တဲ့ဟာတွေရှိတယ်၊ မပြေလည်တဲ့ဟာတွေရှိတယ်။”

ကိုယ်လိုချင်တဲ့အခွင့်အရေးအပေါ်ညှိနှိုင်းယူနိုင်ကြောင်း၊ တဖက်သက်အမြင်တွေနဲ့ လုပ်ဆောင်မှုတွေကြောင့် တိုင်းပြည် အနေနဲ့ ရှေ့မတိုးနိုင်ဘဲ ထင်သလောက်ခရီးမပေါက်ဘဲဖြစ်နေတာတွေရှိကြောင်းပြောဆိုလိုက်ပါတယ်။ ဘာသာရေးကို ခုတုံးလုပ်ပြဿနာမဖြစ်ဖို့လည်း သူက သတိပေးလိုက်ပါတယ်။ လက်ရှိမှာ သုံးစွဲနေတဲ့ တပ်ပိုင်းဆိုင်ရာ အသုံးအနှုန်း၊ တပ်မတော်ဆိုတဲ့ စကားရပ်အပေါ်သူကခုလိုပြောပြခဲ့ပါတယ်။

“နိုင်ငံတနိုင်ငံမှာ တပ်မတော်ဆိုတာ တရပ်ပဲရှိပါတယ်။ ဘယ်မှာမှ….ဘယ်တုန်းကမှ စင်ပြိုင်တပ်မတော်ဆိုတာမရှိဘူး။ ဒီအတွက်ကြောင့် တပ်မတော်ရဲ့အသုံးအနှုန်းဟာ တပ်မတော်အတွက်ပဲဖြစ်စေချင်ပါတယ်။ တချို့တွေက မသက်ဆိုင်တဲ့အဖွဲ့အစည်းတွေမှာ သွားပြီးသုံးနှုန်းနေတာရှိသလိုဘဲ တဘက်ကလည်း ကျနော်တို့တပ်မတော်ရဲ့ဂုဏ်ရဲ့အသုံးတွေ မှားယွင်းနေတာတွေကို ကျနော်တို့ တွေ့ပါတယ်။ ရည်ရွယ်ချက်ရှိချင်မှလည်း ရှိမှာပါ။ ကျနော်တို့အနေနဲ့ ရည်ရွယ်ချက်ရှိလို့ မပြောဘူး။ ဒါလေးတွေက ကိုယ့်နိုင်ငံရဲ့ dignity ဂုဏ်သိက္ခာအရ၊ တပ်မတော်ရဲ့သိက္ခာအရ ဒါလေးတွေကို မှန်မှန်ကန်ကန် သုံးမယ်ဆိုရင်ကောင်းပါတယ်။ ဥပမာအားဖြင့် စစ်တပ်ဆိုတဲ့အသုံးမျိုး၊ တပ်မတော်ဆိုတဲ့အသုံးမျိုးနဲ့ ထူးခြားတဲ့ဝိသေသပြုချင်တယ်ဆိုလို့ရှိရင် ကျနော်တို့က တပ်မတော်လို့ သုံးကြပါတယ်။ သိမ်မွေ့တဲ့အသုံးအနှုန်းဖြစ်ပါတယ်။ စစ်တပ်ဆိုတာမျိုးက နည်းနည်းလေး ပြင်းထန်တဲ့အသုံးအနှုန်းမျိုးဖြစ်တယ်လို့ ယူဆပါတယ်။”

ဒါ့အပြင် မကြာသေးခင်ကသွားရောက်လာခဲ့တဲ့ အစ္စရေးနိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး သူကခုလိုပြောဆိုလိုက်ပါသေးတယ်။

“သူတို့နိုင်ငံတွေကနေပြီးတော့ ကျနော်တို့တပ်မတော်သွားနေတဲ့ stand …..နဲ့ပတ်သက်ပြီး သူတို့နဲ့ ပူးပေါင်းဆောင်ရွက်လို့ရတဲ့ နယ်ပယ်တွေပေါ့ဗျာ- သူတို့….လုပ်နိုင်တဲ့နယ်မြေတွေ ရှိပါတယ်။ နောက် တပ်မတော်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး။ စစ်….နဲ့ပတ်သက်တဲ့ လေ့ကျင့်ရေးတွေ ရှိပါတယ်။ ဒါလေးတွေလည်း လေ့ကျင့်ပေးဖို့၊ လေ့ကျင့် ရေးပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာတွေ ရှိပါတယ်။”

လာမယ့်ရွေးကောက်ပွဲမှာတပ်မတော်ဘက်ကနေတင်မြောက်မယ့် ဒုတိယသမ္မတလောင်းနဲ့ပတ်သက်ပြီးရွေးချယ်ရ သေးခြင်းမရှိ ကြောင်း ကာကွယ်ရေးဦးစီးချုပ်ကပြောဆိုခဲ့ပါတယ်။

XS
SM
MD
LG