သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်၊ အစိုးရ၊ လူထုနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ တပ်ချုပ် ထပ်မံကတိပြု


၇၁ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo: Senior General Min Aung Hlaing Facebook)
၇၁ နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနားတွင် မိန့်ခွန်းပြောနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်။ (Photo: Senior General Min Aung Hlaing Facebook)

နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်း အောင်မြင်ဖို့ အတွက် တပ်မတော် ဟာ နိုင်ငံတော်နဲ့ပြည်သူလူထု အကျိုးစီးပွား ဖြစ်ထွန်းအောင်မြင်ဖို့အတွက် ပူးပေါင်းဆောင်ရွက် သွားမယ်လို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြု ပြောဆိုပါတယ်။ အရင်အစိုးရ အဆက်ဆက်က တပ်မတော်နေ့ လို့ခေါ်ဆိုလာပြီး ဒီမိုကရေစီရေး လှုပ်ရှားသူတွေ က တော်လှန်ရေးနေ့ လို့ခေါ်ဆိုတဲ့ မတ်လ ၂၇ ရက် ဒီကနေ့ နေပြည်တော်မှာ ကျင်းပ တဲ့ စစ်ရေးပြအခမ်းအနားအတွင်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က အဲဒီလိုပြောသွားတာပါ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ရဲ့ ဒီကနေ့ကြေညာချက် ထဲမှာတော့ တပ်မတော်အနေနဲ့ ဒီမိုကရေစီရေးမှာ အတူတကွပါဝင်ပြီး အမျိုးသား ရင်ကြားစေ့ရေးမှာ ပါဝင် အောင်ပွဲခံနိုင်ပါစေလို့ တိုက်တွန်းထားပါတယ်။ အပြည့်အစုံကို စစ်ရေးပြအခမ်းအနားကျင်းပရာ နေပြည်တော်မှာ ကိုယ်တိုင် သတင်းသွားယူနေတဲ့ ဗွီအိုအေသတင်းထောက် မမေခက သတင်းပေးပို့ထားပါတယ်။

(၇၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား
(၇၁)နှစ်မြောက် တပ်မတော်နေ့စစ်ရေးပြအခမ်းအနား

၂၀၁၅ ခုနှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လွတ်လပ် တရားမျှတပြီးတော့ အောင်မြင်အောင် တပ်မတော်က အစိုးရ၊ ပြည်သူလူထုနဲ့ ပူးပေါင်းပြီးတော့ ဆောင်ရွက်ခဲ့တယ်ဆိုတာကို ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောဆိုသွားပါတယ်။ လက်ရှိ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးမှာ ရှိနေတဲ့ အဟန့်အတားတွေကို ထောက်ပြပြီးတော့ ပူးပေါင်း ဆောင်ရွက်မယ်ဆိုတာ အခိုင်အမာ ပြောသွားတာပါ။

“တို့နိုင်ငံ ဒီမိုကရေစီ ဖော်ဆောင်ရာမှာ အဓိက နှောင့်ယှက်ဟန့်တားမှု နှစ်ခုကတော့ စည်းကမ်း၊ လုပ်ထုံးလုပ်နည်းနဲ့ ဥပဒေကို လေးစားလိုက်နာမှု အားနည်းခြင်းနဲ့ လက်နက်ကိုင် သောင်းကျန်းမှုများ ရှိနေခြင်းပဲ ဖြစ်တယ်။ ဒါတွေဟာ ပရမ်းပတာ ဒီမိုကရေစီကို ဦးတည် သွားစေနိုင်တယ်။ပါတီစုံဒီမိုကရေစီ စနစ်ကို ခိုင်မာစေချင်ရင် ထိုက်တန်တဲ့ စည်းကမ်းရှိမှု၊ ဥပဒေ လေးစားလိုက်နာမှုရှိရမယ်။ တပ်မတော်ဟာ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုးစီးပွားကို ဖြစ် ထွန်းအောင်မြင်အောင် ဖော်ဆောင်နိုင်ဖို့အတွက် ပူးပေါင်း ဆောင်ရွက်သွား မှာ ဖြစ် ကြောင်း အလေးအနက် ပြောကြားလိုတယ်။’’

အခု စစ်ရေးပြပွဲဟာ ၂၀၁၅ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးတဲ့နောက်ပိုင်း ပထမဆုံးကျင်းပတဲ့ စစ်ရေးပြအခမ်းအနားဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်နှစ် ဒီလိုစစ်ရေးပြအခမ်းအနားတွေမှာ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ပေမဲ့ ဒီနှစ်စစ်ရေးပြအခမ်းအနားကိုတော့ မတက်ရောက်ပါဘူး။ လွှတ်တော်ပိုင်းက ခေါင်းဆောင်တချို့တော့ တက်ရောက်ကြပါတယ်။

၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ ကြေညာချက်ဆိုပြီး NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်ထဲမှာ တော့ ဖက်ဆစ်တော်လှန်ရေးနေ့ရဲ့ သမိုင်းကြောင်း၊ စစ်တပ်နဲ့ပတ်သက်ပြီး ဗိုလ်ချုပ်အောင်ဆန်းပြောခဲ့တဲ့ မိန့်ခွန်းကောက်နှုတ် ချက်၊ တပ်မတော်နဲ့ လက်တွဲလုပ်ဆောင်ရေးနဲ့ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့ဖူးတဲ့ မိန့်ခွန်းတွေထဲကတချို့ကို ကောက်နှုတ်ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်အဆုံးမှာတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် အမှူးပြုတဲ့ လွှတ်တော်နဲ့ အစိုးရ အဖွဲ့က မြန်မာနိုင်ငံရဲ့ အမျိုးသားအင်အားစုဖြစ်တဲ့ တပ်မတော်အနေနဲ့ ပြည်သူလူထုအားလုံး တစိုက်မတ်မတ်ကြိုးပမ်းနေတဲ့ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေ မှာ အတူတကွ အမျိုးသားရင်ကြားစေ့ရေးမှာပါဝင် ဆင်နွှဲ အောင်ပွဲခံ နိုင်ပါစေကြောင်း ၇၁ နှစ်မြောက် ဖက်ဆစ်တော်လှန်ရေးနေ့ကို ဂုဏ်ပြုရင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်လို့ ဖော်ပြထားပါ တယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ သူ့ရဲ့မိန့်ခွန်းထဲမှာ တပ်မတော်သားတွေ ဆင်းရဲဒုက္ခခံပြီး ပေးဆပ်လုပ်ဆောင်ကြရတာ ကို ထည့်ပြောသလို လက်ရှိအခြေအနေ ကနေ ယိမ်းယိုင်သွားတာမျိုး အဖြစ်ခံမှာ မဟုတ်ဘူးလို့ဆိုပြီး တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေး ဦးဆောင်အခန်းကဏ္ဍဆိုတာကို ထည့်ပြောသွားပါတယ်။

“ခက်ခဲကြမ်းတမ်း စွာနဲ့ ဘဝကို ဖြတ်သန်းပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလမှာ တည်ငြိမ်အောင်၊ ပြည်သူရဲ့ဆန္ဒအတိုင်း တိုင်းပြည်ကို လက်ရှိ အခြေအနေ အခြေခံကောင်းများ ရရှိအောင် လုပ်ဆောင်ခဲ့ကြသူများ ဖြစ်တဲ့အတွက် ဒီလို အခြေအနေမျိုးကနေ ယိမ်းယိုင်သွားစေမယ့် ကိစ္စရပ်တွေ၊ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှု၊ နယ်မြေပိုင်ဆိုင်မှုကို ထိပါးစေမယ့် ကိစ္စရပ်တွေ၊ ပြည်ထောင်စု ပြိုကွဲမှုကို ဦးတည်လာမယ့် အခြေအနေမျိုးတွေကို တပ်မတော် အနေနဲ့ ရောက်ရှိခံမှာ မဟုတ်ကြောင်း ပြောကြားလိုတယ်။ ဒါ့ကြောင့် တို့တပ်မတော်ဟာ သမိုင်းကြောင်းအရ၊ တိုင်းပြည်ရဲ့ အနေအထားအရ အမျိုးသားနိုင်ငံရေး ဦးဆောင်မှုအခန်းကဏ္ဍက ပါဝင်နေရတာ ဖြစ်ကြောင်း ရဲဘော်တို့ အနေနဲ့ သိရှိနားလည်ထားဖို့ လိုမှာဖြစ်တယ်။

အခြေခံဥပဒေအရ အပ်နှင်းထားတဲ့ တပ်မတော်ရဲ့ အမျိုးသား နိုင်ငံရေး တာဝန်တွေကို လေ့လာကြည့်ရင် တို့နိုင်ငံရဲ့ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက် အကောင်အထည်ဖော်ဖို့အတွက် သာဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း တွေ့မြင်နိုင်မှာ ဖြစ်တယ်။”

တပ်မတော်အနေနဲ့ လွှတ်တော်၊ အစိုးရ၊ ပြည်သူလူထုနဲ့ ပူးပေါင်းဆောင်ရွက်သွား ပါမယ်လို့ ကြေညာထားတဲ့အတိုင်း ပြတ်ပြတ် သားသားရှိဖို့လိုတယ် လို့ မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစည်သူအောင်မြင့်က ပြောပါတယ်။

“သမ္မတဆိုတဲ့ဟာက နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲလေ။ နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ဆိုတဲ့အခါကျတော့ သမ္မတဦးသိန်းစိန်ကို တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လေးစားသမှုပြုသလိုပဲ အခု သမ္မတ ဦးထင်ကျော်ကိုလည်း လေးစားသမှုပြုဖို့လိုတယ်။ ပြီးတော့မှ ဒီကနေ တဆင့်ပေါ်ပေါက်လာတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်တဲ့အချိန်မှာလည်း အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ဒါတင်မကဘူး တိုင်းပြည်မှာ ပိုပြီးတော့ အရေးကြီးတာက ဒီအစိုးရ တည်ငြိမ်ရေးပေါ့၊ အသွင်ကူးပြောင်းရေး တည်ငြိမ်ရေးပေါ့။ ဖွဲ့စည်းပုံအခြေခံဥပဒေ အရ ပေါ်ပေါက်လာတဲ့ အသွင်ကူးပြောင်းရေး တည်ငြိမ်ရေးကို တပ်မတော်က အပြည့်အ၀ အကာအကွယ်ပေးဖို့လည်း လိုတယ်။ ဒါကအရေးကြီးဆုံးပဲ။”

ပြည်တွင်းငြိမ်းချမ်းရေး၊ အမျိုးသား ပြန်လည်ရင်ကြားစေ့ရေး၊ ထာဝရငြိမ်းချမ်းရေး ဖော်ဆောင်ရေး စတာတွေနဲ့ပတ်သက်ပြီးတော့ လည်း ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့မိန့်ခွန်းထဲမှာ ထည့်ပြောပါတယ်။ ဒါပေမဲ့လည်း နှစ်ပေါင်းများစွာဖြစ်လာတဲ့ လူမျိုးစု လက်နက်ကိုင်ပဋိပက္ခတွေကို ရည်ညွှန်းပြောဆိုတာမှာတော့ ပြည်တွင်း ဆူပူ သောင်းကျန်းမှု၊ ဆူပူသောင်းကျန်းသူ စသည်အား ဖြင့် သုံးနှုန်း ပြောဆိုသွားပါတယ်။

XS
SM
MD
LG