သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှတန်ဖိုး ပြန်သုံးသပ်ဖို့ မင်းကိုနိုင် အကြံပေး


တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ၃ ရက်ကြာကျင်းပတဲ့ Asia Democracy Network Founding Assembly ကို ကိုမင်းကိုနိုင် တက်ရောက်စဉ် - ၂၃ အောက်တိုဘာ ၂၀၁၃ (ဓာတ်ပုံ - ဦးစိုးအောင်-NDD)
တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ၃ ရက်ကြာကျင်းပတဲ့ Asia Democracy Network Founding Assembly ကို ကိုမင်းကိုနိုင် တက်ရောက်စဉ် - ၂၃ အောက်တိုဘာ ၂၀၁၃ (ဓာတ်ပုံ - ဦးစိုးအောင်-NDD)
အာရှဒေသတွင်းက မျိုးဆက်လိုက် ရှေးရိုးစွဲ ဖြစ်နေတဲ့ အမိန့်နာခံကျိုးနွံမှု၊ အထက်လူကြီး မိဘဆရာသမားတွေရဲ့ အမှားကို ပြန်မထောက်ပြရဲတဲ့ အရိုးစွဲနေတဲ့ အမူအကျင့်တွေကို မျိုးဆက်သစ် လူငယ်တွေအနေနဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေနဲ့ တွန်းလှန်ပြောင်းလဲပစ်ရမယ်လို့ ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောဆိုလိုက်ပါတယ်။

အာရှဒေသတွင်း နိုင်ငံတွေက လူပ်ရှားသူတွေ ပထမဆုံး တွေ့ဆုံကြတဲ့ အာရှ ဒီမိုကရေစီ ကွန်ယက် ညီလာခံမှာ မြန်မာနိုင်ငံကိုယ်စားပြု ဆွေးနွေးချိန် အတွင်း ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို ရောက်နေတဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ဆက်သွယ် မေးမြန်းထားတဲ့ မဆုမွန် က တင်ပြပေးပါမယ်။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ ကိုရီးယား ဒီမိုကရေစီ ဖောင်ဒေးရှင်းကနေ ကမကထပြုလုပ်ပြီးတော့ အောက်တိုဘာလ ၂၁ ရက်နေ့ကစလို့ အောက်တိုဘာလ ၂၃ ရက်နေ့အထိ သုံးရက်တာကျင်းပတဲ့ (Asia Democracy Network Founding Assembly) လို့ခေါ်တဲ့ အာရှဒီမိုကရေစီကွန်ယက် ဖော်ဆောင်ရေး ညီလာခံမှာ အာရှတိုက်ဒေသတွင်း နိုင်ငံအသီးသီးမှာ ဒီမိုကရေစီ ဖော်ဆောင်နိုင်ရေး အရပ်ဖက် လူ့အဖွဲ့အစည်းတွေ အချင်းချင်း ကွန်ယက်အသွင် ချိတ်ဆက် ဖော်ဆောင်နိုင်ဖို့ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

ညီလာခံမှာ အာဏာရှင် လက်အောက်က လွတ်မြောက်လာရတဲ့ နိုင်ငံတွေရဲ့ အာရှတန်ဖိုးဆိုတဲ့အပေါ် သုံးသပ်တဲ့အမြင်တွေကြား မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က အတွေးအခေါ်နဲ့ ယဉ်ကျေးမှုတွေနဲ့ ပတ်သက်လို့ သုံးသပ်ဆွေးနွေးခဲ့တဲ့အကြောင်း အခုလို ပြောပြပါတယ်။

“အာရှတန်ဖိုးရဲ့ အဓိပ္ပါယ်က ဘာလဲ၊ အနှစ်သာရက ဘာလဲ၊ ပြီးတော့ ကျနော်တို့က ဒီနေ့ ဒီအချိန်မှာ အာရှတန်ဖိုးကို ဘယ်လို နားလည်သင့်သလဲ။ ဘယ်လို အဓိပ္ပါယ်ဖွင့်ဆိုသင့်သလဲ ဆိုတာကို ကျနော် ဆွေးနွေးပါတယ်။ တကယ်တော့ ကျနော်တို့ဆီမှာ နှစ်ပေါင်းများစွာ ရှိနေတဲ့ အာရှတန်ဖိုးဆိုတာ မေးခွန်းထုတ်စရာတွေ အင်မတန်ရှိပါတယ်။ အကြီးအကဲကို ရိုသေရမယ်။ မြေဝယ်မကျ နားထောင်ရမယ် ဆိုတာမျိုးဟာ တကယ်တော့ ကျိုးနွံမှုကိုသာ ဦးစားပေးတယ်လို့ ကျနော်တို့ မြင်တယ်။ အဲ့တော့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ၊ ပိုကောင်းတဲ့ အကြောင်းအရာတွေကို ကျနော်တို့ ဖော်ထုတ်တင်ပြခွင့်၊ ငြင်းဆိုခွင့်၊ နောက်တခုက အကြီးအကဲတွေရဲ့ အမှားတွေကို ဝေဖန်ထောက်ပြနိုင်ခွင့်တွေအတွက် မေးစရာရှိတယ်။”

နှစ်ပေါင်းများစွာ စစ်အာဏာရှင် စနစ်အောက်မှာ နေခဲ့ရပြီး ပြီးခဲ့တဲ့နှစ်ပိုင်းကမှ အရပ်သားအစိုးရ အသွင်ပြောင်းပြီးတော့ ပြုပြင်ပြောင်းလဲရေးတွေ စတင် လုပ်ဆောင်နေပြီး ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံတွင်းက ပြည်သူ လူထုနဲ့ လူငယ်မျိုးဆက်သစ်တွေ အပါအဝင် အလားတူ အာဏာရှင်လက်အောက်က လွတ်မြောက်အောင် ရုန်းကန်ခဲ့ရတဲ့ အာရှဒေသတွင်းက ဒီမိုကရေစီ ဖော်ဆောင်နေတဲ့ နိုင်ငံတွေက မျိုးဆက်သစ် လူငယ်တွေမှာ အသွင်ကူးပြောင်းရဲတဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်တွေ ရှိဖို့ အဓိက လိုအပ်တယ်လို့လည်း ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် က ပြောပါတယ်။

“ကျနော်တို့ လိုချင်တဲ့ မျိုးဆက်သစ်ဟာ သတ္တိလည်းရှိပြီးတော့ ဉာဏ်ရည်လည်း ပိုမြင့်တဲ့ မျိုးဆက်တွေဖြစ်အောင် လေ့ကျင့်ပျိုးထောင်ကြဖို့၊ သတ္တိဆိုတဲ့နေရာမှာ အကြီးအကဲလုပ်သူတွေရဲ့ မှားယွင်းမှုတွေကို ထောက်ပြပြီး ပိုကောင်းတာတွေကို ပြီးတော့ ပိုဆန်းသစ်တဲ့ အတွေးအခေါ် အယူအဆ စိတ်ကူးစိတ်သန်းတွေကို တင်ပြရဲတဲ့၊ ပြီးတော့ အကောင်အထည်ဖော်ရဲတဲ့ မျိုးဆက်သစ်တွေ ဖြစ်ဖို့ပေါ့ ဗျာ။ နောက်ဆုံး ကျနော်တို့ကြည့်ပါ။ ဒီကနေ့ အာရှနိုင်ငံ တော်တော်များများ မှာ ကျောင်းတွေမှာပဲကြည့်ကြည့်၊ ကုမ္ပဏီတွေမှာပဲကြည့်ကြည့်၊ အရပ်ဖက် လူ့အဖွဲ့အစည်းတွေမှာပဲ ကြည့်ကြည့် ဒီ အရိုအသေ ပေးရမှုနဲ့အတူ ဘာပါလာလဲဆိုတော့ ကျိုးနွံမှု၊ အမိန့်နာခံမှု၊ အမှားကို မထောက်ပြရဲတာတွေ၊ ဒါတွေ တော်တော်များနေတယ်ဗျ။ အဲ့တော့ ကျနော်တို့ဆီမှာ ပြုပြင်ပြောင်းလဲ ရမှာတွေဟာ အဲ့လို စိတ်နေသဘာဝတွေကိုပါ ပြောင်းလဲကြရမယ်။”

အထက်လူကြီး အဆင့်ဆင့်ရဲ့ အမိန့်နာခံတတ်မှုထက် အမှန်အမှားကို
ဝေဖန် ထောက်ပြရဲတဲ့ သတ္တိရှိတဲ့ တာဝန်ယူမှု တာဝန်ခံမှု အပြည့်ယူတတ်တဲ့ မျိုးဆက်သစ် လူငယ်တွေ မွေးထုတ်ဖို့ မျိုးဆက်တိုင်းမှာ တာဝန်ရှိတယ် ဆိုတာကိုလည်း ထောက်ပြ ပြောဆိုခဲ့တယ်လို့ ကိုမင်းကိုနိုင် က ပြောပါတယ်။

“အထက်ကမှားရင် ရဲရဲတင်းတင်း ပြောရဲပြီးတော့ မကောင်းတာကို ပွင့်ပွင့်လင်းလင်း ပြောပြီးတော့ အကောင်အထည် ဖော်ရဲတဲ့စိတ်၊ ပြီးတော့ တာဝန်ယူမှုပေါ့ဗျာ ခိုင်းသမျှ လုပ်တာမျိုးမဟုတ်ဘဲနဲ့ ကျနော်တို့ကိုယ်တိုင် တာဝန်ယူမှုနဲ့ လုပ်နိုင်တဲ့ အတွေးသစ်တွေ၊ အယူအဆသစ်တွေနဲ့ သွားရဲတဲ့ မျိုးဆက်သစ်တွေဖြစ်ဖို့ ကျနော် ပြောပါတယ်။ ပြီးတဲ့အခါကျတော့ အထူးသဖြင့် ကျနော်တို့ အာရှတန်ဖိုးဆိုတာဟာ နောင်တချိန်မှာ အဓိပ္ပါယ်ဖွင့်ကြတဲ့အခါ လူ့ဂုဏ်သိက္ခာနဲ့ ဒီမိုကရေစီကို တန်ဖိုးထားတဲ့ လူ့အဖွဲ့အစည်းပဲဆိုတာ
နိုင်ငံတကာက နားလည်သဘောပေါက်တဲ့အထိ ကျနော်တို့ ကြိုးပမ်းကြဖို့ ကျနော်တို့မှာရှိပြီးသား အခု စပြီးတော့ ချိတ်ဆက်မိနေတဲ့ ကွန်ယက်တွေကို ပိုပြီးတော့ အားကောင်းလာအောင်၊ ပြီးတော့ စာရွက်တွေပေါ်မှာ ကိန်းဂဏန်းတွေထဲတင် ပျောက်သွားတဲ့ ဆွေးနွေးပွဲတွေ မဟုတ်ဘဲနဲ့ ဆက်ပြီးတော့ အားကောင်းမောင်းသန် တယောက်နဲ့တယောက် လက်တွဲချိတ်ဆက်ပြီးတော့ မလွတ်မြောက်သေးတဲ့သူတွေ လွတ်မြောက်အောင် မဖွံ့ဖြိုးသေးတဲ့ တိုင်းပြည်တွေ ဖွံ့ဖြိုးအောင်၊ မငြိမ်းချမ်းသေးတဲ့နေရာတွေ ငြိမ်းချမ်းအောင်၊ ကျနော်တို့အားလုံး လက်တွဲကြဖို့ တိုက်တွန်းနိုင်ခဲ့ပါတယ်။”

ပထမဆုံးအကြိမ် အာရှဒေသတွင်း အရပ်ဖက် လူ့အဖွဲ့အစည်းအရေး လှုပ်ရှားသူတွေ တွေ့ဆုံတဲ့ အရပ်ဖက် လူ့အဖွဲ့အစည်း ၁၀၀ ကျော် တက်ရောက်ခဲ့တာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် အပါအဝင် Triangle Women Support အမျိုးသမီး အခွင့်အရေး လှုပ်ရှားသူ မခင်လေး၊ New Myanmar Foundation အဖွဲ့က မမြနန္ဒာနဲ့ ဒီမိုကရက်တစ် အင်အားစုက ဦးစိုးအောင် တို့ တက်ရောက် ဆွေးနွေးခဲ့ကြပါတယ်။
XS
SM
MD
LG