သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေယာကိစ္စ မင်္ဂလာဒုံဒေသခံတွေနဲ့ အာဏာပိုင်တွေအကြား တင်းမာမှုဖြစ်


လွန်ခဲ့တဲ့နှစ် ၂၀ နီးပါးကတည်းက မင်္ဂလာဒုံမြို့နယ် ပတ္တမြားမြို့သစ်က ပလပ်မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးရေးလုပ်ကိုင်နေသူတွေကို ဖယ်ရှားပေးဖို့ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊ ဦးပိုင်ကုမ္ပဏီနဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းဝန်ကြီးဌာန အပါအဝင် မီးသတ်တပ်ဖွဲ့ဝင်တချို့က စာရင်းကောက်ယူရာမှာ နှစ်ဘက် တင်းမာမှုတွေ ဖြစ်ခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ကိုကျော်ထင် က သတင်းပေးပို့ခဲ့ပါတယ်။

ဒီနေ့မနက်ပိုင်းမှာပဲ ပတ္တမြားမြို့သစ် အနီးမှာရှိတဲ့ စိုက်ကွင်းမှာ နေထိုင်သူတွေကို ဖယ်ရှားပေးဖို့ အာဏာပိုင်တွေက ကွင်းဆင်းစစ်ဆေးလာချိန်မှာ ဒေသခံတွေက မဖယ်ရှားနိုင်ဘူးလို့ တင်းခံနေတာ ဖြစ်ပါတယ်။ စုစုပေါင်း ဧက ၃၀ နီးပါးလောက်ရှိမယ့် မြေလွတ်မြေရိုင်းတွေကို လက်ရှိ နေထိုင်သူတွေက လွန်ခဲ့တဲ့ နှစ် ၂၀ နီးပါးကတည်းက ခုတ်ထွင်ရှင်းလင်းပြီး နေထိုင်ခဲ့ကြတာမို့ ဖယ်မပေးနိုင်ဘူးလို့ ငြင်းဆန်နေကြတာပါ။ ဒီမနက် အခြေအနေကိုတော့
ဒေသခံတွေက အခုလို ပြောကြပါတယ်။

“ခင်ဗျားတို့အားလုံးက သူတု့ိ ဖျက်ခိုင်းရင် ဖျက်မလားတဲ့။ သူတို့က ဖျက်ခိုင်းနေပြီ။ ခင်ဗျားတို့ နေမလား ဖျက်မလား။ သူတို့က လုပ်မယ့်ပုံပဲ၊ ဒီနေရာက ပလပ်မြေပဲ၊ ကျမက ဒီနေရာပဲ ပြန်လျှောက်ပြီး နေချင်တာ”

စိုက်ကွင်းရပ်မိရပ်ဖ ဦးသံချောင်းကတော့ ဒီမြေနေရာမှာ နှစ်ပေါင်းများစွာ အခွန်အခပေးပြီး နေထိုင်ခဲ့တာလို့ ဆိုပါတယ်။

“ကျနော်တု့ိကို အခကြေးငွေ ယူပြီးတော့ ၁၁ လပိုင်းကနေ စနှင်တာ၊ ၂၀၀၉ ခုနှစ် ၆ လပိုင်းကနေ သူတို့ကို အခွန်အခ ပေးသွင်းခဲ့ရတယ်။ စိုက်ခင်းတခုကို ကျပ် ၅၀၀၀၊ ၆ လ တဖြတ်ကို ၃ သောင်း သွင်းရတယ်။ တနှစ်ကို ၆ သောင်း သွင်းရတယ်။ အဲ့လို ကျနော်တို့ နေခဲ့တာ။ ၂၀၀၉ ခုနှစ် ၆ လပိုင်းကနေစပြီးတော့ ၂၀၁၂ ခုနှစ် ၁၂ ပိုင်းအထိ ကျနော်တို့ ပေးသွင်းခဲ့တာ။ အခုဆိုရင် ၄ နှစ်ရှိပြီ။ နောက်ပိုင်း သူတို့ဘက်က ပုံစံ ဘယ်လိုဖြစ်မှန်းတော့ မသိဘူး။ ကျနော်တို့ကို နှင်တယ်။ နှင်တော့ သူတို့မြေ မဟုတ်မှန်းလည်း သိတယ်။ ကျနော်တို့က ကြောက်လို့သာ ပေးရတာ။ အခုလို လာနှင်တဲ့အခါကျတော့ ကျနော်တို့က မထွက်ဘူး။ မဖယ်ပေးတော့ သူတို့ရဲ့ ဦးပိုင် မြေပါဆိုပြီး ရပ်ကွက်ထဲမှာ ဆိုင်းဘုတ်ကြီးတွေ လိုက်ထူထားတယ်။ မွေးမြူရေးပိုင်မြေ ဆိုင်းဘုတ်တွေ ထူထားတယ်။ သူတို့ဘက်က တရားစွဲမလား။ စွဲ ကျနော်တို့ လက်ခံတယ်။ နောက်တော့ ဆိုင်းဘုတ်တွေ ဖြုတ်သွားတယ်။ ဦးပိုင်က ဒီ ၂၀၀၉ ခုနှစ် ၅ လပိုင်းက သိမ်းပြီး စည်းခတ်သွားတယ်။ ဒီနှစ်ပါနဲ့ဆို ၅ နှစ်လောက်ရှိပြီပေါ့။"

"အခုတခါ ဒီကော်ပိုရေးရှင်းက သူတို့ လုပ်မရတော့တခါ ကျနော်တို့ကို ဦးပိုင်နဲ့တခါ လှည့်တိုက်ပြီးတော့ ဦးပိုင်ကနေ တခါ ဆိုင်းဘုတ်တွေ လာစိုက်တယ်။ ဒါပေမဲ့ ကျနော်တို့သိချင်တဲ့ အချက်တစ်ခုပေါ့လေ ဒါ လူကြီးမင်းတွေကို တင်ပြတာပါ။ အဲ့ဒီအချိန်ကတည်းက နေပြီးတော့ ဦးပိုင်မြေပါဆိုပြီး ဒီပိုက်လုံးအထိ ရောက်တယ်ဆိုရင် ဒီပိုက်လုံးအထိ ကာထားလိုက်။ ကျနော်တို့ ဘာမှမပြောဘူး၊ အဲဒီတော့ ကျနော်တို့ ဒီမှာနေခဲ့တာ နှစ် ၂၀ နီးပါးရှိပြီ။ ကျနော်ဆို ၂၀ ကျော်ပြီပေါ့၊ အဲဒီချိန်မှာ ဘယ်သူကမှ သူတို့မြေပါဆိုပြီး တဦးတယောက်မှ လာကာတာမျိုး မရှိဘူး။ အဲ့ဒီအချိန်မှာ ကျနော်တို့ ဒီတောတွေ၊ ခြုံတွေ၊ ချိုင့်ဝှမ်းတွေ၊ ဖြည့်စွမ်းပြီးတော့ ခုတ်ထွင်ရှင်းလင်းပြီးတော့ လုပ်စားကြတယ် မိသားစုတွေ။”

ဒေသခံတွေဘက်က အခုလို ပိုင်ဆိုင်တယ်လို့ ယုံကြည်နေပေမဲ့ မင်္ဂလာဒုံမြို့နယ် အုပ်ချုပ်ရေးမှူးကတော့ သူတို့ဟာ ကျူးကျော်နေထိုင်သူတွေလို့ ဆိုပါတယ်။

“အဲဒါ ဟိုဟာနဲ့တူတယ်။ အဲဒါမွေးမြူရေးနဲ့ ရေလုပ်ငန်း ခြံထဲရှိတဲ့ ကျူးကျော်တွေ၊ ကျူးကျော်တွေက မွေးမြူရေးနဲ့ ရေလုပ်ငန်းက ဖယ်ရှားပေးဖို့ သူတို့နယ်မြေ ပိုင်ဆိုင်တယ်ဆိုပြီး ပြောတာပေါ့၊ ပြောတော့ ကျနော်တို့ လုပ်ထုံးလုပ်နည်းအရ ကျူးကျော်ဆိုရင် ဖယ်ရှားပေးဖို့ပါပဲ”

အလားတူပဲ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ်မှာလည်း ကျူးကျော်တွေက ပလပ်မြေတွေအပေါ် ဝင်ရောက်ပြီး အဆောက်အဦး ဆောက်လုပ်နေတာကြောင့် ကန့်ကွက်ပြောဆိုမှုတွေ ရှိနေပါတယ်။
XS
SM
MD
LG