သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒါရိုက်တာ မင်းထင်ကိုကိုကြီး ၅၀၅(က)နဲ့ တရားစွဲခံရ


ရုပ်ရှင်ဒါရိုက်တာ ဦးမင်းထင်ကိုကိုကြီး

လူမှုကွန်ရက်စာမျက်နှာမှာ တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာ ကျဆင်းအောင် လုပ်ဆောင် တယ်ဆိုပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်က ၆၆ (ဃ) နဲ့အမှုဖွင့်ခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (က) နဲ့ တရားရုံးမှာ ဦးတိုက်လျှောက်ထားခံရပါတယ်။ ဒီလိုတရားစွဲဆိုတာ တွေဟာ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး လွတ်လပ်စွာ ထုတ်ဖော်ပြောဆို ခွင့်အပေါ်ထားတဲ့ သဘောထားဟာ မပြောင်းလဲဘူးဆို တဲ့ အမြင်တွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်းသတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

တပ်မတော်နဲ့ ကာကွယ်ရေးဦးစီးချုပ်ကို ဂုဏ်သိက္ခာကျဆင်းအောင် လုပ်ဆောင် တယ်ဆိုပြီး ရန်ကုန်တိုင်း စစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီး လင်းထွန်းက တရားလို လုပ်ပြီး မတ်လ ၂၉ ရက်နေ့က အင်းစိန်မြို့မ ရဲစခန်းမှာ အမှုဖွင့်ထားခဲ့ပါတယ်။

ဧပြီ ၂ ရက်နေ့မှာ မင်းထင်ကိုကိုကြီးဟာ ရဲစခန်းမှာ သွားရောက်အစစ်ဆေးခံပြီး ရဲစခန်းက အာမခံနဲ့ ပြန်လည် လွှတ်ပေးခဲ့ပါတယ်။ ဒီနေ့မှာတော့ ရန်ကုန်တိုင်း စစ်ဌာနချုပ်ကပဲ ပုဒ်မ ၅၀၅(က) နဲ့ တရားရုံး ဦးတိုက် လျှောက်ထားတယ်ဆိုတာကို ရဲစခန်းဘက်က အကြောင်းကြားလာပါတယ်။

ဒါနဲ့ပတ်သက်လို့ ဒါရိုက်တာမင်းထင်ကိုကိုကြီးက ဗွီအိုအေကို အခုလိုပဲပြောပါတယ်။

"ကျွန်တော့်ကို ၆၆(ဃ)နဲ့ ရဲစခန်းမှာ အမှုဖွင့်ဖို့ တိုင်ကြားထားတယ်ပေါ့နော်။ အဲ့ဒါကို သတင်းတွေပျံ့နေလို့ ကျွန်တော်ကိုယ်တိုင် ရဲစခန်းသွားပြီးတော့ မေးလိုက်တော့ ရဲစခန်းက ကျွန်တော့်ကို အတည်ပြုတယ်ပေါ့လေ။ အဲ့ဒါနဲ့ကျွန်တော်မနေ့က ရဲစခန်းမှာ သွားပြီးတော့ စစ်ဆေးခံတယ်ပေါ့။ ၆၆(ဃ) ဘာလဲဆိုတော့ တပ်မတော်ကို ကျွန်တော်က တပ်မတော်ရဲ့ ဂုဏ်သိက္ခာ ကျဆင်းအောင် ဒီလူမှုကွန်ယက်ပေါ့လေ အဲ့ဒီ့ဟာကို အသုံးပြုပြီးတော့ ပြုမှု ဆောင်ရွက်တယ် ရေးသားတယ်ပေါ့လေ။ အဲ့ဒီစွပ်စွဲချက်နဲ့ အမှုဖွင့် ဖို့ ကြိုးစားတာ။ အဲ့ဒါကို မနေ့က ရဲစခန်းကို သွားတယ် စစ်ဆေးခံတယ်ပေါ့နော်။ ကျွန်တော့်ကို အာမခံပေးတယ်။ ပြီးတော့ ဒီနေ့ အခုလေးတင်ပဲပေါ့နော်။ ရဲစခန်းက ကျွန်တော့်ဆီကို ဖုန်းဆက်တယ်။ ဘာလည်းဆိုတော့ တပ်မတော်က တရားရုံးမှာလည်း ၅၀၅(က) နဲ့ ကျွန်တော့်ကို အမှုဖွင့်ဖို့ ဦးတိုက်လျှောက်ထားတယ်တဲ့ ရဲစခန်းကလည်း သူတို့လည်း ဒီနေ့မှသိတာတဲ့။ ကျွန်တော့်ဆီကို ဖုန်းဆက်ပြီးတော့ အဲ့ဒီကိစ္စအတွက် ၅၀၅(က)ဆိုတော့ ဖမ်းဝရမ်းလိုလာတာပေါ့။ အဲ့ဒီဟာ အတွက်ဖုန်းဆက်တယ်။ အဲ့ဒီဟာအတွက် ဆက်လက် ဆောင်ရွက်ရဖို့ရှိတယ်။ အဲ့ဒါကျွန်တော် အခုလေးတင်ပဲ သိရတာ။"

လှုမှုကွန်ရက်တွေပေါ်မှာ ရေးသားချက်တွေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ၆၆ (ဃ) နဲ့ တရားစွဲဆိုတဲ့ အမှုပေါင်း ၉ မှု တပ်မတော်ကိုယ်စား ကြားလူက စွဲဆိုတဲ့ အမှုပေါင်း ၅ မှုရှိတယ်လို့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့် အဖွဲ့တွေရဲ့ စာရင်းဇယားတွေမှာ ဖော်ပြထားပါတယ်။

ဒီလိုတရားစွဲဆိုတာတွေဟာ တပ်မတော်အနေနဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအပေါ် ထားရှိတဲ့သဘောထားက မပြောင်းလဲဘူးလို့ သုံးသပ်တာက လွတ်လပ်စွာ ထုတ်ဖော်ပြောဆို လုပ်ရှားမှု အသံအဖွဲ့က ကိုဆောင်းခပါ။

"တပ်မတော်က ၆၆(ဃ) တင်မဟုတ်ဘဲ ဒီကိုမင်းထင်ကိုကိုကြီးအမှုမှာဆိုရင် နောက်ထပ် ၅၀၅(က) လိုဟာမျိုး တပ်ပြီးတော့ စွဲတယ်ပေါ့။ ၅၀၅(က)ဆိုတာကတော့ တပ်မတော်ကို အသရေပျက်အောင်ပြောဆိုတာ တပ်မတော်ရဲ့ အရာရှိတဦးဦးကို ဝေဖန်တာ ဒါတွေနဲ့ပတ်သက်ပြီးတော့ တရားစွဲဆိုလို့ရတဲ့ အမှုပေါ့နော်။ ဒီဟာတွေကို ကြည့်ချင်းအားဖြင့် တပ်မတော်ဟာ သူတို့ကို ဝေဖန်နေတဲ့ဟာတွေအပေါ်မှာ ယနေ့အချိန်ထိတိုင် လုံးဝ အထိမခံ ဖြစ်နေဆဲပဲလို့ မြင်တယ်။ နောက်တခုက ကျွန်တော်တို့ စိုးရိမ်တာက အဲ့ဒါတင်မဟုတ်ဘဲနဲ့ တပ်မတော်အနေနဲ့ လူထုတခု တရပ်လုံးအပေါ်မှာ အထူးသဖြင့် သူတို့နဲ့ပတ်သက်ပြီး အတိုက်အခံပြောလေ့ရှိတဲ့ လူတွေအပေါ်မှာ အချိန်ပြည့် စောင့်ကြည့်တဲ့ ပုံစံမျိုးတောင် ရှိနေမယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဘာလို့လည်း ဆိုတော့ တခုခု သာမန်ရေးသားမှုကအစ ချက်ချင်းတရားကောက်စွဲတာတို့တွေ့ရတယ်။ ဟိုတလောကလည်း မန္တလေးက ဆရာတော်တပါးကို တပ်မတော်ကပဲ တရားစွဲတာကို တွေ့တယ်ပေါ့နော်။ ဆိုတော့ နောက်ပိုင်းမှာ တပ်မတော်နဲ့ ပတ်သက်ပြီး ပြောဆိုမှုတွေအပေါ်မှာ တရားစွဲတာ ပိုပိုပြီး စိပ်လာတယ်လို့ ကျွန်တော်တို့မြင်မိတယ်။ အခုဒီလိုလုပ်နေခြင်းအားဖြင့် ကျွန်တော် ထင်တယ် တပ်မတော်ရဲ့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး နောက်ပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ်မှာ ထားတဲ့ သဘောထားက ယနေ့အချိန် ထိတိုင် လုံးဝ မပြောင်းလဲဘူးလို့ ကျွန်တော်တို့က မြင်တယ်။"

တနိုင်ငံလုံးမှာ ၆၆(ဃ)နဲ့ တရားစွဲဆိုခံထားရသူ ၂၀၁၉ ခုနှစ် ဧပြီ ၃ ရက်နေ့အထိ ၁၈၅ မှုရှိပါတယ်။ အရင်အစိုးရ ဟောင်းလက်ထက်မှာ စွဲဆိုတဲ့အမှု ၁၁ မှုရှိပြီး လက်ရှိ အစိုးရလက်ထက်မှာတော့ ၁၇၄ မှုရှိ လာတဲ့ အတွက် အရပ်သား အစိုးရလက်ထက်မှာ ဆက်သွယ်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုတာ များပြား လာတာကို တွေ့ရပါတယ်။ သတင်းမီဒီယာ သမားတွေအပေါ်မှာလည်း ၆၆(ဃ) နဲ့တရားစွဲဆိုမှု ၂၃ မှုရှိပြီး တရားရင်ဆိုင်နေရတဲ့ သတင်းသမား ၃၁ ဦးအထိ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG