သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်အရေး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံး ICC ရဲ့ စုံစမ်းရေးကြိုးပမ်းမှု မြန်မာအစိုးရ ကန့်ကွက်


နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက် ( ဧပြီ ၁၃-၂၀၁၈)
နိုင်ငံတော်အတိုင်ပင်ခံရုံး ထုတ်ပြန်ချက် ( ဧပြီ ၁၃-၂၀၁၈)

ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ဒုက္ခသည်တွေ သိန်းနဲ့ချီ ထွက်ပြေးခဲ့ရတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးခွင့်ရရေး အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး (ICC) ရဲ့ ကြိုးပမ်းမှုအပေါ် မြန်မာအစိုးရက ကန့်ကွက်လိုက်ပါတယ်။ ICC ရှေ့နေချုပ်ရဲ့ ကြိုးပမ်းမှုအပေါ် အလွန်အမင်း စိုးရိမ်မကင်း ဖြစ်ရသလို၊ ကြီးမားတဲ့ အကျိုးဆက်တွေ ပေါ်ပေါက်လာနိုင်ကြောင်းလည်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ရုံးက ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြခဲ့တာပါ။

ICC အနေနဲ့ ဆုံးဖြတ်ချက်တွေကို လက်ခံဖို့ သဘောမတူတဲ့ နိုင်ငံတနိုင်ငံ အပေါ် စီရင်ပိုင်ခွင့်မရှိသလို၊ နိုင်ငံတကာ စာချုပ်စာတမ်းတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂရဲ့ ပဋိဉာဏ်အရ သဘောတူစာချုပ်ကို အတည်ပြုလက်ခံ မထားတဲ့ တိုင်းပြည်တခုအပေါ် အရေးယူပိုင်ခွင့် မရှိကြောင်းလည်း ထောက်ပြထားပါတယ်။ ICC ရှေ့နေချုပ် Fatou Bensouda ကတော့ ရိုဟင်ဂျာတွေ အလုံးအရင်းနဲ့ ထွက်ပြေးလာတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့အတွက် စီရင်ပိုင်ခွင့်ရှိတာကြောင့် စုံစမ်းစစ်ဆေးခွင့်ရဖို့ တနင်္လာနေ့မှာပဲ လျှောက်ထားခဲ့တာပါ။ ICC ကို ဖွဲ့စည်းပေးခဲ့တဲ့ Rome Statue ရဲ့ ဥပဒေတွေအရ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေအပေါ် ကျုးလွန်ခဲ့တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းစစ်ဆေးပိုင်ခွင့်ရှိကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

မြန်မာအစိုးရကတော့ နိုင်ငံတကာက စွပ်စွဲနေသလို အတင်းအကျပ် မောင်းထုတ်တာမျိုးတွေ မရှိခဲ့ကြောင်း ထပ်မံပြောဆိုခဲ့သလို၊ နေရပ်စွန့်ခွာ သွားသူတွေကိုလည်း ပြန်လည်လက်ခံနိုင်ရေး ကြိုးပမ်းနေတဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေး မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး ဒီသီတင်းပတ်ထဲ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တာကိုလည်း ကြေညာချက်မှာ ကိုးကားဖော်ပြထားပါတယ်။ ကုလသမဂ္ဂကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ နေရပ်ပြန်ရေး မြန်မာနိုင်ငံဘက်က အဆင်သင့်မဖြစ်သေးဘူးလို့လည်း ပြောဆိုနေပါတယ်။

XS
SM
MD
LG