သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Navalny ရဲ့ အလောင်းမိသားစု ပြန်မရသေး


Alexei Navalny သေဆုံးမှုအပေါ် မော်စကိုမြို့တော်မှာ ဝမ်းနည်းကြောင်း ပြသသူတချို့
Alexei Navalny သေဆုံးမှုအပေါ် မော်စကိုမြို့တော်မှာ ဝမ်းနည်းကြောင်း ပြသသူတချို့

ကွယ်လွန်သူ ရုရှားအတိုက်အခံ ခေါင်းဆောင် Alexei Navalny ရဲ့ ရုပ်အလောင်းဟာ ထောင်အာဏာပိုင်တွေက ရှိနေတယ်လို့ပြောတဲ့ ရင်ခွဲရုံမှာ ရှိမနေဘူးလို့ သူ့ရှေ့နေက ပြောကြားလိုက်ပါတယ်။ Navalny ရဲ့ ရှေ့နေနဲ့ မိခင်ဖြစ်သူ Lyudmila တို့ဟာ သူသေဆုံးခဲ့တဲ့ အကျဉ်းထောင်ရှိရာအရပ်က ဒေသခံရင်ခွဲရုံကို ဒီနေ့ရောက်သွားပေမဲ့ သူ့အလောင်း အဲဒီမှာ မရှိဘူးလို့ အာဏာပိုင်တွေက ပြောကြောင်း လူမှုကွန်ရက်ပေါ်မှာ ရေးတင်ခဲ့ကြတာပါ။ Navalny အလောင်းကို မိသားစုကို ချက်ချင်းပြန်ပေးဖို့ သူ့ကိုထောက်ခံသူတွေက တောင်းဆိုနေကြပါတယ်။

သမ္မတ Vladimir Putin ကြောင့် Alexei Navalny သေဆုံးရတာဖြစ်တယ်လို့ အမေရိကန်သမ္မတ Joe Biden ကပြောကြားခဲ့ပါတယ်။ သူသေဆုံးရခြင်း အကြောင်းရင်းကိုသိနိုင်ဖို့ စုံစမ်း စစ်ဆေးမှုတွေလုပ်နေတယ်လို့ ရုရှားအစိုးရက ပြောပေမယ့် သမ္မတ Vladimir Putin ကတော့ အခုချိန်ထိ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာ မရှိသေးပါဘူး။

Navalny ရုတ်တရက် သေဆုံးသွားတဲ့သတင်းထွက်ပေါ်လာပြီးနောက် မော်စကိုမြို့တော်ထဲက နိုင်ငံရေးအရဖိနှိပ်ခံရသူတွေအတွက် ဆိုဗိယက်ခေတ်ကလုပ်ထားတဲ့ အထိမ်းအမှတ်နေရာမှာ ပန်းစည်းတွေ ဖယောင်းတိုင်တွေ လာရောက်ထွန်းညှိသူတွေရှိသလို ဘယ်တော့မှ မမေ့ဘူး ခွင့်မလွှတ်ဘူးဆိုတဲ့ ဆိုင်းပုဒ်တွေလာထားပြီး ဝမ်းနည်းကြောင်းပြခဲ့ကြပါတယ်။

အဲဒီသူတချို့ကို ရုရှားလုံခြုံရေးတပ်ဖွဲ့တွေက ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ ရာနဲ့ချီတဲ့အရေအတွက် ဖမ်းဆီးခံရပြီး တချို့ နောက်ပိုင်းမှာ ပြန်လွတ်လာတယ်ဆိုတဲ့ သတင်းတွေ ထွက်နေပေမယ့် ဘယ်နှစ်ယောက် ဖမ်းခံရတယ်ဆိုတာတော့ အတိအကျ မသိရသေးပါဘူး။ ဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာ ကျင်းပနေတဲ့ လုံခြုံရေးညီလာခံပြင်ပမှာ ကျင်းပတဲ့ G-7 စက်မှုထိပ်သီး ၇ နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ စည်းဝေးပွဲ မစခင်မှာလည်း Navalny သေဆုံးသွားတဲ့အတွက် ဝမ်းနည်းတဲ့အထိမ်းအမှတ်အဖြစ်နဲ့ တမိနစ် ငြိမ်သက် ဝမ်နည်းကြောင်း ပြသခဲ့ကြပါတယ်။

XS
SM
MD
LG